မလွန်မြသပိတ်

ပြင်ဆင်ရန်

ဝီကီပီးဒီးယား မှ အ​ညွှန်း​သို့ ခုန်ကူးရန်ရှာဖွေရန် ခုန်ကူးမည် မကွေးမြသလွန်၊ မလွန်မြသပိတ် စာဆိုအရ မကွေးမြို့ မြသလွန် ဘုရားသည် မြန်မာပြည်တစ်ဝန်း အထိကရ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရား သက်တော် ၈ဝ၊ ဝါတော် ၄၅ ဝါလုံး သုံးစွဲတော် မူခဲ့သည့် ပဲနောက်စေ့ အဆင်းရှိ မြသပိတ်တော်စစ် ကိန်းဝပ်တော်မူရာ မလွန်မြသပိတ် စေတီတော်မှာ မကွေးတိုင်း ဒေသကြီး အထက်မင်းလှမြို့ နယ်မှ ငါးမိုင်ခန့်ကွာဝေးသော မလွန် မြို့ဟောင်း၌ တည်ရှိပါသည်။

မလွန်ရွာသည် ရှေးနှစ်ပေါင်း နှစ်ထောင်ကျော်က တည်ထောင်ခဲ့သည့် မြို့တစ်မြို့ဖြစ်ပြီး မြို့စားအဆက်ဆက် အုပ်ချုပ်ခဲ့သည်။ အထူးသဖြင့် ၁၈၂၆ ခု အင်္ဂလိပ်နှင့်မြန်မာ ပထမစစ်ပွဲ အတွင်း မလွန်ခံတပ်တိုက်ပွဲကြီး ကြောင့် ဤမြသပိတ်ဘုရားကြီးနှင့် ဤနေရာ ဤမြို့တို့မှာ တိမ်ကောခဲ့ရခြင်း ဖြစ်သည်။

မလွန်ရွာသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မထင်မရှား ရှိနေရာမှ ၁၉၆၅ ခုနှစ်၊ မြန်မာ့အကြီးစား စက်မှုလုပ်ငန်းက မလွန်ရွာအနီး၌ စက်ရုံတည်ထောင်ခဲ့၍ ပြန်လည်လူသိ များလာသည်။ မလွန်သို့ တောင်တွင်းကြီးနှင့် မကွေးကို မော်တော်ကားလမ်း၊ သစ်ရာကောက် ရွာအလွန် မိကျောင်းရဲ လမ်းခွဲအတိုင်း လာ၍ ပဌနဂိုရ် ဆိပ်ကမ်းလမ်းခွဲသို့ ရောက်လျှင် လေးမိုင်ခန့် ခရီးဆက်ရ သည်။ ပဌနဂိုရ်ဆိပ်ကမ်းမှ ဧရာဝတီ မြစ်ကို လှေ၊ မော်တော်တို့ဖြင့် မလွန်သို့ ကူးရသည်။ မင်းဘူးမြို့မှ ၂၂ မိုင် ခန့်ကွာဝေး၍ မော်တော်ကားဖြင့် ရာသီမရွေး သွားလာနိုင်သည်။ မကွေး နှင့်ဆင်ပေါင်ဝဲမြို့များမှ ဧရာဝတီမြစ် ကြောင်းအတိုင်း လာရောက်နိုင်သည်။

