ပြည်တော်ပြန်မြတ်စွာဘုရားကြီး ဂန္ဓကုဋိဒါယကာ ဦးရွှေကုန်း+ဒေါ်မင်းသွယ်တို့၏ အကြောင်း ...........,.....,...........,.. ဦးရွှေကုန်းသည် အထက်အညာ ချိုင်ဒင်ပေါက်ရွာမှ လှေထိုးသမားတစ်ယောက် ဖြစ်သည်။ ဒေါ်မင်းသွယ်မှာ ဆယ်လမိုင်းရွာသူ လှေသူကြီးသမီး ဖြစ်ပါသည်။

ချိုင်ဒင်ပေါက်ရွာသည် စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲတွင် ရှိပါသည်။ ဆယ်လမိုင်းရွာကိုမူ ခြေရာမခံမိသေးပါ။

ဦးရွှေကုန်းတွင် မွေးချင်းမရှိပါ။ ဒေါ်မင်းသွယ်မှာ လှေသူကြီး ဦးကောင်း + လှေသူကြီးကတော် ဒေါ်မိန်းကလေးတို့၏ သားသမီး ၈ ယောက်တွင် အကြီးဆုံးသမီး ဖြစ်ပါသည်။

မွေးချင်းများမှာ မမင်းသွယ်၊ မနှင်းမယ်၊ မနှင်းလယ်၊ မဒွေး၊ မောင်ဖိုးဆင်၊ မောင်ဖိုးသင်၊ မောင်ဖိုးမျှင်၊ မောင်ဖိုးမင်တို့ ဖြစ်ပါသည်။

လှေထိုးသား မောင်ရွှေကုန်းနှင့် လှေသူကြီးသမီး မမင်းသွယ်တို့ လူငယ်သဘာဝချစ်ကြိုက်ရာမှ အောက်ပြည်အောက်ရွာသို့ ခိုးပြေးလာကြပါသည်။

ဇလွန်ရောက်သည့်အခါ မြို့ရွာတခွင် လှည့်လည်ပြီး စျေးရောင်းကာ အသက်မွေးဝမ်းကျောင်းပြုကြပါသည်။ အသုံးအစွဲ စနစ်ကျသဖြင့် စီးပွားရေးပြေလည်လာကြပါသည်။ ထို့နောက် ဦးရွှေကုန်းမှာ စတီးဘရားသားကုမ္ပဏီ၏ စပါးအဝယ်တော်တစ်ယောက် ဖြစ်လာခဲ့ပြီး စီးပွားရေးမှာလည်း ပိုမိုတိုးတက်ကြီးပွားလာခဲ့သည်။

စီးပွားရေးအခြေကျလာသည့်အခါ ဇလွန်မြို့၏ တောင်ဘက် ၄ မိုင်ခန့်အကွာရှိ ကညင်ကွင်းရွာ၏ မြောက်ယွန်းယွန်းတွင် အိမ်ရာတိုက်တာဆောက်လုပ်ကာ မိသားစုတစည်းတလုံး နေထိုင်ကြပါသည်။ ယခုအခါ မူလ ကညင်ကွင်းရွာကြီးမှာ ကညင်ကွင်းအလယ်စုဟု လူသိများပြီး ဒေါ်မင်းသွယ်တို့၏ အိမ်ရာရှိရာ အစုမှာ ကညင်ကွင်းရွာမခေါ် ဘုရားကြီးစုဟု ခေါ်ပါသည်။ ကညင်ကွင်းရွာသစ်၊ ကညင်ကွင်းခြံတန်း (တောင်/မြောက်)နှင့် ကညင်ကွင်းတိုက်ကြီးစုဟု ရွာ ၅ ရွာရှိကာ စည်ကားလာခဲ့ပါသည်။

ဦးရွှေကုန်းသည် မရှိဆင်းရဲသားများအား စပါးကျီဖွင့်ကာ လူရှိအကုန် တနိုင်သယ်ယူစေကာ လှူဒါန်းခြင်း၊ ရေတွင်းရေကန်များ တူးကာ လှူဒါန်းခြင်းများကို ပိုမိုစိတ်အားထက်သန်သည်။

အညာ ဥသျှစ်ပင်ကျေးရွာတွင် ရေရှားပါးမှုကြောင့် အတောင် ၁၀၀ နက်သည့် ရေတွင်း တစ်တွင်းလှူရာ ကျောက်ဖျာအလွန်တွင် ထန်းလုံးလောက် ရေများပန်းထွက်လာသည်ကို စာဆိုတော်ဦးကြီးက "တောင်တစ်ရာ သာသာနက်ပြန်တော့ ရေတံခွန်ဖြာဖြာထွက်ပါဘိ ဒေါ်မင်းသွယ် ဦးရွှေဂုံးရယ်တို့ ငွေလုံးကို တင်းခြင် သုံးပါသတဲ့ လူ့တခွင်ဖြုန်းခဲ့တယ် ထုံးမှတ်ကြမြဲ" ဟု စပ်ဆိုဂုဏ်ပြုခဲ့ပါသည်။

မြန်မာသက္ကရာဇ် ၁၂၇၁ ခုနှစ်တွင် ကညင်ကွင်းရွာတွင် "ပြည်လုံးချမ်းသာစေတီတော်"ကို တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတည်ပုံမှာ စေတီအမြင့် ဉာဏ်တော် ၂၅ တောင် ရှိပြီး အနောက်ဘက်တွင် ဂန္ဓကုဋိမုခ် ပေါက်လျက် ဉာဏ်တော် ၄ ပေရှိ စကျင်ဆင်းတုတော် ပူဇော်ထားပါသည်။ အာရုံခံတန်ဆောင်းတော် ၃ ဆောင် ဆောက်လုပ်ကာ မဟာရံတံတိုင်း နှစ်ထပ် ကာရံပါသည်။ အပြင်မဟာရံတံတိုင်းအတွင်း ရေကန်တူးကာ နွေအခါ လူအများရေသုံးနိုင်ရန် စီမံထားရှိပါသည်။ အပြင်မဟာရံတံတိုင်း၏ အပြင်ဘက်တွင် နွားများရေတိုက်ရန် တစ်ဖက်လျှင် ရေကန်ငယ် ၃ ခုစီ ထည့်သွင်းတည်ဆောက်ထားပြီး အဝင်မုခ်များကိုလည်း တစ်ဖက်လျှင် တစ်ခုစီ ထားရှိပါသည်။ ၃ နှစ်အကြာ ၁၂၇၄ ခုနှစ်တွင် ပြီးစီးခဲ့ရာ ယခုအခါ နှစ် ၁၀၀ ကျော်ခဲ့ပါပြီ။

၁၂၈၀ ပြည့်နှစ်တွင် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ကိန်းဝပ်တော်မူရန် ဂန္ဓကုဋိတိုက်ကို စတင်အုတ်မြစ်ချ ဆောက်လုပ် လှူဒါန်းခဲ့ပြီး ၁၂၉၄ ခုနှစ် တပို့တွဲလပြည့်နေ့၊ ၉-၂-၁၉၃၃ ကြာသပတေးနေ့တွင် ဂန္ဓကုဋိကျောင်းတော်ကြီးတွင် ပြည်တော်ပြန်မြတ်စွာဘုရား စတင်ကိန်းဝပ် သီတင်းသုံးတော်မူခဲ့ပါသည်။

မှတ်တမ်းတင်သူ ကိုအောင် ကညင်ကွင်းရွာ