" ရခိုင်ရိုးရာ ရထားဆွဲပွဲ "


✍️မောင်သက်ဝေ(အမ်း) - ရေးသည်

📰နိရဥ္စရာဂျာနယ် (အတွဲ - ၇၊ အမှတ် - ၄)

  ဇန်နဝါရီလ ၁၆ - ၃၁၊ ၂၀၂၂ခုနှစ်။


              ကမ္ဘာပေါ်ရှိ ထင်ရှားသော တိုင်းပြည်၊ နိုင်ငံအသီးသီး၌ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်စီ ရှိတတ်ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်လည်း တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြရာ ထိုလူမျိုးတို့၌ ရိုးရာယဉ်ကျေးမှုနှင့် ရိုးရာပွဲတော်များ ရှိကြပေသည်။

            ထိုအထဲတွင် မြန်မာပြည် အနောက်ဘက်ခြမ်း သာစွဌာနီ လခြမ်းမြေ၌ နေထိုင်သော ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများအနက် ရိုးရာရထားဆွဲပွဲမှာလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။


လတပို့တွဲ ရထားဆွဲပွဲ

               ရခိုင်ရိုးရာရထားဆွဲပွဲကို ရခိုင်ပြည်နယ်၌ နှစ်စဉ်နှစ်တိုင်း တပို့တွဲလတွင် ကျင်းပလေ့ရှိသည်။ တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်ပြီး အအေးဆုံးလလည်း ဖြစ်ပါသည်။ ဝန်းကျင်တစ်ခွင်၌ ငွေမြူနှင်း ဇာပဝါလေးများက လွမ်းခြုံထားကာ ရူတိုင်းသာယာသော အချိန်အခါလည်း ဖြစ်ပါသည်။ ပေါက်ပင်၊ ပန်းမန်များစုံလင်စွာ ဖူးပွင့်ကြပြီး ကျေးငှက်သာရကာတို့ သာယာပျော်မြူးကြသော ရာသီလလည်း ဖြစ်ပေ၏။ ရာသီသဘာဝ သာယာလှပ၍ ဖော်ကွာဝေးနေသူများအဖို့ မျက်ရည်စို့ရလောက်အောင် လွမ်းမောဖွယ်ကောင်းသော အချိန်ကာလလည်း ဖြစ်ပါသည်။

                  တပို့တွဲလသည် တောင်သူလယ်သမားများ စပါးရိုက်သိမ်းပြီးချိန်၊ ငွေရွှင်ချိန်လည်း ဖြစ်သည်။ ထို့ကြောင့် ရခိုင်ရိုးရာရထားဆွဲပွဲကို တပို့တွဲလတွင် ကျင်းပရခြင်းဖြစ်ပါသည်။ ရှေးရခိုင်လူမျိုးတို့သည် ရထားဆွဲပွဲ ကျင်းပရခြင်းဖြင့် ဆန်ရေစပါး ပေါကြွယ်ဝခြင်း၊ ရာသီဥတုသာယာခြင်း၊ တိုင်းပြည်အေးချမ်းခြင်း၊ မင်းနှင့် ပြည်သူတို့ ကြည်ဖြူလက်တွဲကာ အရာရာကို အောင်မြင်နိုင်စေခြင်းစသော ကောင်းခြင်းအင်္ဂါရပ်များနှင့် ပြည့်စုံစေသည်ဟု ယုံကြည်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။

 

ရထားဆွဲပွဲ သမိုင်း

               ရခိုင်ပြည်တွင် ရထားဆွဲပွဲသဘင်ကို ရှေးခေတ် တတိယဓညဝတီခေတ်(ဘီစီ ၅၈၀ မှ အေဒီ ၃၂၆ထိ) စန္ဒာသူရိယမင်းကြီးလက်ထက်(ဘီစီ ၆ရာစု)မှ စတင်ကျင်းပခဲ့သည်ဟု ရခိုင့်စာပေ ကျမ်းဂန်များတွင် တွေ့ရှိရသည်။ ထိုခေတ်မှစ၍ ဝေသာလီခေတ်(အေဒီ ၃၂၇ မှ ၈၁၈ထိ)တွင်လည်းကောင်း၊ လေးမြို့ခေတ်(အေဒီ ၈၁၈ မှ ၁၄၃၀ထိ)တွင်လည်းကောင်း၊ မြောက်ဦးခေတ်(အေဒီ ၁၄၃၀ မှ ၁၇၈၄ထိ)တွင်လည်းကောင်း၊ ခေတ်အဆက်ဆက် ကျင်းပလာခဲ့ကြကြောင်း လေ့လာသိရှိရ၏။

              တချို့လူကြီးဘိုးဘွားတို့၏ ဆိုရိုးစကားအရ ရခိုင်ရိုးရာရထားဆွဲပွဲသည် မြောက်ဦးခေတ် မင်းဗာဘုရင်လက်ထက်မှ စတင်ပေါ်ပေါက်လာခဲ့သည်ဟုလည်း မှတ်သားဖူးပါသည်။