မလွန်မြို့ သမိုင်းမှာ သာသနာ သက္ကရာဇ် ၄၃၃ ခုနှစ်၊ သရေခေတ္တရာ ပြည်ကြီးကို စိုးစံသော ကြက်ဦးခေါင်းစား ငတပါးမင်းသည် တိုင်းနိုင်ငံချဲ့ ရန် သာသနာသက္ကရာဇ် ၄၅၈ ခု၊ တပေါင်းလဆန်း ၇ ရက်နေ့တွင် သုနာပရန္တ တိုင်းအဝင် မဟာဝနပ ဒေသ၌ ကျုံး၊ ပစ္စင်၊ ရင်တား၊ တံခါး၊ ပြအိုးတို့နှင့် ပြည့်စုံစွာ မြို့တည်တော်မူ၏။ ငတပါးမင်းသည် မည်သူမှမလွန်မဦးမီ မြို့တည်နိုင်ခြင်းကြောင့် လည်းကောင်း။ မင်း၏ ဘုန်းလက်ရုံး အာဏာကို မည်သူတစ်ဦး တစ်ယောက်မျှ မလွန်ဆန်ဝံ့နိုင်သော ကြောင့်လည်းကောင်း၊ မလွန်မြို့ဟု ကမ္ဗည်းထိုးခဲ့၏။ ပုပ္ပားစောလူးမင်း သည် တံခါးကြီးငါးမျက်နှာပါသော မြို့အဖြစ် ထပ်မံတည်ထောင်ခဲ့၏။ ထို့ နောက်သက္ကရာဇ် ၆၅၅ ခုနှစ်တွင် တောင်တွင်းမြို့ သီဟပတေ့မင်းသည် မလွန်မြို့အောင်သီရိကုန်းတော်၌ ရတနာစက် ဤဘုရားကိုတည်တော် မူ၏။

မြသပိတ် စေတီတော်ဖြစ်ပေါ် လာပုံမှာ ဗုဒ္ဓဘုရားရှင် တောထွက်တော်မူစဉ် အလောင်းတော် သူမြတ်အား ဃဋီကာရ ဗြဟ္မာမင်း ကပ်လှူသော မြသပိတ်တော်သည် ဘုရားမဖြစ်မီ ဒုက္ကရ စရိယာ ခြောက်နှစ်ကြာအောင် ကျင့်တော်မူစဉ် ကာလပတ်လုံး အလောင်းတော်ကို စွန့်ခွာမသွားဘဲ သူဌေးကတော် သုဇာတာ ဃဏာနို့ ဆွမ်းကပ်လှူရန် လာသော ထိုခဏ၌ ကွယ်ပျောက်ခဲ့၏။ ဗုဒ္ဓဘုရားရှင်သည် ဃဏာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံ၍ ၄၉ လုတ်ဘုန်းပေးပြီးလျှင် ရွှေခွက်ကို နေရဉ္စာရာမြစ်သို့ မျှောခဲ့၏။ ထို့နောက် သတ္တာသတ္တာဟ ကျင့်သုံးလျက် ဘုရားအဖြစ် ရောက်တော်မူပြီးစ အချိန်တွင် မြန်မာတိုင်းဥက္ကလာပ ဇနပုဒ်နေ တဖုဿနှင့် ဘလ္လိကကုန် သည်ညီနောင်တို့က ပျားမုန့်ဆုပ်နှင့် မုန့်ကြွပ်ကျစ်ကို လင်းလွန်းပင်ရင်း၌ ဆက်ကပ်လှူဒါန်းကြ၏။ ထိုအချိန် ရှင်တော်ဘုရား၌ သပိတ်တော် လက်မဲ့ဖြစ်၍ ''ရှေးရှေးနောင်တော် မြတ်စွာဘုရားတို့သည် လက်တော်တို့ဖြင့် အာဟာရကို အလှူမခံကြကုန်။ ထို့ကြောင့် ငါသည် ယခုကုန်သည်ညီ နောင်တို့ လှူဒါန်းအပ်သော မုန့်ကြွပ်ကျစ်နှင့် ပျားမုန့်ဆုပ်တို့ကို အဘယ်အရာဖြင့် အလှူခံရပါမည်နည်း''ဟု ကြံစည်တော်မူ၏။ ထိုအခါ မြတ်စွာဘုရား၏ စိတ်အကြံတော်ကို သိကြ၍ အရပ်လေးမျက်နှာတို့မှ တေရဌ၊ ဝိရုဋ္ဌက၊ ဝိရုပက္ခ၊ ကုဝေရ ဟူသော စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့သည် ဣန္ဒနီလာ ကျောက်ညိုသပိတ်တော် လေးလုံးတို့ကို မြတ်စွာဘုရားအား ရိုသေစွာဆက် ကပ်လှူဒါန်းကြလေသည်။ မြတ်စွာ ဘုရားသည် ထိုဣန္ဒနီလာကျောက်ညို သပိတ်လေးလုံးတို့ကို အလှူမခံဘဲ ပယ်တော်မူ၏။ တဖန်နတ်မင်းကြီး လေးယောက်တို့သည် ပဲနောက် အဆင်းရှိသော (ပကတိ)ကျောက် သပိတ်လေးလုံးတို့ကို ဆက်ကပ်လှူ ဒါန်းကြပြန်ကုန်၏။ မြတ်စွာဘုရားသည် ထိုပကတိ ကျောက်သပိတ် လေးလုံးတို့ကို အလှူခံတော်မူပြီးလျှင် နတ်မင်းကြီးလေးယောက်တို့ကို သနားချီးမြှောက်တော် မူသောအားဖြင့် ထိုကျောက်သပိတ် လေးလုံးတို့ကို ထပ်လျက် ''သပိတ်တစ်လုံးတည်း ဖြစ်စေသတည်း''ဟု အဓိဋ္ဌာန်ပြု တော်မူလိုက်လျှင် ထိုသပိတ်တော် လေးလုံးသည် အနားလေးရစ်ရှိသော သပိတ်တော် တစ်လုံးတည်း အဖြစ်သို့ ရောက်လေသည်။ ယင်းသပိတ်တော်သည် တစ်လက်မ၏ ငါးပုံတစ်ပုံ အထူရှိပြီး ပဲနောက်စေ့ အဆင်းရှိ၏။ ထိုသပိတ်တော်ဖြင့် ကုန်သည်ညီနောင်၏ အလှူကို ခံယူသုံးဆောင်တော် မူ၏။ ဤသပိတ်တော်ကို ဘုရားရှင်သည် သက်တော် ၈ဝ၊ ဝါတော် ၄၅ ဝါ ကုန်ဆုံးအောင် သုံးတော်မူ၏။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော် မူပြီးနောက် အရှင်အာနန္ဒာနှင့် မြသပိတ်တော် အတူပါသွားပြီး သာဝတ္တိပြည်၊ ရာဇဂြိုဟ်ပြည် ၄င်းမှတစ်ဆင့် ဒက္ခိဏဂီရိတိုင်း၊ ဝဇီရာပြည်သို့ ရောက်ရှိခဲ့ပြန်သည်။

