‘မျှင်ငါးပိ’

  တော်သလင်းလဆန်းသည်နှင့် မျှင်(ခေါ်)ဂွေးကောင်ငယ်ကလေးများ ငပလီကမ်းခြေတလျှောက်သို့ ဝင်‌ ရောက် ကျက်စားလေ့ရှိသည်။ ထိုမျှင်ကောင်ငယ်ကလေးများမှာ အုပ်စုဖွဲ့နေထိုင်တတ်ပြီး  ‌ပင်လယ်ရေ ပြင်အထက်၌ ပေါလောမြောပါနေတတ်သလို ရေအောက်ငုပ်လျှိုးလျှက် သွားလာကြလေ့ ရှိသည်။

ကမ်းခြေကမ်းစပ်သို့ ဝင်ရောက်လာသည့် မျှင်များအား ယခင်အချိန်က ကမ်းဆွဲပိုက်များ အသုံးပြု၍ ဖမ်း ဆီးကြသည်။ ထို့နောက် ပိုက်ကွန်များ အသုံးပြုလျှက် ရေနက်ပိုင်းထိ သွားရောက်ကာ မျှင်ခဲများကို ရှာဖွေ ဖမ်းဆီးကြပြန်သည်။ ထိုမှတဖန် ရေအောက်၌ နစ်မြုပ်သွားလာနေသည်များကို ရေငုပ်မျက်မှန်များ အသုံး ပြု ရှာဖွေလာကြသည်။

  ကမ်းဆွဲပိုက်ဖြင့် ရှာဖွေဖမ်းဆီးရာတွင် လူဦးရေ ဆယ့်တစ်ယောက် ဆယ့်နှစ်ယောက် အသုံးပြုရသည်။ ပိုက်ကွန်အသုံးပြုသူများအဖို့ နှစ်ယောက်သုံးယောက်ဆိုလျှင် အလုပ်ဖြစ်ကြ၏။ ခေတ်ကာလ ပြောင်းလာ သည်နှင့်အမျှ ရှာဖွေဖမ်းဆီးသည့် နည်းစနစ်များ ပြောင်းလဲလာခဲ့သည်။

ကမ်းဆွဲပိုက်နေရာတွင် မျှင်ကျော့ပိုက်များ အစားထိုးဝင်ရောက်လာသည်။ ဇာခြင်ထောင်ပိုက်(သို့) တမတ် ကွင်းဖေါ့ပိုက်များကို ကျော့ပိုက်လိုဆင်ပြီး ညဘက် မီးထွန်းလျှက် မျှင်ကောင်ငယ်လေးများကို ကျော့ပြီး ယူကြ၏။ လူဦးရေ ဆယ့်ငါးယောက်၊ ဆယ့်ရှစ်ယောက်မှသည် လူနှစ်ဆယ်အထိ လိုက်ပါပြီး တစ်မီးထွန်း၊ နှစ်မီးထွန်း အလျင်းသင့်သလို ပြုလုပ်ဖမ်းဆီးကြသည်။

ရရှိလာသည့် မျှင်ကောင်ငယ်ကလေးများအား နှစ်နာရီခန့် နေလှမ်းရသည်။ ငါးနှင့်အမှိုက်များ ရောနှော ပါဝင်ပါက သန့်စင်ဖယ်ထုတ်ရန် လိုအပ်သည်။ ငါးပိထောင်းရာတွင် ငါးအငယ်လေးများ ပါဝင်သွားပါက ခါးသက်သက် ဖြစ်တတ်၏။ သန့်စင်ပြီး မျှင်များအား ကြိတ်စက် အသုံးပြု၍ သော်လည်းကောင်း၊ ‌ခြေနင်း မောင်း(သို့) လက်ထောင်းဆုံ အသုံးပြု၍သော်လည်းကောင်း ငါးပိအဖြစ် အသွင်ပြောင်းယူရသည်။

ကြိတ်စက်နှင့်ကြိတ်ပါက ကြေညက်မှုမရှိ၊ အဖတ်ပါသဖြင့် ခြေနင်းမောင်းကိုသာ အသုံးပြုသူ များ၏။ ခြေနင်းမောင်း အရွယ်အစားကို မူတည်ပြီး တစ်ဆုံတွင် ငါးပိဿာမှ ခုနစ်ပိဿာအထိ ဝင်ဆန့် အောင်ထည့် ၍ ထောင်းကြရသည်။ ထိုသို့ ထောင်းရာတွင် မောင်းနင်းသူ နှစ်ယောက်(သို့)သုံးယောက် ရှိတတ်ပြီး မျှင်ကောင်ငယ်ကလေးများ ကြေညက်အောင် ဟိုဘက်၊ သည်ဘက် လှည့်ပြန်ပေးရသော လူတစ်ယောက် ထားရှိရန် လိုအပ်သည်။ သူက ကြေညက်မှုရှိမရှိ အဆုံးအဖြတ် ပေးရသည်။ နာရီဝက် လေးဆယ့်ငါးမိ နစ်ခန့် ထောင်းပြီးပါက တစ်ထပ်(တစ်ကြိမ်) ထောင်းငါးပိ ရရှိလာသည်။ ကြော် လှော် ချက်ပြုတ်ရာတွင် အသုံးပြုနိုင်ပေပြီ။

ရောင်းတန်းဝင် ငါးပိဖြစ်ရန်အတွက်မူ တစ်ထပ်ထောင်းများအား နေပြန်လှန်းပြီး နောက်တစ်ကြိမ် ထောင်း ရသည်။ နှစ်ကြိမ်‌ ထောင်းပြီးသည်နှင့် မျှင်ဖတ်များ ကင်းစင်ကာ ရေတွင် လွယ်လင့်တကူ ပျော်ဝင် နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။ မျှင်ငါးပိ စစ်စစ်ကိုမှ စားသုံးချင်သူများအနေဖြင့်မူ နောက် တစ်ကြိမ် နေလှမ်းပြီး ထောင်းရန်လိုအပ်သည်။ ထိုသို့ ပြုလုပ်နိုင်ပါက တစ်နှစ်၊ နှစ်နှစ်သိုလှောင်သိမ်း ဆည်းထား သည့်တိုင် အရောင်အနည်းငယ် ညိုသွားသည်မှအပ မူလအရသာမပျက် စားသုံးနိုင်ပါသည်။

ဂျိတ္တောရွာမှ ထွက်ရှိသော မျှင်ငါးပိများတွင် ဆိုးဆေးလို ဓာတုဆေးဝါးကင်းစင်ခြင်း၊ နဂို မျှင်ကောင်ငယ် ကလေးများ၏ ပန်းသွေးရောင်ဖျော့ဖျော့ ရှိတတ်ခြင်း၊ ကျောက် သဲ အမှိုက် ငါး ကင်းစင်ပြီး မျှင်၏ ထူးကဲ သော အရသာကို အပြည့်အဝ ခံစားနိုင်ခြင်း၊ ခါးသက်မှု မရှိခြင်း၊ ရနံ့မွှေးခြင်း၊ ငါးပိကြော်လို သီးခြားဟင်း လျာတစ်ခွက် ဖန်တီးစားသောက်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။



အရောင်မဲ့အရိပ်

    စက်မြည်သံကို သဘောမကျချင်။ ပိုင်ရှင်ကတော့ ပြောလိုက်သား၊ မောင်းထားတာ နှစ်လ ကျော် ရှိနေပြီ၊ အင်္ဂျင်ပြန်ကိုင်ဖို့ လိုအပ်နေပြီဟု။ သို့သော် မတတ်နိုင်၊ အားလပ်တုန်း ယူထား ပါမှ၊ ကိုယ်မယူဖြစ်လို့ အခြားတစ်ယောက် ယူသွားရင် အခက်တွေ့မည်။ ဒါတောင် ပိုင်ရှင်နှင့် ရင်းနှီးလို့ စပေါ်ပေးစရာ မလို။ စပေါ် သုံးသောင်းဆိုသည်မှာ နည်းသည့် ငွေကြေးမဟုတ်။ ကိုယ့်မှာက အဲဒီလောက်အထိ ငွေကြေးမတတ်န်ုင်။ အကြီးကောင် ကျောင်းစရိတ်၊ အလတ်မ ကျောင်းစရိတ်ကလည်း တစ်ရက်တစ်ရက် ပူရသေးသည်။ ကိုယ့်တုန်းက ပညာမတတ်ခဲ့သဖြင့် ဘဝကို ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းနေရသည်။ သူတို့ကိုတော့ မိမိလို မဖြစ်စေချင်။ စာတတ် ပေတတ်နှင့် ဌာနတစ်ခုမှာဝင်ပြီး ဘဝကို တည်ငြိမ်စွာ ဖြတ်သန်းစေချင်သည်။ ထို့ကြောင့် လည်း သူတို့မောင်နှမအား မြို့ပေါ်ကျောင်း၌ တက်ရောက်စေခဲ့သည်။ ပညာရေး ကံမပါလို့ ပေပဲလား၊ ကျူရှင်နှင့် အထူးထုတ်စာအုပ်မျိုးလို အထောက်အပံ့မျိုး မပေးနိုင်လို့လေလား မပြောတတ်။ အကြီးကောင်က ဆယ်တန်းနှစ်ကျ ဖြစ်ခဲ့ပြီး အလတ်မက ကိုးတန်းကို လိန်ဖယ် လိန်ဖယ်နှင့် ရောက်လာခဲ့သည်။ အငယ်ကောင်မှာ ရွာရှိ မူလတန်းကျောင်းတွင် သုံးတန်း တက် နေသည်။ သူတို့သုံးယောက်၏ ကျောင်းစရိတ်က တစ်ရက်ကို ရှစ်ရာ၊ တစ်ထောင်ခန့် ရှိသည်။

