သိပြီ။ သူတို့ ၂ယောက် ဘာတွေရေးထားလဲသွားကြည့်ပြီးသွားလို့ ရသွားပြီ။ ကိုယ့် ဂုဏ် ကိုယ်ဖော် မသူတော် အဲလေ ကိုယ့်အကြောင်း ကိုယ်ပြောရမယ့် စာမျက်နှာကိုး။ ကောင်းပေစွ..ကောင်းပေစွ။

my ဤအသုံးပြုသူ၏ မိခင်ဘာသာစကားမှာ မြန်မာစကား ဖြစ်သည်။

Hana San သည် Lionslayer ၏ တိုက်တွန်းမြှောက်ပင့်မှုများကြောင့် မြန်မာအွန်လိုင်းစွယ်စုံကျမ်းတွင် သူမ စိတ်ဝင်စားသော မြန်မာနိုင်ငံတွင်ပေါက်ရောက်သောအပင်များနှင့် ပန်းများအကြောင်းကိုရေးသားနေသည်။ မူလတန်းပြဆရာမတစ်ဦးဖြစ်ခဲ့စဉ်က လေ့လာသင်ယူခဲ့ရသော ကလေးစိတ်ပညာနှင့် ဆက်စပ်ပတ်သက်၍လည်း ကလေးသူငယ်များအကြောင်းကိုလည်း ရေးသားသည်။ လှချင်သောအမျိုးသမီးတစ်ဦးဖြစ်ခြင်းကြောင့် အမျိုးသမီးများအသားအရေထိန်းသိမ်းခြင်းဆိုင်ရာများ၊ အိမ်ခန်းအလှပြင်ဆင်ခြင်းများကိုလည်း ရံဖန်ရံခါ ရေးသားသည်။

မြန်မာနိုင်ငံဇာတိဖြစ်ပြီး မြန်မာဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သည်။ မြန်မာစာကိုမူ အမှားအယွင်းအနည်းငယ်မျှနှင့်ရေးသားတတ်သည်။ ပြင်သစ်ဘာသာနှင့်အင်္ဂလိပ်ဘာသာကို အနည်းငယ်ပြောဆို ရေးသားနိုင်သည်။ စာပေနှင့်ပတ်သက်၍ ၂၀၀၅ ခုနှစ်မှ စတင်ကာ မဂ္ဂဇင်းဝထ္ထုတိုများ စာမူရွေးချယ်ခြင်းခံရကာ ကြိုကြားဖော်ပြခံရသည်။ ၂၀၀၅ ခုနှစ်မှ စတင်ကာ မြန်မာပြည်သားစာကြည့်တိုက်အတွက် စာမူများရေးပေးခြင်းဖြင့် အွန်လိုင်းစာပေလောကသို့ ဝင်ရောက်လာသည်။ ၂၀၀၆ ခုနှစ်မှ စတင်ကာ သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်းနှင့် ချယ်ရီသစ္စာအွန်လိုင်းစာကြည့်တိုက်တို့အတွက် ပုံမှန် စာမူများရေးပေးခဲ့သည်။ ၂၀၀၈ ခုနှစ်၊ မတ်လ ၂ရက်နေ့မှ စတင်ကာ လောကအလှအွန်လိုင်းမဂ္ဂဇင်းကို အင်တာနက်တွင် စတင်လွှင့်ထားသည်။ အယ်ဒီတာအဖြစ်ဆောင်ရွက်နေပြီး ရသစာမူများ လုံလောက်စွာမရခြင်းကြောင့် ကိုယ်တိုင်ရေးသားနေသည်။ ချက်နည်းပြုတ်နည်း၊ သုတ၊ အတွေးအမြင်၊ ကလေးများအတွက်ပုံပြင်များကိုရေးသားသည်။ နည်းပညာအင်တာနက်စာမျက်နှာတစ်ခုတွင် အခကြေးငွေဖြင့် အယ်ဒီတာ လုပ်ဆောင်သည်။ ရွှေမော်ကွန်းအွန်လိုင်းမဂ္ဂဇင်းတွင်လည်း စာမူများရေးသားနေသည်။ ပြင်သစ်နိုင်ငံမှ ကျင်းပသော အသက်၃၀ နှစ်အောက် အငယ်တန်းဝထ္ထုတိုပြိုင်ပွဲများတွင် ပြင်သစ်ဘာသာဖြင့် ဝထ္ထုတိုများရေးသားယှဉ်ပြိုင်သော်လည်း ဆုတစ်ခါမှ မရသောကြောင့် ပြင်သစ်ဘာသာအားဆက်လက်လေ့လာလိုက်စားခြင်းမပြုတော့ပေ။

လက်ရှိအချိန်တွင် ပြည်ပနည်းပညာတက္ကသိုလ်တစ်ခုတွင် အီလက်ထရွန်နစ်နှင့် ကွန်ပျူတာအင်ဂျင်နီယားရင်း ဘွဲ့လွန်သင်တန်းကို ဖြေဆိုထားပြီး သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုသုတေသနများကို ပြုလုပ်နေသည်။ ဩစတေးလျနိုင်ငံ နှင့် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော နိုင်ငံတကာအင်ဂျင်နီယာသုတေသနစာတမ်းဖတ်ပွဲများတွင် စာတမ်း ၂ စောင်တင်သွင်းထုတ်ဝေပြီးဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အမေရိကန်ရူပဗေဒအသင်းဂျာနယ်တွင် သုတေသနဆောင်းပါးတစ်ခု ရွေးချယ်ဖော်ပြခံခဲ့သည်။ နိုင်ငံတကာဆေးပညာအင်ဂျင်နီယာဂျာနယ်တွင် ၂၀၁၁ ခုနှစ်အတွက် သုတေသနဆောင်းပါးတစ်ခု ရွေးချယ်ဖော်ပြခံရသည်။

ODF Myanmar ဆိုသောပရဟိတအသင်းအဖွဲ့တွင် ပါဝင်ဆောင်ရွက်နေပြီး မိဘမဲ့ကလေးများအားနှင့် ဒုက္ခိတနွမ်းပါးသူများအား လစဉ်စောင့်ရှောက်ကူညီနေသည်။ မျက်မမြင်ကျောင်းမှ ကလေးများအတွက် ပုံပြင်များရေးသား အသံသွင်းလှုဒါန်းခြင်းများ ကြုံလျှင် ကြုံသလို ပြုလုပ်နေပြီး ထိုအသံဖိုင်လ်များကို အဖြူရောင်သံစဉ်ရေဒီယိုမှ ကလေးများအတွက် ပုံပြင်ကဏ္ဍတွင် အသံလွှင့်သည်။

သိပ္ပံဘာသာရပ်များ၊ အတွေးအခေါ်၊ စိတ်ပညာဘာသာရပ်များကို စိတ်ပါဝင်စားသည်။ သဘာဝတရားကို ချစ်သည်။ လိုရင်းတိုရှင်းမပြောကြားမှုများကို စိတ်မရှည်၊ သည်းမခံတတ်။ အဖြူ၊ အမဲ သဲသဲကွဲကွဲ ပြောကြားသည်များကို နှစ်သက်သည်။ ဝေ့လည်ကြောင်ပတ်များကို ထသတ်ချင်လောက်အောင် စိတ်မရှည်။