သက္ကရာဇ် ၁ဝ၁ ခုနှစ်တွင် သရေခေတ္တရာ ပြည်ကြီးကို စိုးစံသော ဒွတ္တပေါင် မင်းကြီးသည် ဗိုလ်ခြေများ စွာနှင့် မြသပိတ်တော်ကို ဝဇီရာပြည် မှပင့်ဆောင်၍ သရေခေတ္တရာမြို့ပြင်၌ မြသပိတ်တော်ကို ဌာပနာပြီးစေတီ တည်ထားရာ မြစည်းခုံဟု ဘွဲ့မည်တွင်၏။ သရေခေတ္တရာ ပြည်ကြီးပျက်သော် မြသပိတ်တော်ကို ပေါက္ကံပြည် သို့ပင့်ဆောင်ခဲ့သည်။ ပုဂံပြည်ကြီး ပျက်သော် မြသပိတ်တော်သည် အင်းဝသို့ ရောက်ရှိခဲ့သည်။ သက္ကရာဇ် ၇၅၆ ခုနှစ်တွင် ဟံသာဝတီ ဘုရင်မင်းရာဇာသည် အင်းဝပြည်ကြီးကို တိုက်ခိုက် သိမ်းယူပြီး အင်းဝမှဘုရားရုပ်ပွား တစ်ဆူနှင့် မြသပိတ်တော်ကို ဧရာဝ တီမြစ်ကြောင်းအတိုင်း ဖောင်နှင့်ပင့် ဆောင်ခဲ့သည်။ ဖောင်တော်သည် မလွန်မြို့သို့ ရောက်သောအခါ ကျည်တောက်မှ ရေသွန်သကဲ့သို့ ရေစီး အလွန်ကြမ်းသော မလွန်ဝဲ(ယခုရွှေ လဝန်းဝဲ)၌ ကျောက်တိုင်အလား၊ ရပ်တန့်ကာ နေလေ၏။ ဖောင်တော်၏ လက်ဝဲလှေတော်သား ၁၅ဝ ကို ပဲ့နင်းကြီး ကိတ်ဗြဲနှင့် လက်ျာလှေတော်သား ၁၅ဝ ကို ပဲနင်းကြီး ဗညားနန္ဒတို့ ကွပ်ကဲ၍ အပြင်းစုံဆွဲ လှော်ခတ်သော်လည်း အချိန်ကုန်လျက် အချည်းနှီးသာ ဖြစ်ခဲ့၏။ ထိုအခါ ရဟန်းရှင်လူ ပညာ ရှင်အပေါင်းတို့က စိစစ်တွက်ချက်ဆ ကြသော် မြတ်စွာဘုရား၏ မနေသိ ကဗျာဒိတ်အရ ဤနေရာ၌ မြသပိတ် တော်အပူဇော်ခံဖို့ ထင်ရိပ်ရှိသည်ဟု တစ်ပြိုင်နက် တစ်ချက်တည်း ဘုရင်အား လျှောက်တင်ကြရာ ဟံသာဝတီ ဘုရင်သည် လက်လျှော့၍ မလွန်မြို့ အောင်သီရိကုန်းတော်ပေါ်၌တည်ထား သော ရတနာစက် ဘုရားအတွင်း ဌာပနာ၍ လှူဒါန်းခဲ့သည်။ ဟံသာဝတီ ဘုရင်သည် ငါ၏ပါရမီစုံညီစွာ မရှိသေးဟု ဝမ်းနည်းစွာဖြင့် ဘုရား ရုပ်ပွားတော် တစ်ဆူသာ ပင့်ဆောင်၍ စုံတော်မူရာ ဒဂုံမြို့ ရောက်သည်အထိ လှော်ခတ်ခြင်း မပြုရဘဲ အလိုအလျောက် စုံလေသည်။ မြသပိတ်တော်သည် မလွန်မြို့ကို ကျော်လွန်နိုင် ခြင်းမရှိ၍ မလွန်ဟုလည်းကောင်း၊ နောင်အခါ ရတနာစက် ဤဘုရားသည် မြသပိတ် ဘုရားဟုလည်းကောင်း ထင်ရှားခဲ့သည်။