    အိမ်ရှင်မက ဈေးတွင် အသီးအရွက်ရောင်းပြီး ကျောင်းစရိတ် ဖြည့်ရသည်။ အရင်းအနှီး မ တတ်နိုင်၍ ဟင်းသီးဟင်းရွက် တနိုင်လောက်သာ ဝယ်၍ရောင်းနိုင်သည်။  ဒါတောင် ငါးထောင် မှ ရှစ်ထောင်အထိ အရင်းတည်ရ၏။ မိမိရသော ဝင်ငွေမှာ မိသားစု စားဝတ်နေရေးအတွက် ဖြည့်ရ၏။ အိမ်စရိတ်ကလည်း မသေးလှ။ တစ်ရက်ကို သုံးထောင့်ငါးရာ ပျော့ပျော့ကုန်သည်။ စက်လှေ အဆွဲကောင်းသောနေ့၌ ရှစ်ထောင်၊ တစ်သောင်းခန့် ရတတ်သည်။ အုံနာကြေး လေး ထောင်နှင့် စက်မောင်းဆီဖိုးနှုတ်ပြီး သုံး လေးထောင် ကျန်သည်။ ဆွဲမကောင်းသောနေ့၌ ငွေနှစ် ထောင် ရဖို့ပင် ခက်လှသည်။ စက်လှေက တဖြည်းဖြည်းများလာသဖြင့် နေ့တွက်ကိုက်အောင် မနည်းရုန်းရသည်။ မကိုက်သည့်ရက်က များနေသည်။

    ဆောက်လုပ်ရေး ဆိုဒ်တစ်ခုတွင်လုပ်သော ကိုဝင်းနိုင်က ခေါ်ခဲ့သား။ တိုက် အသေးတစ် ဆောင် ဆောက်လုပ်ရန် ရှိသည်၊ တစ်လကျော်ခန့် ကြာမြင့်မည်။ တစ်ရက်ကို လုပ်အားခ သုံး ထောင်ကျပ် ရရှိမည်ဟု။ မိမိက ပန်းရံမတတ်သဖြင့် သဲသယ် အုတ်ပြောင်းသာ လုပ်ရမည်ဟု ပြောသည်။ စက်လှေတစ်စီး ငှား၍ရသဖြင့် ပန်းရံအလုပ် မလုပ်ဖြစ်တော့။ သွားလာစရိတ် နှုတ်ပါက စက်လှေမောင်းသော အလုပ်လောက် ကိုက်လိုမတွေ့။ ထို့ကြောင့်လည်း စပေါ်ပေး ရန်မလိုသော အသိတစ်ယောက်၏ စက်လှေကို ယူမောင်းဖြစ်သည်။ အင်္ဂျင် မကိုင်ရသေးသော် လည်း နောက်မှရောက်ရား သဘောထားဖြစ်သည်။ စက်လှေက မိသားစုအရေးကို ဖြေရှင်းနိုင် သည်ဟု ယူဆသည်။

    ကိုဝင်းနိုင်မှာ ပန်းရံဆရာဖြစ်၍ တစ်ရက်ကို တစ်သောင်းကျော်ခန့် ရသည်ဟု ပြော၏။  သူ့ တွင် သားတစ်ယောက်သာ ရှိသည်။ မိန်းမကလည်း အိမ်ဆိုင် ဖွင့်ထားသဖြင့် မိသားစု ချောင် ချောင်လည်လည် ရှိသည်။ တီဗွီ၊ အောက်စက်၊ ရေခဲသေတ္တာနှင့် ငါးသိန်းတန် ဖုန်းတစ်လုံး ကိုပင် ဟန်ကျပန်ကျ ခါးတွင် ချိတ်ထားနိုင်သူ ဖြစ်၏။ အကြောင်းဆုံ၍ ဆိပ်ကမ်းက ဘုံဆိုင် တွင် ဝိုင်းဖွဲ့စားသောက်တိုင်း သူ သွားလာခဲ့ဖူးသော ကာရာအိုကေဆိုင်၊ ဘီယာဆိုင်တို့ အ ကြောင်းကို ဖေါက်သည်ချတတ်၏။ သူ၏ပြောစကားအား သောက်ဖေါ်စားဖက်တစ်စုက မ စားရဝခမန်း အရသာခံ နားထောင်လေ့ ရှိသည်။ စကားကို စီကာပတ်ကုန်း ပြောတတ်သဖြင့် အနီးအပါးရှိလူများပါ နားစွန့်နေလေ့ရှိသည်။ ကြံရည်ဖန်ရည်ရှိပြီး ပန်းရံခေါင်းဆောင်ဖြစ်၍ သုံးနိုင်စွဲနိုင်သည်။ မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း တတ်နိုင်သလောက် အကူအညီပေးသူ ဖြစ်၏။

    “မင်း မောင်းနေတာ ဘယ်လောက်ရှိပြီလဲ”

    စက်လှေအနီးသို့ ယှဉ်ပြီးရပ်လာသော ကိုဇော်ဝင်းအား လှည့်ကြည့်ပြီး….

    “ဆယ်ရက်လောက်တော့ ရှိပြီထင်တယ်၊ ငါ မတိုင်ခင် နှစ်လခွဲကျော်လောက် မောင်းထား တယ်လို့ မီးမီးက ပြောတယ်။ တခြားလူဆီ ပါသွားမှာစိုးလို့ အင်္ဂျင်ကိုင်တာကို မစောင့်ပဲ ယူလာ ခဲ့တာ”

    ကိုဇော်ဝင်းမှာ အသားဖြူဖြူ ထောင်ကောင်းကောင်းနှင့် တစ်ကိုယ်ရည်တစ်ကာယသမား လူပျိုကြီး ဖြစ်သည်။ ဒီ အသက်အရွယ်အထိ အိမ်ထောင်ပြုရန် စိတ်ကူးမရှိပဲ မိခင်အိုကြီးကို ရှာဖွေလုပ်ကျွေးနေသူ ဖြစ်၏။ မြစ်ထဲ၌သာ အချိန်ကုန်ရသူ ဖြစ်သဖြင့် နေလောင်ဒဏ်ကြောင့် အသားအရေမှာ နီစပ်စပ် ဖြစ်နေသည်။ အမြဲတမ်း ပြုံးနေတတ်ပြီး ရွှတ်နောက်နောက် ပြောဆို တတ်သူတစ်ဦးလည်း ဖြစ်သည်။ အိမ်ထောင်ပြုဖို့ ပြောတိုင်း ငါ့ဝမ်းကိုတောင် ဝလင်အောင် မ ကျွေးနိုင်သေးပဲ သူများသားသမီးကို မယူနိုင်ပါဘူးကွာဟု ပြောလေ့ရှိသည်။ ထို့ကြောင့်လည်း သားအမိ နှစ်ယောက်တည်းရှိသော သူ့မှာ အိမ်တာဝန်ကို လေးလေးပင်ပင် ထမ်းစရာမလို။ အေးအေးသက်သာနှင့် အပူအပင်ကင်းစွာ စက်လှေမောင်းလို့ ရနေသည်။ မိမိဘဝကိုကြည့်ပြီး ကိုယ့်အပူ ကိုယ်ရှာကြသူတွေဟု ပြောလေ့ရှိ၏။ အိမ်နီးချင်းဖြစ်၍ တစ်နေ့တစ်နေ့ ပွက်လော ရိုက်တတ်သော မိမိတို့ အိမ်ထောင်စုကို ကြည့်ပြီး သံဝေဂ ရသည်ထင့်၊ မိခင်ကြီးနှင့် အပေါင်း အသင်းများက အိမ်ထောင်ပြုဖို့ နားချတိုင်း ခေါင်းခါမြဲ ခါလေ့ရှိသည်။ စာဖတ်ဝါသနာပါပြီး အပေါင်းအသင်း မင်သည်။ သာရေးနာရေးရှိပါက အလုပ်ကိုထားပြီး ကောက်ခါငင်ကာ ထပြီး လိုက်လေ့ ရှိသည်။ ကိုဝင်းနိုင်နှင့် မိမိအား ညီအစ်ကိုသားချင်းလို ဆက်ဆံသည်။ မိမိတို့အ တွက် ဆိုပါက ဘယ်သောအခါမှ ငြင်းဆန်လေ့ မရှိ။ ထို့ကြောင့်လည်း မိမိမှာ အကြပ်အတည်း ကြုံတိုင်း သူ့ကိုသာ အားကိုးသမှု ပြုရလေ့ရှိသည်။

