Chindwin Comprehensive University - CCU

"တက္ကသိုလ်အကြောင်း အကျဥ်းချုပ် (Profile of the University)"

Chindwin Comprehensive University (CCU) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီး ဌာန၏တက္ကသိုလ်အဖြစ် ရပ်တည်သည့် (Public University) အများပြည်သူနှင့် သက်ဆိုင်သောတက္ကသိုလ်ဖြစ် သည်။ တက္ကသိုလ်မှ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတက္ကသိုလ် (Autonomous University) အဖြစ်စီမံဆောင်ရွက်ပါသည်။ တက္ကသိုလ်သည် တက္ကသိုလ်ရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသား/ သူ ဟောင်းများနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ပညာရပ်စုံပါဝင်သောတက္ကသိုလ် (Comprehensive University) ဖြစ်သည်။ ပြည်သူ့ အာဏာအား လက်နက်အားကိုး မတရားလုယူထားသော အကြမ်းဖက်စစ်ကောင်စီသည် လူသားတို့၏ မွေးရာပါ ရရှိရထိုက်သော လူ့အခွင့်ရေးအားလုံးချိုးဖောက်၍ လက်နက်ဖြင့် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်လျက်ရှိနေပါသည်။ ပြည်သူလူထုနှင့် ကျောင်းသားလူငယ်များ သတင်းအချက်အလက်မရရှိစေရန်၊ ပညာသင်ကြားခွင့် သင်ယူခွင့်များ Internet မရရှိစေရန် သတင်းဆက်သွယ်ရေးကို ဖြတ်တောက်ထားပါသည်။ အင်တာနက်ဖြတ်တောက်ခံထား ရခြင်းကြောင့် အခြားဒေသများရှိ ကျောင်းသား/ သူများကဲ့သို့ Online ပညာသင် စနစ်မရရှိပဲ ပညာသင်ကြားခွင့် များ ဆုံးရှုံးနေမှုများကိုဖြည့်ဆည်းရန်အတွက်၊ ကျောင်းသားလူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန်အ တွက်၊ ပြည်သူ့အစိုးရ၊ တော်လှန်ရေးအစိုးရ၏ ယန္တရားလည်ပတ်နိုင်ရန် ကြိုးစားဆောင် ရွက်လျက်ရှိနေပါသည်။ တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်တွင် တိုင်းပြည်ကို စနစ်တကျပြန်လည် တည်ဆောက်နိုင်ရန်နှင့် ပြန်လည်ကုစားနိုင်ရန်အတွက် ရည်ရွယ်ပါသည်။

မြေပြင်တွင်သင်ကြားပေးနိုင်သော အဆင့်မြင့်ပညာသင်တက္ကသိုလ် ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၂၂ မှစတင် ကြိုးစားခဲ့ပြီး ဇန်နဝါရီ ၅-၂၀၂၃ တွင် ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း နှင့် အလွတ်သဘောစတင်ဆွေးနွေးခဲ့ပြီး ဇန်နဝါရီ ၆ - ၂၀၂၃ တွင် အဆင့်မြင့်ပညာဖွင့်လှစ်သင်ကြားနိုင်ရန် အသေး စိတ်ကို စတင်ဆွေးနွေးခဲ့ပါသည်။ ဇန်နဝါရီ ၂၁-၂၀၂၃ မြေပြင်အစည်းဝေးအောင်မြင်စွာတွေ့ဆုံဆွေးနွေး နိုင်ခဲ့ပြီး Chindwin University Committee အဖွဲ့ဝင် ၉ ဦးဖွင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း၏ အကြံပြုချက်အရ ဆရာအတတ်သင် သင်တန်းကျောင်း TTC ဖွင့်လှစ်နိုင်ရန်ကြိုးစား နေသော တာဝန်ရှိသူများနှင့် ဇန်နဝါရီ ၂၂ -၂၀၂၃ တွေ့ဆုံပြီး အဆင့်မြင့်ပညာကဏ္ဍ ပူးပေါင်းအကောင်ထည်ဖော်ရန် သဘောတူညီချက်ဖြင့် ဇန်နဝါရီ ၂၃ -၂၀၂၃ တွင် အခြေခံနှင့် အဆင့်မြင့်ပညာ ဆရာဆရာမများနှင့် မြေပြင်အစည်းဝေး အောင်မြင်စွာကျင်းပခဲ့ပြီး ပညာရပ်စုံပါဝင်သော Chindwin University Committee အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ (၂၁-၁-၂၀၂၃ မှ ၂၃-၁-၂၀၂၃) နေ့များတွင် အဆင့်မြင့် ပညာမှ CDM ဆရာ/မများ၊ တော်လှန်ရေးအင်အားစု ခေါင်းဆောင်များ၊ အခြေခံပညာရေးမှ မြို့နယ်၊ ခရိုင်ဘုတ် အဖွဲ့ဝင်များ‌နှင့် ဒေသခံအုပ်ချုပ်ရေးတာဝန်ယူထားသူများ စုပေါင်းပြုလုပ်ခဲ့သောမြေပြင်အ စည်းအဝေးမှ Comprehensive University အဖြစ် သင်ကြား-သင်ယူမှုများ ဆောင်ရွက်နိုင်ရန် တာဝန်ယူဖော် ဆောင်ရန် ပေါ်ပေါက်လာပါသည်။ ထိုမြေပြင်အစည်းဝေးမှ အဆင့်မြင့်ပညာသင်တက္ကသိုလ်ဖြစ်ပေါ်လာရေး လုပ်ဆောင် ရမည့်မူဝါဒနှင့် လုပ်ငန်းစဥ် ၁၅ ချက်ကို ချမှတ်နိုင်ခဲ့ပါသည်။