ရထားဆွဲပွဲအစ ရှင်မြဝါက၊ သို့မဟုတ် ရထားဆွဲပွဲနှင့် ရှင်မြဝါ

              ရခိုင်ရိုးရာရထားဆွဲပွဲဟု ပြောလိုက်သည်နှင့် ရှင်တော်ဦးမြဝါကို ပြေးမြင်မိကြသည်။ ရထားဆွဲပွဲနှင့် ရှင်မြဝါသည် ရခိုင်လူမျိုးတို့၏ ရင်ထဲ၌ ဒွန်တွဲကိန်းအောင်းနေလျက်။

                အဘယ်ကြောင့်ဆိုသော် သက္ကရာဇ်(၈၇၈)ခုနှစ်တွင် မြောက်ဦးမြို့၌ မင်းဗာဘုရင် ထီးနန်းစိုးစံသည်။ ထိုမင်းလက်ထက်တွင် မဟာပညာကျော်နှင့် ဦးမြဝါ(သျှင်ငယ်မြဝါ)ဟူသော လောကီပညာ၌ တစ်ဖက်ကမ်းခတ် တတ်မြောက်ကျွမ်းကျင်သည့် မင်းတိုင်ပင်ခံ ပညာရှိပုဂ္ဂိုလ်နှစ်ဦး ပေါ်ထွန်းခဲ့သည်။

            တနေ့၌ ဦးမြဝါသည် ရခိုင်ပြည်၏ အတ်ိတ်နိမိတ်ကို တွက်ချက်ကြည့်ရာ နိမိတ်မကောင်းကြောင်း တွေ့မြင်ရ၏။ ထိုအခါ မင်းဗာဘုရင်ထံသွား၍ တိုင်းပြည်ကို ကာကွယ်ရန် ကြာသပတေးသား၏ ရင်ကိုခွဲကာ စတေးရမည်ဟု လျှောက်တင်သည်။ ရှင်မြဝါကိုယ်တိုင်က ကြာသပတေးသားဖြစ်သောကြောင့် သူ၏အသက်ကို တိုင်းပြည်နှင့် လူမျိုးအတွက် သူကိုယ်တိုင် စတေးမည်။ သူ၏ရုပ်အလောင်းကို သူလဲကျသေဆုံးသည့်နေရာတွင်သာ သင်္ဂြိုလ်ပါဟု ဘုရင်ကို မှာကြားခဲ့သည်။

               ရှင်မြဝါသည် တိုင်းပြည်နှင့် လူမျိုးကို ချစ်သောစိတ်ကြောင့် သူ၏ရင်ကို ခွဲကာ အူကိုထုတ်ပြီး မြောက်ဦးနန်းတော်ကို ပတ်သောအခါ ယုတ်ညံ့သည့်အရပ်၊ မစင်စွန့်သည့် နေရာတွင် လဲကျသေဆုံးပါသည်။ ထိုအခါ ဘုရင်က သူကြည်ညိုသော ပညာရှိဖြစ်၍ မကောင်းသောအရပ်တွင် မသင်္ဂြိုလ်လို။ ပြည်သူက ရှင်မြဝါ မှာကြားသည့်အတိုင်း သူ လဲကျသေဆုံးသောအရပ်၌သာ သင်္ဂြိုလ်လိုကြသည်။ ထို့ကြောင့် မင်းနှင့် ပြည်သူ အမြင်မတူ၊ အငြင်းပွားကြရ၏။ ရှင်မြဝါ၏ ရုပ်အလောင်းကို ပန်းရထားပေါ်တင်၍ ဘုရင်ကတစ်ဖက်၊ ပြည်သူကတစ်ဖက် အပြိုင်ဆွဲကြသည်။ အနိုင်ရသည့်ဖက်က ပန်းရထားကို မီးသင်္ဂြိုလ်ခွင့် ရမည်။ နောက်ဆုံးတွင် ဘုရင်ဖက်က အနိုင်ရရှိသွားပါသည်။

               သို့သော်လည်း မင်းဗာဘုရင်သည် ဦးမြဝါ၏ စကားကို နားမထောင်၊ မလိုက်နာသောကြောင့် နောင်နှစ်ပေါင်း ၃၀၀ကျော်အကြာတွင် ရခိုင်ပြည်ကြီး ထီးနန်း ပျက်သုဉ်း၊ ပျက်စီးပြိုကွဲသွားခဲ့ရသည်ဟု ရှေးရခိုင်လူကြီးများက ပြောဆိုကြပါသည်။ ထိုအချိန်မှစ၍ ရခိုင်ပြည်၌ ရထားဆွဲပွဲ စတင်ဆင်းသက်လာသည်ဟု သိရှိရပေသည်။ ထို့ကြောင့် ရှင်မြဝါကို ဂုဏ်ပြုပူဇော်သောအားဖြင့် ရခိုင်ပြည်တွင် နှစ်စဉ် တပို့တွဲလရောက်တိုင်း ရိုးရာရထားဆွဲပွဲကို စည်ကားသိုက်မြိုင်စွာ ကျင်းပဆင်နွှဲကြပါသည်။