    “ဒီနေ့ ဘယ်နှစ်ကြောင်း ရလိုက်လဲ”

    “နှစ်ကြောင်းလောက်ပဲ ဆွဲလိုက်ရသေးတယ်။ စက်က ဗွေဖောက်လာလို့ တတ်သလောက် မှတ်သလောက် လုပ်ကြည့်နေတာ ကိုဇော်ဝင်းရေ။ ထူးမခြားပါဘူး။ အုံနာကြေးတောင် မရ သေးဘူး။ ဘယ်လို စခန်းသွားရမယ်မသိ ဖြစ်နေတယ်”

    “အုံနာကြေးအတွက် မီးမီးကို တောင်းပန်ထားလိုက်လေ၊ မင်းနဲ့ ရင်းနှီးနေတာပဲ၊ သူလည်း သဘောပေါက်မှာပါ။ အိမ်အတွက်က ငါ့ဆီက ယူသုံးပေါ့။ မဟုတ်ရင် မင်းမိန်းမက ပူညံပူညံ လုပ်နေဦးမယ်”

    “အေးဗျာ.. ကိုဝင်းနိုင်ကို အားနာလှပြီ၊ တစ်ကြိမ်နှစ်ကြိမ် မကတော့ဘူး”

    “ရပါတယ်ကွာ၊ ဘဝတူတွေပဲ။ ဒါလောက်တော့ အကူအညီ ပေးရမှာပေါ့။ ငါလည်း သိမ်း တော့မယ်၊ မင်းရဲ့စက်ကို ကလိကြည့်ကြရအောင်၊ လက်ပူတိုက်လို့ ရရင်လည်း နက်ဖြန် ကူးတို့ ဆွဲနိုင်တာပေါ့။ ပြီးမှ ဆိုင် ထိုင်ကြမယ်လေ။ ငါ တကာခံပါ့မယ်ကွ”

(၂)

    “စဉ်းစားကြည့်ပါတော်၊ မရှိလို့ လုပ်စားပါတယ်၊ ဟိုအနားမရောင်းရ၊ ဒီအနား မရောင်းရနဲ့”

    ညနေစာ ထမင်းချက်ရင်း တဖျစ်တောက်တောက်ပြောကာ ဒေါသထွက်နေသော ဇနီးသည် မတင်အေးကို လှည့်ကြည့်မိသည်။ မတင်အေးမှာ နယ်က တက်လာသူ ဖြစ်၏။ အသားလတ် လတ်နှင့် ရွက်ကြမ်းရည်ကျို ရုပ်ရည်မျိုးရှိသည်။ ရောက်စက အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ် လုပ်ခဲ့သည်။ မိမိခတ်သည့် သဗ္ဗာန်ကို စီးနေကျဖြစ်ပြီး သူ့အကြောင်း၊ ကိုယ့်အကြောင်း ပြောဆိုရင်း တစ်စတစ်စ ရင်းနှီးကျွမ်းဝင်ကာ နှစ်ဦးသဘောတူ လက်ထပ်ဖြစ်ခဲ့သည်။ အိမ် ထောင်ကျပြီး တစ်လနှစ်လခန့် စက်ရုံတွင် အလုပ်လုပ်ခဲ့သေးသည်။  နောက်ပိုင်း စက်ရုံဝန် ထမ်းလျှော့စာရင်း၌ပါပြီး အလုပ် ထွက်ရသည်။ အလတ်မ မွေးပြီးနောက် ကုန်စိမ်းသည်ဘဝ ရောက်သွား၏။ စက်တပ်သဗ္ဗာန်များ ပေါ်လာချိန် ကုန်ဈေးနှုန်းကလည်း မိုးပေါ်ရောက်လာ တော့ တစ်ယောက်တည်း ရှာဖွေရရှိငွေနှင့် မလောက်ငှချင်။ သားသမီး မုန့်ဖိုး၊ ကျောင်းစရိတ် များပါ လိုအပ်လာသည်။ ထို့ကြောင့် နေပူမိုးရွာ မရှောင်ပဲ ဗန်းတစ်ဗန်းကို ခေါင်းပေါ်တင်ကာ ဟင်းသီးဟင်းရွက် လည်ရောင်းသည့်ဘဝသို့ ရောက်ရှိသွား၏။ နဂိုက လတ်သောအသားအ ရေမှာလည်း မည်းတူတူအဆင့်သို့ တဟုန်ထိုး ပြောင်းလဲသွားတော့၏။

    “ဘာဖြစ်လာပြန်ပြီလဲ မိန်းမရာ၊ မင်းမှာလည်း တစ်နေ့တစ်မျိုး မရိုးအောင်ကို ပူညံပူညံ လုပ် နေတော့တာပဲ”

    “ဘာ ဖြစ်ရမလဲတော့..စည်ပင်က အကောင်တွေပေါ့၊ စီမံချက် ရှိတယ်ဆိုပြီး ငါ့ ဗန်းကို သိမ်း သွားကြတယ်လေ။ သေနာကျတွေ၊ မြွေပွေးကိုက်၊ ကားတိုက် သေပါစေတော်…”

    ပြောရင်း မျက်ရည်ကျလာကာ လက်တစ်ဖက်ဖြင့် နှပ်ကိုပါ ညှစ်လိုက်‌သေးသည်။

    “မင်းက သူတို့သတ်မှတ်ထားတဲ့နေရာမှာ မရောင်းလို့ ရှိမယ်”

    “ဘယ်က ဟုတ်မှာလည်းတော့၊ အရင်ကလည်း ဒီနေရာပဲ ရောင်းနေတာ။ သူတို့ကိုလည်း တစ်နေ့တစ်နေ့ ငွေနှစ်ရာစီ ပေးနေရတာလေ။ မသာကောင်တွေ သူများငွေကို တပြုံးပြုံး ယူထားပြီးတော့ ဒီနေ့ကျမှ လူကြီးရောက်သလေး ဘာလေးနဲ့၊ ငါ့ ဗန်းကို သိမ်းသွားကြတယ်။ အမြတ် အများကြီး ကျန်နေတယ်လို့ ထင်နေကြသလားမသိဘူး။ အဲဒီ အသီးအရွက်ကလေး ရောင်းလို့ ဘယ်လောက် ကျန်နိုင်မှာလဲ မစဉ်းစားကြဘူး။ မသေရုံတမယ် ရှာဖွေစားသောက်နေ ရတာကို မငဲ့ညှာကြဘူး ဟီး ဟီး ဟီး”

    “ဘာလို့ အော်ကြီးဟစ်ကျယ် ငိုနေရတာလဲကွာ။ ဗန်းတစ်ဗန်းကို လေး ငါးရာပေးရင် ရနေ တာပဲ။ အစား ပြန်ဝယ်လိုက်ရင် ရရဲ့သားနဲ့”

    “အော်ရတယ်တော့..အော်ရတယ်။ ရှင်ကတော့ ဘာသိမှာလဲ၊ ညနေတိုင်း အရက်ကလေး တ မြမြနဲ့ စည်းစိမ်ယစ်ပြီး နေနိုင်တယ်။ ငါ့မှာတော့ ဟိုကိစ္စ ဖြေရှင်းရ၊ ဒီကိစ္စ ဖြေရှင်းရနဲ့ လူပဲ သေ တော့မယ်။ စည်ပင်က မသာတွေ သိမယ်။ တစ်နေ့တော့ ဒင်းတို့ပါးကို ဆွဲရိုက်ပစ်ဦးမယ်။ ဘယ် သူသေမလဲ ကြည့်ကြသေးတာပေါ့”