ပဲနောက် အဆင်းရှိသော မြသပိတ်တော်၌ အံ့ဖွယ်နှစ်ပါး ရှိသည်။ ဆင်းရဲသော သူများက နည်းနည်းလှူ ဒါန်းလျှင် သပိတ်တော်ပေါ်သို့ လျှံတက်ခြင်း ရှိ၏။ ချမ်းသာသော သူများက တင်းတောင်းထောင်သောင်းမက လှူဒါန်းသော်လည်း သပိတ်တော်ပေါ်သို့ ကျော်တက်ပြည့်လျှံသည် မရှိ။ အတွင်းအနား ရေးမျှသာ အညီရှိခြင်း အံ့ဖွယ်များနှင့် ပြည့်စုံသော မြသပိတ်တော် အစစ်ဖြစ်သည်။

ကျမ်းဂန်သမိုင်းများအရ မလွန် မြို့တွင် သက္ကရာဇ် ၆၅၁ ခုနှစ် ကဆုန်လဆန်း ၁၅ ရက်တွင် မင်းကျော်စွာကြီးသည် ပုညစေတီကို လည်းကောင်း၊ သက္ကရာဇ် ၈၈၈ ခုနှစ် တွင် မဟာပညာသာမိဘုရားနှင့် ကျောင်းတိုက်တည်တော်မူ၏။ သာ သနာသက္ကရာဇ် ၂၁၂၆၊ ကောဇာ သက္ကရာဇ် ၁၁၄၂ ခုနှစ်တွင် ဘိုးတော် ဘုရားသည် ဝီဇိတာဝီဘုရား၊ သက္ကရာဇ် ၁၁၄၇ ခုနှစ်၊ သီတင်း ကျွတ်လပြည့်ကျော် ၉ ရက်၊ ကြာသ ပတေးနေ့တွင် စည်းခုံ(စစ်ကုန်) ဘုရားကို ရေစက်ချတော်မူ၏။