ဇန်နဝါရီ ၂၆ - ၂၀၂၃ တွင် ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း ဦးဆောင်၍ ဝန်ကြီးဌာနအဖွဲ့ဝင်များ၊ အဆင့်မြင့်ပညာကဏ္ဍဆရာ/ ဆရာမများ၊ ကြားကာလတက္ကသိုလ်ကောင်စီ များနှင့် မြေပြင်တက္ကသိုလ်ဖြစ်ပေါ်ရေးအင်အားစုများပါဝင်သော Online အစည်း‌ဝေးတွင် ဒုတိယဝန်ကြီး၏ အကြံ ပြုချက်အရ Comprehensive University ဖြစ်ပေါ်လာဖို့အတွက် Chindwin University ဖြစ်ပေါ်ရေးအင်အားစုနှင့် TTC ဖွင့်လှစ်နိုင်ရန်ကြိုးစားနေသော အင်အားစုများပူးပေါင်း၍ မြေပြင်တက္ကသိုလ်အား Chindwin Comprehensive University – CCU အဖြစ်အတည်ပြုခဲ့ပါသည်။

ဖေဖေါ်ဝါရီ ၂၆- ၂၀၂၃ တွင် ပညာရေးနှင့်ကျန်းမာရေးပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ ပညာရေး ဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းဦးဆောင်၍ ဝန်ကြီးဌာနအဖွဲ့ဝင်များ၊ အဆင့် မြင့်ပညာ ကဏ္ဍဆရာ/ဆရာမများ၊ ဘာသညရပ်ဆိုင်ရာ BOE/ BOS များ၊ ကြားကာလတက္ကသိုလ်ကောင်စီ များနှင့် မြေပြင်တက္ကသိုလ်အား Chindwin Comprehensive University – CCU အကောင်ထည်ပေါ်လာရေး ဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများထံမှ ညွန်ကြားချက်ခံယူပြီး ဆက် လက်ဆောင်ရွက်ပါသည်။ မေလ ၁-၂၀၂၃ တွင် ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူရှိ အဆင့်မြင့်ဆရာ/ ဆရာမ များနှင့် တက္ကသိုလ်အဆင့်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရန်အတွက် မြေပြင်အစည်းဝေးဆောင်ရွက်ခဲ့ပါသည်။  မေလ ၈- ၂၀၂၃ တွင် တက္ကသိုလ်ကော်မတီ ၁၁ ဦးတွင် TTC ဖွင့်လှစ်နိုင်ရန်ကြိုးစားနေသော အင်အားစုများမှ ကိုယ်စားလှယ် 4 ဦီး ထပ်မံအားဖြည့်၍ စုစုပေါင်း ၁၅ ဦး ဖြင့် မြေပြင်တက္ကသိုလ်အား Chindwin Comprehensive University – CCU Committee အားဖွဲ့စည်းခဲ့ပါသည်။

မြေပြင်တွင်သင်ကြားပေးနိုင်သော အဆင့်မြင့်ပညာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန်အတွက် အခက်ခဲအမျိုးမျိုး ကြားမှ ကြိုးစားဖော်ဆောင်လာခဲ့ကြပြီး ဇူလိုင် ၂၉ - ၂၀၂၃ ရက်တွင် CCU၏မဟာဌာနတစ်ခုဖြစ်သာ  CCU: School of Education ကို ဖွင့်ပွဲပြုလုပ်ခဲ့ပြီး သြဂုတ် ၈. ၂၀၂၃ တွင် ဝိဇ္ဇာနှင့် သိပ္ပံပညာမဟာဌာန CCU: School of Arts & Sciences ဖွင့်လှစ်ပွဲကျင်းပခဲ့ပါသည်။ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးပရိုဂရမ် CCU: HRD Programme မှလည်း သင်ကြားရေးလုပ်လုပ်ငန်းများ ပူးတွဲဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မဟာဌာနအလိုက်အချိုးကျဆရာ/ ဆရာမ များ တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီမှ အချိုးကျကိုယ်စားရွေးချယ်ပြီး ၂၁ ဦးကော်မတီအား ယာယီ တက္ကသိုလ်ကောင်စီ အဖြစ်ဖွဲ့စည်းခဲ့ပြီး တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။  School of Engineering, Distance Education Programme, Faculty of Social Sciences, Faculty of Agriculture စသည့် ပညာရပ်ဆိုင်ရာမဟာဌာများ ဆက်တိုက်ဖွင့်လှစ်ခဲ့ပါသည်။ မကြာမှီ ဖွံ့ဖြိုးရေးပညာမဟာဌာန CCU: School of Development Studies မှ ကျေးလက်ဖွံ့ဖြိုးရေးပညာဘွဲ့လွန်ဒီပလိုမာ  Post Graduate Diploma in Rural Development ကို ဖွင့်လှစ်သင် ကြားပေးနိုင်တော့မည်ဖြစ်ပါသည်။

CCUသည် ကျောင်းသားကျောင်းသူများ၏ အနာဂတ်ပညာရေးခိုင်မာစေရန်နှင့် တက္ကသိုလ်ရေရှည် တည်တန့်ခိုင်မာရေးကိုရှေ့ရှု၍ တက္ကသိုလ်ပဋိဥာဥ် University Charter ကို ဖေဖော်ဝါရီ ၆ -၂၀၂၄ တွင် တက္ကသိုလ် နှင့် သက်ဆိုင်သောလူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များညီလာခံ University (CCU)’s Stakeholders Conference ကို ခေါ်ယူ ၍ ညီလာခံ၏အတည်ပြုချက်ဖြင့်ပြဌာန်းခဲ့ပါသည်။ တက္ကသိုလ်ကောင်စီအား ပဋိဥာဥ်ပါပြဌာန်းချက်အတိုင်း ကောင်စီအဖွဲ့ဝင်များနှင့် ဖွဲ့စည်းတာယူဝန်အပ်နှင်းထားပါသည်။ တက္ကသိုလ်ကောင်စီတွင် အုပ်ချုပ်ရေးတာဝန် ယူထားသည့် အစုအဖွဲ့၊ ပညာရပ်ဆိုင်ရာ အစုအဖွဲ့၊ လုံခြုံရေးတာဝန်ရှိ သူများအစုအဖွဲ့၊ ဘဏ္ဍာရေးဆိုင်ရာအစုအဖွဲ့၊ ကျောင်းခွဲ(ဌာနခွဲ) များအစုအဖွဲ့၊ ကျောင်းသားရေးရာအစုအဖွဲ့ ကျောင်းသား‌/ သူဟောင်းများအစုအဖွဲ့ စသည်ဖြင့် ပါဝင်မည်။ တက္ကသိုလ်ကောင်စီအဖွဲ့ဝင်များမှာ

(က) ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး (နာယကအဖြစ်)

(ခ) ပညာရပ်ဆိုင်ရာ အမြင့်ဆုံး (BOE/ BOS)များမှ ကိုယ်စားလှယ် (၂ ) ဦး

(ဂ) တက္ကသိုလ်ဖြစ်မြောက်ရေးအတွက် ဇန်နဝါ၇ီ (၂၁ -၂ - ၂၀၂၃) တွင် မြေပြင်အစည်း အဝေးမှ ပေါ်ပေါက်လာသော ပင်မတက္ကသိုလ်ကော်မတီမှ ကိုယ်စားလှယ် (၃) ဦး

(ဃ) မဟာဌာနများမှ အချိုးကျကိုယ်စားလှယ်

(င) ကော်မတီများမှ အချိုးကျကိုယ်စားလှယ်

(စ) ပရိုဂရမ်များမှ အချိုးကျကိုယ်စားလှယ်

(ဆ) အင်စတီကျုများမှ အချိုးကျကိုယ်စားလှယ်

(ဇ) ကျောင်းခွဲ (ခမ်းပတ်ခွဲ) များမှ အချိုးကျကိုယ်စားလှယ်

(ဈ) ဆရာ/ ဆရာမများ ကိုယ်စားလှယ်  (၄) ဦး

(ည) ကျောင်းသားကိုယ်စားလှယ်  (၂) ဦး

(ဋ) တက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့အစည်းမှ ကိုယ်စားလှယ် (၂) ဦး