    နာကျည်းချက်အမောကို စည်ပင်ဝန်ထမ်းဆီသို့ ပို့လွှတ်နေသော ဇနီးသည်အား ငေးကြည့်နေ မိသည်။ အဆင်မပြေမှု၊ ပင်ပန်းမှုဒဏ်တွေက သူ၏ရုပ်ရည်ကို ဆွဲချသွားခဲ့ပြီ။ ရှိရင်းအသက် ထက် ပို၍ အိုစာပုံ ပေါက်နေသည်။

    “ဈေးထဲက ကောင်မတွေကလည်း တမှောင့်၊ ဈေးသည်အချင်းချင်း မတူမတန်သလို ဆက် ဆံချင်ကြတယ်။ အေးပေါ့လေ..သူတို့က အသစ်အဆန်းကို ထည်လဲဝတ်ပြီး လက်ကောက်သံ တချွင်ချွင်နဲ့ ဈေးရောင်းနိုင်ကြတာကိုး။ ငါ့လိုမိန်းမကို လူရာ ဘယ်သွင်းချင်ကြမှာလဲ။ ဈေး ရောင်းတာတောင် သူတို့ မျက်နှာရိပ်မျက်နှာကဲ ကြည့်ပြီး ရောင်းနေရတယ်။ သူ့အနား ကပ် ရောင်းနေရတယ်ဆိုပြီးလူကို နှိမ်ချင်ကြတယ်။ သူတို့ မအားလို့ ငါးကို ကူခုတ်ပေးပါတယ်၊ ကြီး သွားပြီ၊ ငယ်သွားပြီနဲ့ အမြဲ အပြစ်ရှာတယ်။ သူတို့ အလေးခိုးပြီး ရောင်းတာကို ငါ မသိဘူး မှတ် နေသလား မသိ။ သိသမှ ဟိုးဘက်ကမ်းတောင် လွန်သေးတယ်။ ငါလည်း နယ်မှာတုန်းက ငါး ရောင်းနေခဲ့တာပါအေ”

    စည်ပင်ဝန်ထမ်းဆီမှ ဈေးသည်များဖက်သို့ ကူးပြောင်းသွားသော သူ၏ ဒေါသအား ဖြေ ဖျောက်ပေးဖို့ရာ ကိုယ်လည်း မတတ်နိုင်။

    “ရှင့်မှာလည်း ကူတို့ဆွဲခက တဖြည်းဖြည်း နည်းလာတယ်။ အရက်ဆိုင်ကိုပဲ လုပ်ကျွေးနေ တော့မှာလား။ မိသားစုအရေး နည်းနည်းလေးမှ လှည့်မကြည့်တော့ဘူးလား။ အကြီးကောင်က လည်း စာမေးပွဲတွေနီးလာပြီ၊ အထူးထုတ်လေး တစ်အုပ်နှစ်အုပ် ဝယ်ပေးဖို့ ပူဆာနေတယ်။ အလတ်မလည်း ဒီအတိုင်းပဲ။ ဟို အင်္ကျီလေး ဟောင်းနေပြီ၊ ဒီလုံချည်လေး ဟောင်းနေပြီနဲ့ အ ပျိုအရွယ်လေး ဖြစ်လာပြီ။ လှချင်ပချင်လာပြီ။ မနှစ်က တစ်ထည်ကို ငါးရာနဲ့ ဝယ်ပေးထားတဲ့ ဘေထုပ်အင်္ကျီ သုံးထည်လည်း စုတ်ပြဲကုန်ကြပြီ။ အကြီးမှာရော ဘာထူးလဲ၊ လုံချည်အင်္ကျီ နှစ်စုံကို အလှည့်အပြန် ဝတ်နေရတာ လက်နှီးသုတ်ဘဝ ရောက်တော့မယ်။ ရှင်..အဲဒါတွေကို သိ ရဲ့လား”

    “ငါလည်း ရသလောက် အပ်နေတာပဲ မိန်းမရယ်”

    ဝါးလုံးရှည်နှင့် သိမ်းကြုံးရမ်းနေသော မတင်အေးအား လေပြေထိုးကြည့်မိသည်။ ဟုတ် လည်း ဟုတ်သည်။ သားကြီးနှင့် သမီးမှာ မြို့ပေါ်ကျောင်းတွင် တက်နေကြသဖြင့် မိတ်ဆွေအ ပေါင်းအသင်းတို့၏ ဝတ်စားဆင်ယင်မှုကို အားကျရှာကြမည်။ ဝယ်မပေးရကောင်းလားဟု ပူ ဆာခြင်းတော့ မရှိရှာကြ။ ရှိတာလေးကိုသာ လှည့်ပြန် ဝတ်နေကြရှာသည်။ အသစ် ဝယ်မပေး နိုင်သဖြင့် ဘေထုပ်အထည်များမှာ သူတို့၏ ဘော်ဒါများ ဖြစ်နေကြသည်မှာ ကြာချေပြီ။

    ဒီနှစ်ပိုင်းတွေက အရင်လို မဟုတ်တော့။ ကုတို့လှေ များလာသလို အစိုးရကလည်း မြစ်ကူး တံတားများ တည်ဆောက်လာ၏။ ကားစီးပြီး တံတားပေါ်မှ မြစ်ကို ဖြတ်ကြသည်။ မြစ်ကူး ချောင်းကူးပြီး အန္တရာယ်နှင့် မကစားချင်ကြတော့။ ကားလမ်းနှင့်ဝေးသော မြစ်ကမ်းနားဖက်မှ လူများသာ ကုတို့လှေဖြင့် ကူးကြတော့သဖြင့် သဗ္ဗာန်စီးသူ နည်းပါးလာသည်။

    ထို့အတူ ငွေကြေးတတ်နိုင်သူက ဆိပ်ကမ်းကို တစ်နှစ်တာ လေလံဆွဲ ဝယ်ယူထားကြပြန် သည်။ လေလံစည်းကမ်းအရ ကုတို့ခ ပုံမှန်ဖြစ်သွားသည်။ တချို့ သွားလာသူများအတွက် အ ဆင်ပြေလှသော်လည်း ကိုယ်လိုသူလို နိမ့်ပါးသူများအဖို့ အခက်အခဲနှင့် ရင်ဆိုင်လာရသည်။ သတ်မှတ်ကုတို့ခမှာ နည်းပါးလွန်းသည့် မိသာစုဝင်ငွေကို ခြိမ်းခြောက်လာ၏။ မြို့ပေါ်တက် ပြီး ကြုံရာကျဘမ်း အလုပ်လုပ်ရန် သွားလာကြသူများအတွက် ‌လက်ထဲမှာငွေပါမှ ကုတို့ကူး နိုင်တော့၏။

    ယခင်က မိမိလှေကို စီးသူများအနေဖြင့် ပိုက်ဆံပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စာနာစိတ် ထားကာ တစ်ဖက်ကမ်းသို့ ပို့ပေးလေ့ရှိသည်။ သူတို့ အလုပ်ပြန်မှ အသွားအပြန် ပေါင်းပြီးပေး တတ်သည်။ သူတို့အပေါ် နားလည်မှုပေးသဖြင့် ပတ်သက်ရာများကို သဗ္ဗာန်အတူစီးရန် ခေါ် လာတတ်သည်။ ထို့ကြောင့်လည်း နေ့တွက်ကိုက်ရန် ပူစရာမလိုခဲ့။ လေလံစနစ် ပေါ်ပြီးနောက် ပိုင်း ကုတို့ခအား အပေါ်တွင် ပေးခဲ့ကြရသည်။ ငွေမပါဟု ပြောလို့မရတော့။ ငွေရှိမှ ကုတို့ကူး ပြီး အလုပ်ရှာထွက်ရသည့်အခြေ ဆိုက်ကုန်သည်။ ကုတို့ခပေးပြီး အလုပ်မလုပ်ခဲ့ရပါက မိ သားစု စားသောက်ရေးအတွက် ဗျာများကြရတော့၏။ ပုံမှန် ဝင်ငွေကလေးရအောင် လုပ်ရန် ကလည်း ငွေကြေးလို အရင်းအနှီးမရှိ၊ အသိပညာ နည်းပါးသဖြင့် ကာယအားကိုးပြီးသာ ရရ စားစားဘဝတွင် ကျင်လည်နေကြရသည်။ ဖြစ်လာသောဘဝတွင် ပျော်အောင်နေကြရင်း အ ဆင်မပြေမှုများအား မိသားစု၌သော်လည်းကောင်း၊ ဘဝတူများအပေါ်၌သော်လည်းကောင်း ဖဖေါက်ခွဲကတော့၏။ သို့ဖြင့် ဆင်းရဲသားရပ်ကွက် ငရဲပွက်သလို ရှိလှပေသည် ဟု ဆိုရိုးတွင် သွားလေသလား မပြောတတ်တော့။