ရထားဆွဲပွဲ ကျင်းပပုံ

              ရခိုင်ရိုးရာ ရထားဆွဲပွဲကို တပို့တွဲလတွင် ကျင်းပကြသော်လည်း လဆန်း(လတတ်ရက်)များ၌သာ ကျင်းပရပြီး လဆုတ်(ဆုတ်ပက္ခရက်)များ၌ ကျင်းပခြင်း မပြုလုပ်ရ။ လဆုတ်ရက်များတွင် ပွဲကျင်းပပါက ဆိုးကျိုးများကို ဖြစ်စေတတ်သည်ဟု ရခိုင်စာပေများက ညွှန်းဆိုထားသည်။ ရထားဆွဲပွဲကို မိမိဒေသအလိုက် ရက်အကန့်အသတ်မရှိ ကျင်းပနိုင်ပြီး တပို့တွဲလပြည့်နေ့ကို နောက်ဆုံးထား၍ သန်းခေါင်ယံမကျော်မီ ရထားပြုလုပ်သူကိုယ်တိုင် မီးရှို့ဖျက်ဆီးရကြောင်း သိရသည်။

                 ရထားဆွဲပွဲကျင်းပမည့် ရထားကို သစ်သားပေါင်များဖြင့် ခိုင်ခံအောင် ပြုလုပ်ရသည်။ ရထား၏အောက်ဘက်တွင် သစ်သားဘီးကို တပ်ဆင်ရသည်။ အလယ်တွင် အလံနှင့် ဝါးညွှန့်ပင်များကို စိုက်ထူထားကာ တစ်ဖက်နှင့်တစ်ဖက် အားပြိုင်ဆွဲရသော အားပြိုင်ပွဲမျိုး ဖြစ်သည်။ ကြည်နူးဖွယ်ရာ သံချပ်(သံကျိပ်)ကိုလည်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထိုးလေ့ ရှိကြသည်။

                 ပြိုင်ပွဲကျင်းပရာတွင် ကျေးလက်နှင့် မြို့ပြများ၌ တစ်အုပ်စုနှင့် တစ်အုပ်စု၊ တစ်ရပ်ကွယ်နှင့် တစ်ရပ်ကွက်စသည့် ပြိုင်ပွဲအနေဖြင့် အပြိုင်အဆိုင် ရထားကို အနိုင်လု ဆွဲကြရသည်။ နှစ်ကြိမ် ဆွဲရသည်။ နှစ်ကြိမ်လုံး အနိုင်ရမှသာ နိုင်သည်။ တစ်ဖက်က တစ်ကြိမ်စီ အနိုင်ရပါက နောက်တစ်ကြိမ် ထပ်မံဆွဲ၍ အနိုင်ရသည့်ဖက်ကို အနိုင်ဟု သတ်မှတ်သည်။

            ရထားဆွဲပွဲ စတင်မကျင်းပမီ ဆရာတော်သံဃာတော်များကို ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွက်ဖတ်ပူဇော်ရသေး၏။ ရထားဆွဲပွဲကျင်းပရခြင်းကြောင့် စည်းလုံးညီညွှတ်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှု စသည့် အကျိုးကျေးဇူးများကို ရရှိပါသည်။


ထ်ိန်းသိမ်းသင့်ပေ ရိုးရာအမွေ

                သို့ဖြစ်၍ ရခိုင်ရိုးရာ ရထားဆွဲပွဲကို ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်မှသည် ဗြိတိသျှကိုလိုနီခေတ်နှင့် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းအထိ ရိုးရာမပျက် လက်ဆက်ကမ်း ထိန်းသိမ်းကျင်းပလာခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် နောက်ပိုင်းတွင် ရခိုင်ရိုးရာ ရထားဆွဲပွဲသည် ပျောက်လိုက်၊ ပေါ်လိုက်နှင့် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရ၏။

              တစ်ကျော့ပြန် ၂၀၁၇ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ရိုးရာရထားဆွဲပွဲကို မြို့လုံးကျွတ် ပြန်လည်ကျင်းပခွင့် ရရှိလာခဲ့ပါသည်။ ထို့ကြောင့် ရခိုင်ရိုးရာရထားဆွဲပွဲ နောက်တစ်ဖန် တိမ်မြုပ်ပျောက်ကွယ်မသွားအောင် တာဝန်သိသိနှင့် အမြဲထိန်းသိမ်းစောင့်ရှောက်ကာ နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ဆက်လက်ကျင်းပသွားကြရန် လိုအပ်ပေသည်။

             ဤကဲ့သို့ ရခိုင်ရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်သော ရထားဆွဲပွဲအကြောင်းကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လူမျိုးပေါင်းစုံ ညီအစ်ကို မောင်နှမများအားလုံး သိရှိစေရန် ရည်ရွယ်၍ စာရေးသူ လက်လှမ်းမီသလောက် လေ့လာတင်ပြလိုက်ရအပ်ပါသည်။     ။


ကိုးကား

• လေးဝတီထွန်းစောခိုင်၊ တပို့တွဲလနှင့် ရခိုင်ရိုးရာရထားဆွဲပွဲ။

• ဦးရွှေဇံ၊ ရခိုင်သမိုင်း အလင်းပြကျမ်း။


                                                     ----------------------------------------------------------