မြသပိတ် စေတီတော်သည် ရှေးမင်းအဆက်ဆက်တိုင်း ဤနေရာ၊ ဤဘုရားကို မပူဇော်၊ မဖူးမျှော် မပြုပြင်သော ပုဂ္ဂိုလ်သည်မရှိ။ အထိကရ ဘုရားတစ်ဆူ ဖြစ်သည်။ ဘိုးတော်မင်း တရားကြီး၏ မြသပိတ် စေတီသဘင်ပွဲမှာ အောက်ပြည်မြို့မှ အထက်မြင်းခြံ မြို့အထိ သံဃာတော် တစ်ထောင်ကျော်နှင့် အနုမောဒနာပြုခဲ့သည်။

ရှေးအခါက မြသပိတ် စေတီတော် ဝန်းကျင်တွင် ပုပ္ပာရုံ ကျောင်းတော်၊ နဂါးရုံကျောင်းတော်၊ နန္ဒာ လိုဏ်ဂူများ၊ သံဃနန္ဒီ စသောခဏ္ဍ သိမ်ကြီး ကိုးခု၊ ရဟန္တာများ သီတင်း သုံးသော မဟာဂန္ဓာရုံ ကျောင်းတော်များ အံ့သြဖွယ်ရာ အဆောက်အအုံ ဟောင်းများဖြင့် ပြည့်လျက် ရှိခဲ့သည်။ ယခုအခါ ပျက်စီးယိုယွင်းနေသော သိမ်နေရာများနှင့် ဘုရားစေတီ အများ အပြားကိုတွေ့မြင်ရသည်။

သက္ကရာဇ် ၁၂၂ဝ ခုနှစ် ဝါခေါင်လတွင် မြေငလျင်ပြင်းစွာလှုပ်၍ မြသပိတ်စေတီတော်ပြိုပျက်ခဲ့ရသည်။ သက္ကရာဇ် ၁၂၃၅ ခုနှစ်တွင် ဂိုဏ်း အုပ် နဂါးရုံ ကျောင်းဆရာတော်နှင့် စင်္ကြာဆရာတော်တို့ ကြပ်မတ်၍ ဥပသကာ တစ်စုတို့က မူလစေတီကို ဓာတ်တော်ဆူရေ တစ်ထောင်ကျော် ဖြင့် ဌာပနာပြီးစေတီကို ထပ်မံတည် ထားခဲ့သည်။

မြသပိတ် စေတီတော်ကြီးအား အဓွန့်ရှည်ကြာစွာ တည်တံ့နိုင်ရေးနှင့် သာသနာတော် စည်ပင်ပြန့်ပွားရေး အတွက် နာယက ဆရာတော်များနှင့် ဂေါပက အဖွဲ့မှ စနစ်တကျ ပြုပြင်ထိန်း သိမ်းစောင့်ရှောက်ခဲ့၍ နှစ်စဉ်တန် ဆောင်မုန်းလဆုတ် ၁၃ ရက်မှ နတ်တော်လဆန်း ၇ ရက်နေ့ထိ ၁ဝ ရက်တိုင်တိုင် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပခဲ့သည်။

ဗုဒ္ဓမြတ်စွာဘုရားသက်ရှိ ထင်ရှားရှိစဉ်က ၄၅ ဝါတိုင်တိုင် သုံးစွဲတော်မူခဲ့သည့် ပဲနောက်အဆင်းရှိ ပကတိကျောက်သပိတ်ဖြစ်သည့် မြသပိတ်အစစ် ကိန်းဝပ်တော်မူသော မလွန်မြသပိတ် စေတီတော်ကြီးကို ယခုအခါ ဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေသည့် အချိန်အခါ ဖြစ်သည့် အလျောက် ရဟန်းရှင် လူအပေါင်း ကြည်ညိုသဒ္ဓါ  ပွားနိုင်စေရန် ရေးသား တင်ပြအပ်ပါသည်။

ဦးကျော်မင်းထက် ( အထက်မင်းလှမြို့ )

 
မလွန်မြသပိတ်ဘုရား