    မိမိရော ဘာထူးသနည်း။ ကုတို့လှေကို ယခင်လို ကိုယ့်မိတ်နှင့်ကိုယ် ဆွဲလို့မရတော့။ အလှည့် ကျ စောင့်ရသလို လေလံအောင်ထားသူအား ခရီးသည် အနည်းအများအလိုက် ကော်မရှင် ပေး ရသည်။ အညွန့်ခူးစားသည်ကို မကျေနပ်၍ ပေးရန်ငြင်းဆန်ပါက သူပိုင်ဆိပ်ကမ်းတွင် ကုတို့ ဝင်ဆွဲရန် စိတ်မကူးလေနှင့်။ အင်အားသုံး ခြိမ်းခြောက်နှင်ထုတ်မှု ခံရတော့၏။ သူတို့က အပေါ် မှနေပြီး ကုတို့ခ ကောက်ယူထားသဖြင့် ဘယ်စက်လှေ လူဘယ်နှစ်ယောက်ရသည်ကို သိနေ သည်။ ကုတို့ဆွဲသူများအဖို့ ခရီးသည်ဆီမှ ရရှိလာသော ကုတို့ကူးခမှာ အမြီးဖြတ်၊ ခေါင်းဖြတ် ဖြစ်လာသဖြင့် ဝင်ငွေအရ နည်းလာတော့၏။ ထို့ကြောင့်လည်း အိမ်သူမတင်အေး၏ ပူညံ ပူညံလုပ်မှုကို နေ့စဉ်လို ရင်ဆိုင်လာရတော့သည်။ အိမ်ထောင်တစ်ခု၏ အရေးကိစ္စ အဝဝကို ထိမ်းသိမ်းနေရသူဖြစ်သဖြင့် သူ့ကိုလည်း အပြစ်မဆိုသာပြန်။

(၃)

    “မနေ့က ဘာဖြစ်ကြတာလဲ ထွန်းကျော်၊ မတင်အေးတစ်ယောက် ပွက်လောရိုက်နေသံ ကြား ရတယ်”

    “ထုံးစံအတိုင်းပေါ့ ကိုဇော်ဝင်းရာ၊ သူ့ ဈေးရောင်း‌ဗန်းကို စည်ပင်ကသိမ်းသွားတာက စတာ ပဲ။ မီးခို့ကြွက်လျှောက် ပြောရင်း မပြေလည်မှုတွေကို ဖေါက်ခွဲနေတာလေ။ အိပ်ချိန်ရောက်မှပဲ ငြိမ်သွားတော့တယ်”

    စက်လှေကြိုးကိုဖြုတ်ရင်း ကိုဇော်ဝင်းဘက် လှည့်ကြည့်မိသည်။ ခမောက်စုတ်၊ အင်္ကျီစုတ် နှင့် ဆီများပေကျံနေသော လုံချည်ကိုဝတ်ပြီး အမြဲလိုလို ပူပန်နေရသော မိမိနှင့် ကွာခြားလွန်း သည်။ သူ့မှာ လန်းလန်းဆန်းဆန်းနှင့် သက်သောင့်သက်သာ ရှိလှသည်။ စက်လှေမှာလည်း ကိုယ်ပိုင်ဖြစ်ပြီး  ဆေးရောင်မပြတ် ချယ်သထားသဖြင့် တောက်တောက်ပြောင်ပြောင်ရှိသည်။ စက်မှာလည်း အင်္ဂါစုံစုံလင်လင်နှင့် မူလအရောင်ပင် မပျောက်ချင်သေး။ မိမိလှေမှာ အစက ဆေးသုတ်ထားသော်လည်း ယခုတော့ ဟိုတစ်ကွက်၊ သည်တစ်ကွက်နှင့် ရောင်များ ကွာကျ ကုန်ပြီ။ စက်မှာလည်း ဆီတိုင်ကီနှင့် ရေတိုင်ကီအား ဖြုတ်ထားရသဖြင့် စက်ကတုံး ဖြစ်နေ သည်။ ဘား ဟာချင်သလိုဖြစ်နေသောစက်အား ဆီတိုက်ပြီး အကြိမ်ပေါင်းများစွာ နှိုးရသဖြင့် ဆီများပေကျံကာ မည်းညစ်နေသည်။

    “စက်ကို အင်္ဂျင်ကိုင်ဖို့ လုပ်ဦးလေကွာ၊ စက် တစ်ခါနိုးဖို့အရေး ဒီလောက်လုပ်နေရရင် သေရ ချည်ရဲ့”

    “လုပ်ချင်တာပေါ့ကွာ၊ အင်္ဂျင်ကိုင်ရင် အနည်းဆုံး တစ်ရက်လောက် အချိန်ပေးရမယ်၊ စက် ဆရာ လက်ခနဲ့ စက်ပစ္စည်းဖိုး နှစ်သောင်းပျော့ပျော့ ကုန်မယ်။ ခုက မိသားစု စားသောက်ရေးပဲ အရေးတကြီးဖြည့်နေရတယ်လေ။ ဟူး…စိတ်ကုန်စရာပါပဲကွာ”

    “မီးမီးကို စက်အသစ်တစ်လုံး လဲပေးဖို့ ပြောကြည့်ပါလား။ မင်းနဲ့ မောင်နှမလို ခင်မင်နေတာ ပဲ။”

     “အင်း..မသင့်ဘူး ထင်တယ်။ ဒီလှေကိုတောင် စပေါ်မယူ‌ပဲ ပေးထားတာလေ၊ စက်မကောင်း လို့ အသစ်လဲပေးပါပြောရင် ရနိုင်ကောင်းရဲ့။ ရင်းနှီးမှုကို အခွင့်အရေးယူလွန်းရာ ကျသွားမ လား”

    မီးမီးမှာ တစ်နယ်တည်းသားချင်း ဖြစ်သည်။ လယ်ပိုင်ယာပိုင်နှင့် အခြေမြင့်စွာ နေထိုင်ခဲ့ကြ ပြီး ရန်ကုန်သို့ ပြောင်းသောအခါ ပိုင်ဆိုင်သမျှ ရောင်းချခဲ့သည်။ လင်မယားနှစ်ဦးစလုံး စီးစီး ကုပ်ကုပ်နှင့် ကုန်စုံဆိုင်ဖွင့်ပြီး အ‌ခြေတည်ခဲ့ကြသည်။ အချိန်ကြာသည်နှင့်အမျှ တိုးပွားငွေရှိ လာပြီး လူတစ်လုံးသူတစ်လုံးလို နေထိုင်နိုင်ခဲ့သည်။ ယောက်ျားဖြစ်သူက နေ့ပြန်တိုး ချေး သည်။ ဆင်းရဲသားရပ်ကွက်ဖြစ်၍ အလုပ်ဖြစ်လှသည်။ များသောအားဖြင့် ကုန်စိမ်းသည်များ အယူများသည်။ အပေါင်ပစ္စည်းမလို၊ တစ်နေ့အတွက် တစ်ရာကို နှစ်ဆယ် အတိုးယူသည်။ ချေးငွေအားလုံး အပြည့်အဝ ပြန်ရသည်မျိုးတော့ မဟုတ်။ အရှုံးနှင့် ရင်ဆိုင်ရသူ၊ အရင်းပြုတ် သူ၊ တစ်နပ်စားကြံသူများလည်း တွေ့ကြုံရသည်။ ရှောင်သင့်သူကို ရှောင်၊ ထပ်မံစိုက်ထုတ် ပေးသင့်သူကို ပေးကာ လည်ပတ်ရသည်။ လက်လုပ်လက်စားများအဖို့ တစ်နေ့ကို နှစ်ဆယ်တိုး ပေးရသည့်တိုင် ရင်းနှီးငွေရသဖြင့် အရောင်းအဝယ်လုပ်ကာ မိသားစုစားဝတ်နေရေးကို ဖြေ ရှင်းနိုင်သည်။ မည်သို့ဆိုစေ ငွေချေးပေးသူအနေဖြင့်လည်း အလုပ်ဖြစ်သလို ဈေးသည်များ အနေဖြင့်လည်း မိသားစုဝန်ကို ထမ်းနိုင်ကြ၏။ သူ့ရွာသူ့ဇာတ် နိုင်အောင်ကကြရသည်။

    “မင်း ကိုဝင်းနိုင်နဲ့ တွေ့သေးလား”

    “ဘာဖြစ်လို့လဲ၊ ငါလည်း စက် အခြေအနေမကောင်းလို့ စောစောသိမ်းဖြစ်နေတယ်”

    “မနေ့က ညနေ ဂဏန်း ၅၉ ထွက်တယ်လေ။ သူ့မှာ တစ်ထောင်ဖိုး ပေါက်တယ်။ တို့နှစ် ယောက်ကို ဘီယာဆိုင်မှာ ပြုစုမယ် ပြောတယ်။ မင်းကိုတွေ့ရင် ပြောထားလိုက်ပါတဲ့၊ အလုပ် စောစောသိမ်းပြီး သွားကြမယ်တဲ့”

    “သူတို့ကျတော့ ဟုတ်နေတာပဲ။ ငွေ ရပေါက်ကလည်း များပါ့။ ဆိုဒ်ထဲက ဝေစုလိုတစ်မျိုး၊ နှစ်လုံးက တစ်ဖက်၊ သုံးလုံးက တစ်ဖုံ၊ ဘောပွဲတွေကလည်း အကျိုးပေးလိုက်သေး။ ငါတို့ များတော့ ထမင်းနပ်မှန်ဖို့အရေး မနည်းကုန်းရုန်းပြီး ရှာဖွေနေရတယ်”

    “သူ့ရဲ့ ကုန်ကျငွေကိုလည်း ကြည့်ဦးလေကွာ၊ အမြဲတမ်း ပေါက်နေတာမှ မဟုတ်တာ။ ရှုံးတဲ့ အခါလည်း သောက်သောက်လဲ ရှုံးတာလေ။ တစ်ပတ်ကို သုံးလေးသောင်း ရင်းထားရတယ် တဲ့။ ပေါက်တဲ့ရက်က နည်းနည်း အရင်းမရတဲ့ရက်က များတယ်တဲ့။ ခုတစ်ပတ်တော့ စိုစိုပြေ ပြေလေး ဖြစ်နေတယ်လို့ ပြောတယ်”

    “နှစ်လုံး၊ သုံးလုံး ရှုံးလည်း ဆိုဒ်ထဲက ရနေတာပဲ။ တစ်ခုမဟုတ်တစ်ခုနဲ့ ကာမိနေတယ်လေ”

    “အင်း…အကြောင်းတရားပေါ့ကွာ၊ သူ့ကုသိုလ်နဲ့သူပေါ့၊ ညနေ အသင့်လုပ်ထားဟေ့၊ ဆင်ဖြူ တော်မှီပြီး တို့တွေ ကြံစုပ်ရအောင်”

(၄)

    ဘီယာဆိုင်ကိုရောက်တော့ ည ခုနှစ်နာရီခန့် ရှိနေပြီ။ သောက်၊စားသူများဖြင့် စည်ကားလျက် ရှိ၏။ ကိုယ်ပိုင်ကားနှင့် တစ်မျိုး၊ အုပ်စုဖွဲ့ တစ်ဖုံ၊ အလွှာစုံကလူများကို တွေ့ရသည်။ အဝတ်အ စားများ သစ်လွှင်တောက်ပကာ လွတ်လပ်လပ်ပေါ့ပါးစွာ ရှိနေကြ၏။ ရွှေဆွဲကြိုး၊ ဟမ်းချိန်း၊ လက်စွပ်နှင့် ဖောင်းကားနေသော အင်္ကျီအိတ်၊ ပိုက်ဆံအိတ်များ ကိုယ်စီပါကြသည်။ တစ်ချို့ က ဟမ်းဖုန်းပြောရင်း အလုပ်ရှုပ်နေသည်။ မိမိမှာ တင့်တယ်လှပသည့် ဒေါင်းတို့အလယ်သို့ လမ်းမှားရောက်လာသော ဠင်းတသဖွယ်။ ကျီးထက်ဆိုးသော မိမိရုပ်သွင်ကို စစ်ကြောမိသည်။

    မြို့ထဲဘီယာဆိုင်သို့ သွားမည်ဆို၍ ပွဲလမ်းသဘင်သွားက ဝတ်ရန်သိမ်းထားသော ဝတ်စုံကို  ဆင်မြန်းခဲ့သည်။ ရွေးချယ်ဝတ်ဆင်လာသည် ဆိုသော်လည်း များများစားစား ရွေးရခြင်း မျိုးမဟုတ်။ သုံးစုံတည်းသာရှိသော အဝတ်အစားများမှ ရွေးရခြင်းဖြစ်သည်။ အသစ်လွင် ဆုံးဆိုသည်က ဘေထုပ်အထည်သာဖြစ်ပြီး ဖန်တရာထေအောင် ဝတ်ထားပြီးဖြစ်သဖြင့် ကော် လံနှင့် လက်ဖျားများပင် စုတ်ပြဲနေပြီ။ လျှော်ရဖန်များ၍ မူလအရောင်အဆင်းပင် မကျန် တော့။ တစ်ထောင့်ရှစ်ရာပေးပြီး ဝယ်ထားသောလုံချည်မှာ အရောင်များလွင့်ကာ ဆေးလိပ်မီး ပေါက်များဖြင့် ပြည့်နှက်နေပြီ။ ဘီယာဆိုင်သို့ လာကြသူများအဖို့ လက်နှီးစုတ်အဖြစ်ပင် သုံး ချင်ကြလိမ့်မည် မဟုတ်တော့။

    “ဒီဆိုင်မှာ စင်တင်တေးဂီတ ရှိတယ်လေ။ နိုင်ငံကျော် အဆိုတော်တွေ လာဆိုကြတယ်။ ဒီနေ့ တော့ မရှိလောက်ဖူးထင်တယ်။ ဒါပေမယ့် သီချင်းလာဆိုကြတဲ့ ကောင်မလေးတွေက ပိုပြီး တောင် မိုက်လိုက်သေးတယ်။ သုံးနိုင်၊ ဖြုန်းနိုင်လို့ အကြောင်းအပေါင်းသင့်ရင် ကဲ လို့ရတယ်”

    “ကိုဝင်းနိုင်က မကြာမကြာ လာဖူးတယ်ထင်ရဲ့”

    “လက်ထဲမှာ စိုစိုပြည်ပြည်လေး ရှိရင်တော့ ရောက်ဖြစ်ပါတယ်။ ငွေလေး တစ်သောင်း၊ နှစ် သောင်းလောက် ပါလို့ကတော့ ဘယ် ပျောါစရာကောင်းမှာလဲ။ မင်းတို့တွေ သဘောကျကြ မှာပါ။ တို့ လူပျိုကြီးလည်း မိန်းမယူချင်စိတ် ပေါက်လာလိမ့်မယ်”

    “လုပ်စမ်းပါ ကိုဝင်းနိုင်ရာ၊ ဂေါ်မစွံ လူပျိုကြီး အမြန်ဆုံး မိန်းမရသွားအောင်”

    စားသောက်နေကြသူများမှာ အရှိန်ရလာဟန်တူသည်။ ဆိုင်တစ်ဆိုင်လုံး ဆူညံစပြုလာ၏။ စကားပြောဆိုသံများအား ဖောက်ထွက်လာသော သံစုံတီးဝိုင်းမှ ဂီတသံက ရီဝေဝေဖြစ်နေ သောစိတ်ကို မြူးကြွကြွ ဖြစ်လာစေသည်။ နှစ်ဂျားမြောက် စည်ဘီယာလည်း ကုန်လုပြီ။

    “ချကွာ ထွန်းကျော်၊ အိမ်က အပူတွေကို မေ့ထားလိုက်၊ နောက်တစ်ဂျား မှာလိုက်မယ်”

    “ဘီယာချည်း သောက်ရတာ ဗိုက်ပြည့်လာပြီ၊ တော်လောက်ပြီထင်တယ် ကိုဝင်းနိုင်”

    “အပြင်းလေး နည်းနည်းရောမှ ထင်တယ်၊ ဘီယာက ဗိုက်သာပြည့်လာတယ်၊ လီမစ်က တက် မလာဘူး။ ဝီစကီ နှစ်ပက်စီလောက် ရောရအောင်။ ထွန်းကျော်ရေ. သဘောတူရဲ့ မဟုတ်လား”

    “ငါကတော့ ဘီယာပဲသောက်မယ်။ မင်းနဲ့ ထွန်းကျော်က အကြမ်းသမားတွေဆိုတော့ ဝီစကီ တစ်လုံး မှာလိုက်မယ်။ ပွဲက စရုံပဲရှိသေးတယ်။ လူတွေတောင် မလှုပ်ကြသေးဘူး။ သက်ကြီး အစီအစဉ်လေ”

    “‌ဟေ သက်ကြီးအစီအစဉ်ဆိုတာ ဘာကိုပြောတာလဲကွ”

    ကိုဝင်းနိုင်က အ ရန်ကောဆိုသည့် ပြုံးစစ မျက်နှာပေးဖြင့် ကိုဇော်ဝင်းကိုကြည့်ကာ စတိတ် စင်ဘက်သို့ မေးဆတ်ပြသည်။

    “သီချင်းဆိုနေတဲ့ ကောင်မလေးကို ကြည့်လေကွာ၊ သူ ဘယ်လိုဆိုနေသလဲလို့”

    “ဟ ကောင်းတာပဲ၊ မာမာအေးရဲ့ မေ့ကွက်ကိုရှာ မဟုတ်ဘူးလား။ တို့ခေတ်က သီချင်းလေ”

    ငြိမ့်ညောင်းသော တီးလုံးများနှင့် တည်ငြိမ်စွာ သီဆိုနေသော မိန်းခလေးကို ကြည့်ဖြစ်သည်။ ခါးလည်ခန့်ရှိသော ဆံပင်အား ဖြန့်ချကာ နှုတ်ခမ်းနီ ရဲရဲလေး ဆိုးထား၏။ လိမ္မော်ရောင် အင်္ကျီ လက်ရှည်နှင့် ကြက်သွေးရောင် ချိတ်ထမီကိုဝတ်ပြီး မာမာအေးကဲ့သို့ အရှိုက်အဟိုက်များဖြင့် သီဆိုနေသည်။ အသံမှာ ဆွဲဆောင်မှု ရှိလှ၏။

    “ဒီမှာ အထာ လေးတွေရှိတယ်။ အစောဆုံး ရောက်လာသူတွေက သက်ကြီးပိုင်း ငါးဆယ် ကျော်တွေ များတယ်။ ရှစ်နာရီနောက်ပိုင်းမှ သက်လတ်ပိုင်းနဲ့ လူ‌ငယ်တွေ ရောက်ကြတယ်။ ပွဲ ဆူမယ့်လူတွေပေါ့”

     “ဘယ်လို ဘယ်လို ပွဲ ဆူမယ့်သူတွေ ဟုတ်လား”

    “ထွန်းကျော်ကလည်း နားထောင်ဦးလေကွာ၊ အထွဋ်အထိပ်က ကိုးနာရီမှ စ တယ်၊ တစ်ဆယ် ခွဲ အထိပေါ့။ ဆိုင်ပိတ်တဲ့ ဆယ့်တစ်နာရီနောက်ပိုင်းမှာ တွေ့ဆုံပွဲလေ။ စောင့်ကြည့်နေ မင်းတို့ ပိုပြီး ပျော်လာစေရမယ်”

   ကိုဝင်းနိုင်ထံမှ မျက်နှာကိုလွှဲပြီး စားပွဲပေါ်ရောက်လာသော ဝီစကီပုလင်းအား ကြည့်မိသည်။ ဟိုက်ကော်မရှင်နယ် ဟုပြောသည်။ နီရွှေရွှေအရောင်က သောက်နေကျ”ဇေ”ထက် ဆွဲဆောင်မှု ရှိလှ၏။

    “ရော့ ကောင်လေး၊ ငါတို့အတွက် ပုစွန်ကိုက်လံနဲ့ ဂဏန်းပေါင်းတစ်ပွဲ ပေးကွာ၊ ဆေးလိပ်တစ် ဗူးပါ ချပေးဦး”

    စားပွဲထိုးကောင်လေးက ခွက်ထဲသို့ အရက်နှင့်ရေခဲ ရောစပ်ထည့်ပေးပြီး ကိုဝင်းနိုင်ပေးသော ငွေကို ယူလိုက်၏။

    တစ်ထောင်တန်တစ်ရွက်နဲ့ မှာလိုက်သောအမြည်းအပြင် ဆေးလိပ်တစ်ဗူးပါ ရနေသဖြင့် အံ့ ဩစိတ်ဖြင့် ကိုဝင်းနိုင်ကို ကြည့်မိသည်။ ခဏလေးဆိုသော အမူအရာဖြင့် လက်ကာပြနေ သည်ကို တွေ့သဖြင့် ပါးစပ်ကို အသာပိတ်ထားလိုက်သည်။ စားပွဲထိုး ထွက်သွားသောအခါမှ ခန္ဓာကိုယ်အား ကိုင်းညွှတ်ကာ…

    “အမြည်းတွေ တန်လိုက်တာလို့ ပြောမလို့မဟုတ်လား၊ သူ့ကိုပေးတာ အမြည်းဖိုး မဟုတ်ဘူး ကွ၊ ဘောက်ဆူး ပေးတာလေ။ အမြည်းဖိုးက နောက်မှ ရှင်းရမယ်”

    ကောင်လေးရှေ့မှာ မမေးဖြစ်အောင် တားလိုက်သည့်သူ့ကိုပင် ကျေးဇူးတင်ရသေးသည်။ ဘုံဆိုင်မှာက မန်ကျည်းသီးတစ်တောင့်၊ သရက်သီး တစ်စိတ်ဆို အလုပ်ဖြစ်သည်။ အရက်တစ် ကျိုက် မော့လိုက်၊ ချဉ်သီးတမြုံကိုက်လိုက်နှင့် ဇရက်မင်းစည်းစိမ် ခံလေ့ရှိသည်။

    ပုစွန်ကိုက်လံဆိုသည် ကြားပင်မကြားဖူး။ ဂဏန်းပေါင်း ဆိုသည်က ဝယ်စားနိုင်လောက် အောင် လက်လှမ်းမှီခြင်း မရှိ။ အပေါ်ခွံခွာပြီး ဆီနှင့်ကြော်ထားသော ဂဏန်းအကောင်သေး သေးလေးများကိုတော့ တွေ့မိသည်။ တစ်ကောင်ကို လေးငါးရာပေးပြီး ဝယ်စားရဲသောသတ္တိ မိမိမှာမရှိ။ နုံချာလွန်းသည့် မိသားစုထမင်းဝိုင်းအား ပြေးမြင်မိ၍ ဖြစ်သည်။ ကန်ဇွန်းရွက်နှင့် တန်ဖိုးနည်း ငါးသေးငါးမွှားများက မိသားစု ထမင်းဝိုင်းအတွက် ဇာတ်လိုက်ကျော်များ ဖြစ်နေ သည်။

    “ဟော စလာပါပြီဗျာ၊ လူပျိုကြီး မျက်တောင်မခတ်ပဲ ကြည့်မနေနဲ့ဦး”

    ကိုဝင်းနိုင်က တိုးတိုးကပ်ပြောသဖြင့် စတိတ်စင်ဘက် လှည့်လိုက်သည်။ မြူးကြွသော သံ စဉ်ကို အနောက်တိုင်း ကဟန်ဖြင့် သီဆိုကခုန်နေသော မိန်းခလေးတစ်ယောက်အား တွေ့ရ သည်။ ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်ခန့်သာ ရှိလိမ့်မည်။ သမီးလတ်နှင့်ကွာလှ နှစ်နှစ်၊ သုံးနှစ်ပေါ့။ လှိုင်းတွန့်ဆံပင်နှင့် နှုတ်ခမ်းနီရဲရဲ ဆိုးကာ မျက်ရစ်ကို အညိုရောင်တင်လျှက် မိတ်ကပ်ပါးပါး ဖို့ထားသည်။ ဘော်ကြယ်ဖေါက်ထားသော ဘလောက်စ်အင်္ကျီက ရုန်းကြွနေသောရင်သားနှင့် သွယ်တန်းသည့် လက်မောင်းကို လှစ်ပြထားသည်။ နှစ်လက်မခန့်ရှိမည့် အဖြူရောင် ဒေါက် မြင့်ဘိနပ်ကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းမှာ ပို၍ ပေါ်လွင်နေသည်။ အရက်ရှိန်တက်နေ သော ပုရိဿများ၏မျက်လုံးများက ခန္ဓာကိုယ်ထက်အောက် စုန်ဆန် ပြေးလွှားနေကြ၏။

    အနောက်ဖက် ခပ်လှမ်းလှမ်းရှိ သုံးယောက်ဝိုင်းမှတစ်ယောက်က ကျန်နှစ်ယောက်အား လက်မထောင်ပြကာ မတ်တပ်ရပ်လိုက်သည်ကို တွေ့သည်။ ကျန် နှစ်ယောက်က လက်ခုပ်တီး ပြီး အားပေးနေ၏။ အိမ်သာသို့သွားရန် ဟုတ်ပုံမရဟု တွေးနေစဉ် လက်လှုပ်၊ ခါးနွဲ့၊ ခြေတစ် ချောင်ထောင်လှည့်၊ ဘရိတ်ဒန့် က ရင်းအနားမှဖြတ်ကာ စတိတ်စင်ဘက်သို့ သွားသည်။

    အသားဖြူဖြူ ဒေါင်ကောင်းကောင်းနှင့် လူရည်သန့်တစ်ယောက် ဖြစ်သည်။ မိချောင်းတံ ဆိပ်ပါသော အနီ၊ အဖြူ ကန့်လန့်စင်း အင်္ကျီကို ဝတ်ထားသည်။ ဆံပင်ကို ကျော့နေအောင် ဖြီး၍ ခပ်တုတ်တုတ် ရွှေဆွဲကြိုးတစ်ကုံး ဆွဲထား၏။ ယာဘက်လက်ကောက်ဝတ်ရှိ ဟမ်းချိန်း သည်လည်း ထုနှင့်ထည်နှင့်။ လက်ဝဲဘက် လက်သူကြွယ်၌ အရောင်တလဲ့လဲ့ တောက်ပနေ သော လက်စွပ်နှင့် တန်ဖိုးသေးပုံမရသော နာရီတစ်လုံး ပတ်ထားသည်။ ကြက်သွေးရောင် ဘောင်းဘီရှည်၏ ခါးပတ်၌ ဖုန်းတစ်လုံး ချိတ်ထား၏။ အနက်ရောင် ကွင်းထိုးဖိနပ်မှာလည်း အကောင်းစားမျိုးထဲက ဖြစ်လိမ့်မည်။ သူ၏ ဆင်ယင်ထုံးဖွဲ့မှုက မိမိအား လှောင်ပြောင် ပြနေသလို ထင်မှတ်လာသည်။ ကုန်လုပြီဖြစ်သော ဟိုက်ကော်မရှင်နယ်က အစွမ်းပြလာပြီ။

    ထိုလူက စတိတ်စင်၏ လက်ယာဘက်သို့ ချည်းကပ်သွားနေသည်။ စင်ထောင့်၌ ဖြူ၊ နီ၊ ပြာ၊ စလွယ်နှင့် သရဖူများအား စင်သီးသန့်ခွဲပြီး ချိတ်ဆွဲထားသည်ကို တွေ့သည်။ အလယ်စင်မှ စလွယ်တစ်ခုယူပြီး ဘယ်ညာပြောင်းကိုင်ကာ ခြေကကွက်နင်းလျက် မြူမြူးကြွကြွသီဆိုနေ သော ကောင်မလေးဆီသို့ ‌သွားနေသည်။

    မိန်းမပျိုက ခန္ဓာကိုယ်အား လှုပ်ရမ်းကာ ကြာမူပါပါမျက်လုံးတစ်စုံဖြင့် ငံ့လင့်နေသည်။ ထို လူက အနားသို့ ရောက်သည်နှင့် ယူလာသည့်စလွယ်အား ပခုံးတွင် စွပ်ပေးပြီး မိန်းမပျို၏ လက်ကိုကိုင်ကာ သောက်စားမူးယစ်နေသူများဘက်သို့ လှည့်လိုက်၏။ စင်အောက်မှ လက်ခုပ် သံများ ဝေါကနဲ ပွင့်ထွက်လာသည်။

     လက်ခုပ် လိုက်တီးနေသော ကိုဝင်းနိုင်နှင့် ကိုဇော်ဝင်းအား ငေးကြည့်မိသည်။ အားပေးခြင်း လား၊ ချီးမြှောက်ခြင်းလား၊ ဂုဏ်ပြုခြင်းလား၊ ဝေခွဲမရသောအတွေးတစ်ခု ရီဝေဝေဖြစ်နေ သော ခေါင်းထဲသို့ တိုးဝင်လာ၏။ ဘာအတွက် အားပေးကြသနည်း။ ဘာအတွက် ချီးမြှောက် ကြသနည်း။ ဘာအတွက် ဂုဏ်ပြုကြသနည်း။ မတွေးတတ်တော့။

    “ပန်းကုံးစွပ်တာမှာ အပြိုင်အဆိုင်ဆိုတာ ရှိသေးတယ်။ တစ်ယောက်က အဖြူဆိုရင် နောက် တစ်ယောက်က အနီ၊ အပြာ၊ စလွယ်နဲ့ နောက်ဆုံး သရဖူအထိပါတယ်”

    “အဲဒါတွေက ဘာကိုပြောတာလဲ၊ လင်းစမ်းပါဦး ကိုဝင်းနိုင်ရဲ့”

    ရေချိန်ကိုက်နေပြီဖြစ်သော ကိုဇော်ဝင်းက လျှာလေးအာလေးအသံဖြင့် ကိုဝင်းနိုင်အား ရှင်း ပြခိုင်းနေသည်။

    “ဒီလို ကိုဇော်ဝင်းရဲ့၊ အဖြူရောင်ပန်းကုံးက ငါးထောင်၊ အနီက တစ်သောင်း၊ အပြာက တစ် သောင်းခွဲနဲ့ စလွယ်က သုံးသောင်း သတ်မှတ်ထားတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင်တော့ မတူဘူး ပေါ့လေ။ သီချင်းလာဆိုတဲ့ ကောင်မလေးတွေက ပန်းကုံးများများရအောင် စလွယ်တွေ၊ သရ ဖူတွေ များများရအောင် ကိုယ့်အရည်အချင်းကို အစွမ်းကုန် ထုတ်ဖေါ်ပြကြတယ်လေ။ တစ် ချို့က အသံနဲ့၊ တစ်ချို့က အဖါ်အချွတ်နဲ့ နည်းမျိုးစုံ သုံးကြတယ်။ လူတွေက မူးနေပြီဆိုတော့ ကျားစိတ်က အမောက်ထောင်လာပြီလေ။ မိန်းခလေး အထင်ကြီးအောင် ပန်းကုံး အပြိုင်စွပ် ရင်း သူ့ထက်ငါ သုံးနိုင်ဖြုန်းနိုင်ကြောင်း သက်သေပြကြတယ်။ အဲ..နောက်ဆုံး ဆိုင်ပိတ်ခါနီး ကျတော့ ကိုယ် ပန်းကုံးစွပ်ထားတဲ့ မိန်းခလေးနဲ့ မျက်နှာချင်းဆိုင် စကားပြောကြ၊ ညှိ နှိုင်းကြ၊ ချိန်းဆိုကြနဲ့ လောကကြီး သာယာနေတော့တယ်”

    ကိုဝင်းနိုင်၏ ရှင်းလင်းချက်များက နားထဲသို့ ဝင်တစ်ချက် မဝင်တစ်ချက်၊ ကုန်သွားပြီဖြစ် သော အရက်ပုလင်းနှင့် ဘီယာဂျားများက အမြည်းပန်းကန်များအလယ်တွင် လဲလျောင်း လျှက်။ ဝေ့တက်လာနေသော မီးခိုးငွေ့ကို ငေးကြည့်ရင်း လက်ကြားက စီးကရက်ကို အားပါး တရ ဖွာရှိုက်လိုက်၏။

   “ဆယ်နာရီလည်း ခွဲပြီ။ အရက်လည်း ပြောင်ပြီ။ သွားကြရအောင် ကိုဝင်းနိုင်ရေ”

    “ကောင်းပြီလေ၊ ပြန်ကြတာပေါ့။ အိုကေကြရဲ့မဟုတ်လား။ ထွန်းကျော်ရော ဘယ်လိုလဲ၊ မတင်အေးကြီးကို မေ့သွားပြီ မဟုတ်လား”

    ကိုဝင်းနိုင်၏ အမေးစကားကို ပြုံး၍သာ ပြလိုက်၏။ စားပွဲမှထစဉ် ယိမ်းယိုင်သွားသော ခန္ဓာကိုယ်အားထိန်းရန် ခုံအစွန်းကို လက်တစ်ဘက်ဖြင့် ထောက်လိုက်ရ၏။ စတိတ်စင်ပေါ်မှ ပျံ့လွင့်လာသော တီးလုံးများမှာ မြိုင်ဆ