(ဌ) ပြင်ပကျွမ်းကျင်ပညာရှင်  (၂) ဦး

(ဍ) တိုင်းဒေသ (ဖက်ဒရယ်ယူနစ်) ပညာရေးတာဝန်ခံ/ ဝန်ကြီး

(ဎ) တိုင်းဒေသ (ဖက်ဒရယ်ယူနစ်) ဘဏ္ဍာရေးတာဝန်ခံ/ ဝန်ကြီး

(ဏ) စာကြည့်တိုက်မှူး

(တ) စင်တာတာဝန်ခံများ

(ထ) ယူနစ်တာဝန်ခံများ ပါဝင်ပါသည်။

သပ်မှတ်ထားသော ပညာသင်နှစ်အောင်မြင်ပြီးမြှောက်သော ကျောင်းသား/ သူများအား သက်ဆိုင်ရာ ဘွဲ့ ဒီဂရီ အသီးသီးကို တက္ကသိုလ်၏တရားဝင်အသိမှတ်ပြုအပ်နှင်းနိုင်ရန်အတွက် တက္ကသိုလ်ပဋိဥာဥ်ပါပြဌာန်းချက် အတိုင်း ကောင်စီအဖွဲ့ဝင်များကို ဒီမိုကရေစီနည်းကျရွေးချယ် တာဝန်အပ်နှင်းပါသည်။ ထို့နောက်တက္ကသိုလ်၏ လုပ်ငန်း ဆောင်တာများကို တရားဝင်ဦးဆောင်ရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်  တက္ကသိုလ်ကောင်စီ၏ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးတို့ကို တက္ကသိုလ်ပဋိဥာဥ်ပါပြဌာန်းချက်အတိုင်း ကောင်စီ အဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၁၂ -၂၀၂၄ တွင် ဒီမိုကရေစီနည်းကျ ရွေးချယ် တာဝန်အပ်နှင်းပါသည်။

ရွေးကောက်ပွဲလုပ်ငန်းစဥ်သို့ ဖိတ်ကြားသည့်အစုအဖွဲ့များ

(က) UC (တက္ကသိုလ်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များ)မှ အချိုးကျကိုယ်စားလှယ်များ

(ခ) SOAS (School of Arts and Sciences) မှ အချိုးကျကိုယ်စားလှယ်များ

(ဂ) SOE (School of Education) မှ အချိုးကျကိုယ်စားလှယ်များ

(ဃ) DEP (Distance Education Programme) မှ အချိုးကျကိုယ်စားလှယ်များ

(င)  SOEN (School of Engineering) မှ အချိုးကျကိုယ်စားလှယ်များ

(စ) HRDP (H. R. D. Programme) မှ အချိုးကျကိုယ်စားလှယ်

(ဆ) FOA (Faculty of Agriculture) မှ အချိုးကျကိုယ်စားလှယ်များ

(ဇ) FOSS (Faculty of Social Sciences) မှ အချိုးကျကိုယ်စားလှယ်များ

(ဈ) RUS ကျောင်းသား/ ကျောင်းသူ ကိုယ်စားလှယ်များ

(ည) AU (Alumni Union) ကျောင်းသား/ ကျောင်းသူဟောင်းများ ကိုယ်စားလှယ်များ

(ဋ) SC လုံခြုံရေးဆိုင်ရာ အထူးကော်မတီမှ အချိုးကျကိုယ်စားလှယ်

(ဌ) Observer လေ့လာစောင့်ကြည့်သူများ

ဖေဖော်ဝါရီ ၂၈/၂၉ -၂၀၂၄ တွင် တက္ကသိုလ်ပဋိဥာဥ်ပါပြဌာန်းချက်မှ တရားဝင်အပ်နှင်းထားသောတာဝန်အရ တက္ကသိုလ်ကောင်စီမှ ဘွဲ့နှင်းသဘင်ကိုကျင်းပပြီး ဘွဲ့အပ်နှင်းခဲ့ပါသည်။ ထို့ကြောင့် CCU မှပေးအပ်သောဘွဲ့သည် တက္ကသိုလ်ပဋိဥာဥ်မှ ပေးအပ်သောဘွဲ့ဖြစ်ပါသည်။ CCU သည် ဒေသနှင့် တိုင်းပြည် လူမှုအသိုက်အဝန်း တည်ဆောက်ရေးအတွက် လိုအပ်သော ပညာရပ်များတိုးချဲ့ သင်ကြားပေးနိုင်အောင်ဆက်လက်ဆောင်ရွက်မည် ဖြစ်ပြီး တိုးတက်ကောင်းမွန် သောလူမှု့အသိုက်အဝန်းအား တည်ဆောက်နိုင်သည့်လူငယ်မျိူးဆက်များ ပေါ်ထွန်း လာစေမည်ဖြစ်သည်။

အယ်ဒီတာအဖွဲ့

တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း