ပိဋကတ်သုံးပုံအား ခွဲခြမ်းခြင်း အပိုင်း(၁)


ဗုဒ္ဓပိဋကတ်တော်ဟာ ဝိနည်း,သုတ္တန်,အဘိဓမ္မာ ဆိုပြီး သုံးမျိုးရှိတယ်ဆိုတာ အားလုံးသိကြပါတယ်။

အဲဒီ ဗုဒ္ဓပိဋကတ်တော်သုံးပုံကို အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်အနေနဲ့ တူညီရာအမျိုးအစားအလိုက် တစ်ခြားနာမည်တို့ကိုအသုံးပြုပြီး သုံးမျိုးစီ ပြန်ခွဲပြထားပါတယ်။

(၁) အာဏာဒေသနာတော်

(၂) ဝေါဟာရဒေသနာတော်

(၃) ပရမတ္ထဒေသနာတော်


(၁) အာဏာဒေသနာတော်ဆိုတာက ဝိနည်းပိဋကတ်ကို ဆိုလိုတာပါ။ ဝိနည်းပိဋကတ်တော်မှာ အများစုက ရဟန်း,ရဟန်းမများ ကျုးလွန်မိကြတဲ့ အပြစ်တို့ကို အကြောင်းပြုပြီး " မလုပ်ရဘူး! လုပ်မိရင် ဒီအပြစ်သင့်ရောက်စေ၊ အဲဒီအပြစ်ကိုကုစားချင်ရင် ဒီလိုဒီပုံနည်းအားဖြင့် ကုစားစေ " ဆိုပြီး အမိန့်အာဏာတော်နဲ့ပညတ်ထားတော်မူခဲ့တဲ့ သိက္ခါပုဒ်တော်များသာ ဖြစ်ပါတယ်။

(၂) ဝေါဟာရဒေသနာတော်ဆိုတာက သုတ္တန်ပိဋကတ်ကို ဆိုလိုတာပါ။သုတ္တန်ပိဋကတ်တော်မှာ အများစုက အမိန့်အဏာတော်များမဟုတ်ဘဲ " ချစ်သားရဟန်းတို့ ဤလောက၌ လေးမျိုးသောပုဂ္ဂိုလ် တို့သည် ရှိကုန်၏ " လို့ဆိုတဲ့ ဝေါဟာရအလွှဲအပြောင်းများစွာနဲ့ အခြေခံတရားတစ်မျိုးတည်းကိုပဲ အထပ်ထပ်အခါခါ ဟောတော်မူခဲ့ပါတယ်။

(၃) ပရမတ္ထဒေသနာတော်ဆိုတာက အဘိဓမ္မာပိဋကတ်ကို ဆိုလိုတာပါ။အဘိဓမ္မာပိဋကတ်တော်မှာတော့ အများစုဟာ " ရုပ်တရားတို့သည် ဖောက်ပြန်ခြင်းလက္ခဏါကုန်ရှိ၏၊ ဝေဒနာသည် ခံစားခြင်းလက္ခဏါရှိ၏ " လို့ဆိုပြီး ရုပ်တရား,နာမ်တရားတို့ရဲ့ သဘောအမှန်တရားလို့ဆိုတဲ့ ပရမတ္ထသဘောတရားများကို အခြေပြုပြီး ဟောထားတော်မူခဲ့ပါတယ်။