အသားကြီးဆယ်မျိုး

အကပ္ပိယမံသ (ရဟန်းတော်များ မသုံးဆောင်ကောင်းသောအသား)

ဝိနည်း မဟာဝါ၊ ပါဠိတော်၊ စာမျက်နှာ - ၃၁ဝ။ အဋ္ဌကထာ၊ စာမျက်နှာ - ၃၇၆။ ရဟန်းတော်များ မစားရသော အသားကြီး၁ဝ-ပါးဟူလို။

ဆောင်ပုဒ်

ပြင်ဆင်ရန်
  • လူ, ခွေး, မြင်း, ဆင်၊ သစ်, ကျား, ခြင်၊ ဝံ လျှင်, အောင်း, မြွေမျိုး။
  • ရိုး, ရေ, သား, သွေး၊ အမွေးတို့ပါ၊ မသုံးရာ၊ ဆယ်ဖြာ အသားမျိုး။[]

အသားကြီး ၁၀-ပါး

ပြင်ဆင်ရန်

၁။ လူသား၊ ၂။ ခွေးသား၊ ၃။ မြင်းသား၊ ၄။ ဆင်သား၊ ၅။ ကျားသစ်သား၊ ၆။ ကျားသား၊ ၇။ ခြင်္သေ့သား၊ ၈။ ဝံသား၊ ၉။ အောင်းသား၊ ၁၀။ မြွေသား၊ ဤသည်တို့ကား မစားအပ်သော အကပ္ပိယ အသားကြီး ၁၀-ပါးတည်း။[]

အဓိပ္ပာယ်

ပြင်ဆင်ရန်

ထိုသတ္တဝါတို့၏ အရိုး, အရေ, အသား, အသွေး, အမွေး တို့သည်လည်း ရဟန်းတို့အား သုံးဆောင်ခြင်းငှာ မအပ်ကုန်။ [နွားရေကိုလည်း သားရေနွယ်အဖြစ်ဖြင့် မသုံးဆောင်အပ်၊ သုံးဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု သီးခြား ပညတ်တော်မူသည်။]

အရေ၌ မအပ် —ဟူရာ၌ ပုဂ္ဂလိကအဖြစ်ဖြင့် သွားလေရာရာ ၎င်းသားရေ အခင်းတို့ကို ယူ၍ မသုံးစွဲကောင်းဟု ဆိုလိုသည်။ ကျောင်းအသုံးအဆောင် အဖြစ်ဖြင့်ကား သားရေအားလုံး သုံးဆောင်ကောင်းသည်ဟု ဒုတိယသေနာသန သိက္ခာပုဒ်အဖွင့်၌ “စမ္မခဏ္ဍ”ဟူသော ပါဠိစကားနှင့် စပ်၍ ပါတိမောက်ဘာသာ ဋီကာဆရာ ဆို၏၊

သိသည်ဖြစ်စေ, မသိသည်ဖြစ်စေ လူသားကို စားမိလျှင် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ အကြွင်း ၉-ပါးတို့၏ အသားကို စားမိလျှင် ဒုက္ကဋ် အာပတ် သင့်၏၊

နို့ရည်, ဆီဦး, ထောပတ်, ဝသာတေလ ခေါ်သော သားဆီ တို့ကိုမူကား လူကို ကြဉ်၍ အကြွင်း ၉-ပါးတို့မှာ သုံးဆောင်ခြင်းငှာ အပ်ကုန်၏၊[]

အထူးမေတ္တာရပ်ခံခြင်း

ပြင်ဆင်ရန်

အထက်၌ ပြဆိုခဲ့သော အသားကြီး ၁၀-ပါး တို့တွင် ခွေးသားကို လူဝတ်ကြောင်တို့လည်း မစားသင့်ပေ။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာတစ်ဝန်းလုံးက အသားမျိုးစုံတို့တွင် ခွေးသားကို အယုတ်ညံ့ဆုံး အသားမျိုးဟု မှတ်ယူထားသောကြောင့်တည်း။ အထူးသဖြင့် ဗုဒ္ဓဘာသာလူမျိုး မှန်သမျှသည် ဤအသားကို အလျှင်းမစားသင့်ပေ။ [ရှောင်ကြဉ်တော်မူကြပါ ကုန်။ အထူးမေတ္တာရပ်ခံပါ၏၊][]

ဆင်ခြင်ပါ

ပြင်ဆင်ရန်

ဆွမ်းစားသောအခါ ဆွမ်းပွဲတွင် အသားဟင်းများ ပါရှိခဲ့သော် ဘာသားပဲဟူ၍ အတပ်သိရန် ဆင်ခြင်မှုကို အမြဲသတိရှိစေရမည်။ဆင်ခြင်မဲ့၍ အမှတ်တမဲ့ စားမိခဲ့လျှင် ကပ္ပိယအသားပင် ဖြစ်သော်လည်း ဝတ် ပျက်မှုအတွက် ဒုက္ကဋ်အာပတ် သင့်၏၊ [] ဤ အသားသည် အပဋိဝေက္ခိတအသား မည်၏၊ မစားအပ်သော အသား ၁၁-ပါး ဖြစ်၏၊[]

အစွန်းသုံးပါး

ပြင်ဆင်ရန်

သီတင်းသုံးဖော်ငါးယောက်တို့တွင် တစ်ယောက်ယောက် ကို ရည်၍ ကျွေးမွေးလှူဒါန်းရန် သတ်အပ်သည်မှန်က ထိုအသားကို သီတင်းသုံး ဖော်ငါးဦးလုံး မစားအပ်ပြီ။

သီတင်းသုံးဖော် တစ်ယောက်ယောက်ဖို့ သတ်သည်ဟု မြင်၍ သိခြင်း၊ ကြား၍ သိခြင်း၊ ယုံမှားသင်္ကာမကင်း ရှိခြင်း၊ ဤကား အစွန်းသုံးပါးတည်း။ ထိုအစွန်းသုံးပါးတွင် တစ်ပါးပါးရှိခဲ့သော် ထိုအသားကို မစားအပ်။ အစွန်းသုံးပါး ကင်းရှင်းမှ စားအပ်သည်။ ဤအာပတ်ကား သစိတ္တကအာပတ်တည်း။[]

ဆက်စပ်ဖတ်ရှုရန်

အကပ္ပိယ အသားမျိုး

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ဦးဩဘာသ။ ဝိနည်းဥပဒေတော်ကြီး
  3. န ဘိက္ခဝေ အပဋိဝေက္ခိတွာ မံသံ ပရိဘုဉ္ဇိတဗ္ဗံ၊ ယော ပရိဘုဉ္ဇေယျ အာပတ္တိ ဒုက္ကဋဿ —ဟု ပါဠိတော်၌ လာ၏၊ [ရဟန်းတို့ ...မဆင်ခြင်မူ၍ အသားကို မစားအပ်၊ အကြင်ရဟန်းသည် စားငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊၊]