ဆိပ်ခွန်ရွာ သာပါစမေး

ဆိပ်ခွန်ရွာ သာပါစမေး

ထိန်လင်း (မန်းတက္ကသိုလ်) ပြည်တွင်းခရီးစဉ် 14 SEP 2018 ပတ်ပတ်လည်မှာ တိုက်တွေချည်း၊ အိမ်ကြီး အိမ်ကောင်းတွေချည်း၊ မိမိကိုယ်မိမိ မြို့ကြီးပြကြီးများ ရောက်နေသလား အောက်မေ့ရသည်။ မျက်စိ ပွတ်သပ်ကြည့်တော့မှထနောင်းပင်တန်း၊ တမာ ပင်တန်းများကိုလည်းကောင်း၊ လယ်ကွင်းစိမ်းစိမ်း ကိုလည်းကောင်းမြင်ရမှ ရွာဟုသိရသည်။တစ်ရွာလုံး ရက်ကန်းခတ်သံတညံညံ ကြားရ တော့မှ သြော်..... ဆိပ်ခွန်ရွာ ရောက်နေ ပါလားဟု သိရသည်။

ဆိပ်ခွန်ရွာသားကြီး ဦးစောသက်ခိုင်ဝင်းက ၎င်း၏ဇာတိချက်ကြွေမွေးရပ်မြေကို လိုက်လံပြသ သည်။ ရှင်းလင်း ပြောကြားသည်။ ဦးစောသက် ခိုင်ဝင်းသည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဖြစ်သည်။ ၎င်း၏ဇာတိရပ်ရွာကိုချစ်သလို တတ်စွမ်းသမျှ လည်း ပြန်လည် စောင့်ရှောက်သည်။ ပြီးတော့ဂုဏ် လည်းယူသည်။

1

ဂုဏ်ယူဆိုလည်း ဂုဏ်ယူထိုက်ပါပေသည်။ ဆဋ္ဌသိင်္ဂီတိ ပုစ္ဆကအဂ္ဂမဟာပဏ္ဍိတ ကျေးဇူး တော်ရှင် မဟာစည်ဆရာတော်ကြီးသည် ဆိပ်ခွန် ရွာဇာတိ။ ဆရာတော်သည် ကျမ်းစာအုပ်၆၈ အုပ် ရေးသားပြုစုတော်မူခဲ့ပြီး သက်တော်ထင်ရှား ရှိစဉ်က မြန်မာနိုင်ငံအတွင်း မဟာစည်သြဝါဒခံ ရိပ်သာခွဲပေါင်း ၃၀ဝ ကျော်နှင့် ကမ္ဘာအရပ်ရပ် တွင်လည်း သာသနာပြုရိပ်သာခွဲများ တည်ထောင် ပေးတော်မူခဲ့သည်ဟု သိရသည်။ ဆရာတော်ကြီး ပြသတော်မူသော ဝိပဿနာတရားများ ပွားများ ကျင့်ကြံအားထုတ်ပြီးသူ ရဟန်းရှင် လူ ယောဂီ ဦးရေ ၇၀ဝ၀ဝ၀ကျော်ရှိခဲ့သည်ဟု သိရသည်။ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် မဟာစည်ပဋိပတ္တိ သာသနာအရှိန်အဟုန်မပျက် ဆက်လက်ပြန့်ပွားလျက်ရှိရာ ၂၀ဝ၈ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံနှင့် ကမ္ဘာအရပ်ရပ်တွင် မဟာစည်သြဝါဒခံ ရိပ်သာခွဲပေါင်း ၅၀ဝ ကျော် အထိ တိုးတက်များပြားလာလျက်ရှိပြီး ယင်းရိပ်သာ ခွဲများမှတရားအားထုတ်ပြီးသူ ရဟန်းနှင့် လူယောဂီဦးရေ ၃၅၇၅၀ဝ၀ ကျော်ရှိပြီဖြစ် ကြောင်းလည်း သိရသည်။ ဆိပ်ခွန်ရွာသားတို့ ဂုဏ်ယူမည်ဆိုလည်း ဂုဏ်ယူထိုက်ပါပေသည်။

၎င်းအပြင် စေတီယင်္ဂဏဘွဲ့အပါအဝင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းခံရသည့် စာချဆရာတော် အရှင် သီလာနန္ဒာဘိဝံသ မထေရ်သည်လည်း ဆိပ်ခွန် ရွာဇာတိဖြစ်သည်။ စစ်ကိုင်းမြို့ မြစင်္ကြာကျောင်း တိုက်တွင် ပိဋကတ်စာပေများကို တစ်ဆင့်ပြန်လည် ပို့ချလျက်ရှိသည်ဟု သိရသည်။ သာသနာတော်ဆိုင်ရာ ထူးချွန်ထင်ရှားသည့် ပုဂ္ဂိုလ်များ၏ မွေးရပ်မြေဖြစ်သကဲ့သို့ သိပ္ပံပညာ ရပ်နယ်ပယ်တွင် ထင်ရှားသည့် သိပ္ပံပညာရှင်များ မွေးထုတ်ပေးရာရွာလည်း ဖြစ်ပါသည်။ လန်ဒန် တက္ကသိုလ်မှ ၁၉၆၁ ခုနှစ်တွင် Hydrodynamic ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရ မန္တလေးတက္ကသိုလ်မှ သင်္ချာပါမောက္ခဌာနမှူး ဒေါက်တာဘကြည် သည်လည်း ဆိပ်ခွန်ရွာသား၊ တပ်မတော်နည်း ပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ သောင်းနိုင်သည်လည်း ဆိပ်ခွန်ရွာသား။


1

အလျဉ်းသင့်၍ပြောရပါဦးမည်။ စာရေးသူတို့ မန္တလေးတက္ကသိုလ်တက်သည့် ၁၉၆၈ ခုနှစ်က ဆရာသည်ကထိက။ မိမိတို့က တတိယနှစ် ကျောင်းသား။ စာပေအရာတွင် ဆရာ့အား ကျောင်းသားတိုင်းက အတုယူရ၊ အားကျရသည်။ ဆရာ၏ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံတို့ကို အတုခိုးရ သည်။ဆရာ့အား နိုင်ငံတကာမှနေ၍ ဆည် တည်ဆောက်ရေး၊ ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မေးမြန်းအကူအညီတောင်းသည့် ပြဿနာများကို ဆရာက လက်တန်းတွက်ချက်၍ အကြောင်း ပြန်ကြားပေးသည်ဟုသိရသည်။ ဆရာသည် နိုင်ငံတကာနယ်ပယ်တွင် နာမည်ရ Hydrodynamic ပညာရှင်တစ်ဦးဟု သိရသည်။

အလုပ်ထဲရောက်မှ ထပ်မံသိရသည်မှာ ကာဘိုးဆည်နှင့်ပတ်သက်၍ ကြုံတွေ့ရသည့် အခက်အခဲကိုလည်း ဆရာကပင် အသေးစိတ် တွက်ချက်၍ ဖြေရှင်းပေးရသည်ဟု သမိုင်းပညာ ရှင်ဒေါက်တာတိုးလှ (ဆရာဒေါက်တာဘကြည်နှင့် မန္တလေးတက္ကသိုလ်တွင် တစ်ချိန်တည်းလုပ်ကိုင် ခဲ့သူ)ကပြောပြသဖြင့် သိရပါသည်။ ထိုအချိန်က ဆရာ့တန်ဖိုးကို တန်ဖိုးမထားကြ၊ တန်ဖိုးထားရ ကောင်းမှန်းမသိကြ။ ဆရာသည် ရိုးဖြောင့်စွာနှင့် သင်ကြားရေးကိုသာ စိုက်လိုက် မတ်တတ်လုပ်ကိုင် သွားသည်ဟုဆရာ့လက်ရင်းတပည့်ကြီး စာတံခွန် ဦးသိန်းဘော်ထံမှ သိရသည်။ (ဖြစ်စဉ်အသေး စိတ်ကို ဆိပ်ခွန်ရွာသားတို့က စာတစ်စောင်ပေ တစ်ဖွဲ့ မှတ်တမ်းတင်ထားသင့်ပါသည်။)

1

အနုပညာဘက်တွင်လည်း မော်ဒန်ပန်းချီ ခေတ်ကို တစ်ခေတ်ဆန်းစေခဲ့သူ ပန်းချီပေါ် သိမ်းသည် ဆိပ်ခွန်ရွာသား။ ပန်းချီပေါ်သိမ်းသည် မြန်မာ့မော်ဒန်ပန်းချီကို၊ မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် ဘစ်စပရင်းမြို့၌နေထိုင်ရင်း ကမ္ဘာအနှံ့ မြို့ကြီးများတွင် တစ်ကိုယ်တော်ပန်းချီပြပွဲများ ပြုလုပ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် တန်ဖိုးမဖြတ် နိုင်သော ပန်းချီကားပေါင်း ၄၀ဝ ခန့် ကျန်ရှိခဲ့ သည်ဟုသိရသည်။ ပန်းချီပေါ်သိမ်းသည်ရွှေချည် ထိုးစိန်မြင့် (ဦးစိန်မြင့်)၊ မြန်မာမှုပညာရှင် တမ္ပဝတီဝင်းမောင်(ဦးဝင်းမောင်)တို့နှင့် ခေတ် ပြိုင် အနုပညာအတွဲဖြစ်သည်။ ပန်းချီပေါ်သိမ်း အကြောင်းကို ဆိပ်ခွန်ရွာသားလှိုင်ဘွားက စာ တစ်စောင်ပေတစ်ဖွဲ့ရေးသားပြုစုထုတ်ဝေထား ပါသည်။ (အကျယ်ကို ၎င်းစာအုပ်တွင် ဖတ်ရှုနိုင် ပါသည်။)

နောက်တစ်ဦးမှာ Sea Games တွင် အင်္ဂလိပ်ဘာသာဖြင့် Win The Day တေး သီချင်းဖြင့် Official Song ဆုရ တေးရေးစာရေး ဆရာ အောင်နိုင်စန်းဖြစ်ပါသည်။ ဤသို့ ဦးစောသက်ခိုင်ဝင်းနှင့် ဆိပ်ခွန်ရွာ သားများက ဂုဏ်ယူစွာရှင်းပြကြပါသည်။ ဆိပ်ခွန်ကျေးရွာအုပ်စုမှ ထင်ရှားသော ပုဂ္ဂိုလ် ကြီးများ၏ ကိုယ်ရေးမှတ်တမ်းများ လက်ကိုင် စာစောင်အားလည်း တစ်ပါတည်းပေးလိုက်ပါ သည်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးဆိုသည်မှာ ဒါပင်ဖြစ်သည်။ ရွာတိုင်း ရွာတိုင်း၊ မြို့တိုင်းမြို့တိုင်း ဆိပ်ခွန်ရွာကဲ့သို့ ရပ်ရွာကိုချစ် တတ်သည့်စိတ် ဓာတ်၊ အမျိုးကိုချစ်တတ်သည့်စိတ်ဓာတ်ကို ဂုဏ်ယူတတ်ကြဖို့ရာလိုပါသည်။ ဝံသာနုရက္ခိတ တရားများပွားများအောင် လုပ်ကိုင်ကြဖို့ရာ လိုပါသည်။ မျိုးဆက်သစ်တို့ အားကျဖွယ်၊ အတုယူဖွယ်၊ နမူနာယူဖွယ်ပုဂ္ဂိုလ်များကို လက်ဆင့်ကမ်းဖော်ကျူးပေး ကြဖို့ရာလိုပါသည်။

1


ဆိပ်ခွန်ကျေးရွာသည် ရှေးပုဂံမင်းများ လက်ထက်ကပင် စတင်တည်ရှိခဲ့သည်ဟု သိရ ပါသည်။ မဟာစည်ဆရာတော်ကြီး၏ ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သည်နှင့်အညီ "မဟာစည် အစဆိပ်ခွန်က" ဆိုသည့်အတိုင်း မဟာစည် ဝိပဿနာတရားစတင်ထွန်းကားရာဒေသလည်း ဖြစ်ပါသည်။ မဟာစည်ဆရာတော်ကြီး၏ ဆွေတော်မျိုးတော်များနေထိုင်ရာ ထိုမဟာစည် သာသနာနယ်မြေသို့ သွားရောက်ကုသိုလ်ယူ သင့်ကြပေသည်။

စိုက်ပျိုးရေးကိုအခြေခံပြီး စက်ရက်ကန်း၊ လက်ရက်ကန်းများရက်လုပ်၍ အဝတ်အထည်များ ထုတ်လုပ်ရာတွင် ဆိပ်ခွန်ရွာမှရက်လုပ်သည့် ဆိပ်ခွန်လုံချည်သည် နိုင်ငံတစ်ဝန်း ထင်ရှား ကျော်ကြားပါသည်။ ဆိပ်ခွန်ကျေးရွာသည် ဘာသာတရားကိုင်းရှိုင်းပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်နေသော ရွှေဘိုမြို့နယ်၏ စံပြကျေးရွာကြီး တစ်ရွာလည်းဖြစ်ပါသည်။ ဆိပ်ခွန်ကျေးရွာသည် ရွှေဘိုမြို့မှ အနောက် ဘက် ကိုးမိုင်ခန့်အကွာ၊ မုံရွာမြို့မှ ၆၄ မိုင်ခန့် အကွာ ရွှေဘို–မုံရွာ ကားလမ်းမကြီး၏ ဝဲယာတွင် တည်ရှိပါသည်။ ဆိပ်ခွန်၊ ဗိုလ်တည်း၊ နံ့သာ ဆိပ်သာ(လေး)ရွာ တစ်အုပ်စုဖြစ်ပါသည်။ အိမ် ထောင်စု ၁၉၉၁ စု၊ အိမ် ၁၇၅၁ လုံး၊ လူဦးရေ ၁၀၅၆၇ ဦးရှိသည်ဟုသိရသည်။

လယ်မြေဧက ၄၀၁၀ ရှိပြီး မိုးတွင်းရာသီ စပါးဖြစ်သည့် နာမည်ကျော်ရွှေဘိုပေါ်ဆန်း မွှေးစပါးကိုစိုက်ကြသည်။ နွေတွင် ဧရာမင်း၊ ၇၄၇၊ ရွှေသွယ်ရင်တို့ကို စိုက်ကြသည်ဟု သိရ သည်။ ရွှေဘိုပေါ်ဆန်းမွေွှးက တစ်ဧကကို တင်း ၈၀ ကနေ ၈၅တင်းအထိထွက်ပြီး နွေစပါး များကတစ်ဧက တင်း ၁၀ဝ ကျော်ထွက်သည် ဟုဆိုသည်။ "ယခုအခါ စပါးဈေးက တအား မြောက် နေတယ်။ ရွှေဘိုပေါ်ဆန်းမွှေးက ၁၇ သိန်းဈေး (တင်း ၁၀ဝ) ဗျ။ မျိုးစပါးက ကျပ် ၂၅သိန်းဈေးနဲ့ သိန်း ၃၀ ကြား (တင်း၁၀ဝ)။ အရောင်းအဝယ်က တအားဖြစ်တယ်။ ရွှေဘို ပေါ်ဆန်းမွှေးဆန်က တစ်တင်းခွဲဝင် တစ်အိတ် ကျပ် ၅၈၀ဝ၀ ဗျ" လို့ ရွှေဘိုလေသံနဲ့ စိုက်ပျိုး ရေးဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူး ဦးဆွေက အားရပါးရပြောပြပါသည်။ "ဧရာမင်း ၊ ၇၄၇၊ ရွှေသွယ်ရင်တွေကလည်း ဈေးကောင်းမှကောင်း၊ ဧရာမင်းက ကျပ် ၁၀ သိန်းဈေး။ ကျန်တဲ့စပါးတွေက ကျပ် ၆၂၀ဝ၀ဝ ဈေးဗျ" လို့ ရွှေဘို ခရိုင်လယ်/စီ ဦးစီးမှူး ဦးကြည်ရွှေက ထပ်မံဖြည့်စွက်ပြောပြ ပါသည်။

1

"ဆိပ်ခွန်ရွာသားတို့က တစ်ဖက်က လယ် လည်းလုပ်၊ တစ်ဖက်က ရက်ကန်းလည်းခတ်နဲ့မို့ စီးပွားရေးချောင်လည်ကြပါတယ်။ ရွာက စီးပွားရေးဖွံ့ဖြိုးတိုးတက်ပါတယ်။ တစ်နိုင်ငံလုံးရှိ ကျေးရွာအားလုံး ဆိပ်ခွန်ရွာကဲ့သို့ လယ်ယာ လုပ်ငန်းရော စက်မှုလက်မှုလုပ်ငန်းပါ ဖွံ့ဖြိုးတိုး တက်လျှင် မည်မျှကောင်းပါလိမ့်မည်နည်း။ နိုင်ငံ့ခေါင်းဆောင်တို့က မီးမောင်းထိုးပြစေချင် ပါသည်။ တောဆူမှ မြို့ဖြိုးမည်မဟုတ်ပါလား"

ဆိပ်ခွန်ရွာတွင် စက်ရက်ကန်း အလုပ်ရုံ ကြီးလေးရုံ၊ အလုပ်ရုံလတ်ငါးရုံ၊ စက်ရက် ကန်းစင်ပေါင်း ၅၁၂ စင်၊ လက်ရက်ကန်းစင်ပေါင်း ၂၃၇ စင်ရှိသည်ဟုသိရသည်။ နာမည်ကျော် ဆိပ်ခွန်ထည်များကို နေ့ရောညပါ ရက်လုပ် နေသည်ဟုသိရသည်။ ရွာထဲတွင် ဆိပ်ခွန်ရွာထွက် အထည်မျိုးစုံ အရောင်းဆိုင်များရှိသည်။ အရောင်စုံ၊ အဆင်စုံဝယ်ချင်စရာချည်း။ ဆိပ်ခွန် ထည်က အရောင်စုံ အဆင်လှချည်သားကောင်း သည့်အပြင် ဆေးကလည်းခိုင်သည်။ စာရေးသူ သည် ဆိပ်ခွန်ထည်ကိုဝတ်နေကျ၊ ဆိပ်ခွန်ပုဆိုး ဝတ်ဖူးလျှင် အခြားအထည်ကိုမဝတ်ချင်တော့။ ဤမျှ အရည်အသွေးစိတ်ချရသည်။

ဆန်တွင်လည်း ဆိပ်ခွန်လယ်ကွင်းများက ထွက်သည့် ရွှေဘိုပေါ်ဆန်းမွှေးဆန်ကိုစားပြီးလျှင် တခြားဆန်ကို စားမရတော့။ ဤမျှကောင်း သည်။ စေးလည်းမစေး၊ ဖွယ်လည်းမဖွယ်၊ အီလည်းမအီ၊ အိအိထွေးထွေးပြည်ရွှေဘိုက ပေါ်ဆန်းမွှေး၊ ဆိပ်ခွန်ရွာက ပေါ်ဆန်းမွှေး။ ပညာရေးတွင်လည်း ဆိပ်ခွန် အထကအပါ အဝင် စာသင်ကျောင်းငါးကျောင်းတွင် ဆရာ ဆရာမ ၉၆ ဦးတို့က ကျောင်းသား ကျောင်းသူ ၂၂၇၆ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိသည်။ ဆရာနှင့် ကျောင်းသားအချိုးမှာ ၁:၂၄ ဟု သိရသဖြင့် နိုင်နင်းသောပညာရေး၊ ကောင်းမွန် သော ပညာရေးဟု ဆိုရမည်ပင်။

1

ကျန်းမာရေးတွင်လည်း ဓာတ်ခွဲခန်းနှင့် ခွဲစိတ်ခန်းပါ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံရှိပြီး ဆေးဝန်ထမ်း ၁၃ ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိသည်ဟု သိရသည်။ ကာကွယ်ဆေးထိုး လွှမ်းခြုံနိုင်မှုအရ ၈၇ ဒသမ ၆၈ ရာခိုင်နှုန်းရှိပြီး ဖွားနှုန်း CBR/1000 popu: ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ သေနှုန်း CDR/1000 popu: ၆ ဒသမ ၇ ရာခိုင်နှုန်းဟု သိရသည်။ ရေကောင်းမြေကောင်းမှာ လေကောင်း လေသန့်ရှူပြီး အာဟာရပြည့်ဝသည့် အစား အစာကိုစား စီးပွားရေးလည်းချောင်လည်ကြ သဖြင့် ကျန်းမာရေးကောင်းမှကောင်း။

စာကြည့်တိုက်များကလည်း ရွာနှင့်မမျှ။ စာကြည့်တိုက်ခြောက်တိုက်ရှိသည်။ Public Digital Library & MRTV-4 e-Learning Centre တို့ပါဝင်သည်။ စာအုပ် ၄၂၂၇ အုပ် ရှိသည်ဟုသိရသည်။ ရွာကလူကြီးများ အမြော် အမြင် ကြီးမားလှပေစွ။ ရွာသူရွာသားတိုင်း စာဖတ်ကြသဖြင့် အသိပညာမြင့်မားပြီး တိုးတက် ကြသည်ဟု ယူဆစရာရှိပါသည်။

ဆိပ်ခွန်ရွာသည် အညာဒေသဖြစ်သော်လည်း ရေကမရှား။ စက်ရေတွင်း (အဝီစိတွင်း) ၅၆၈ တွင်း၊ ရိုးရိုးရေတွင်း ၁၅၁၉ တွင်း၊ စက်ရေတွင်း (ရေလျှံတွင်း)ငါးတွင်း၊ ရေကန်ငါးကန် ရှိသည်။ ထို့အပြင် ကာဘိုးဆည်ရေသောက်ဒေသဖြစ် သဖြင့် စိုက်ပျိုးရေ၊ သောက်သုံးရေကမပူရ။မြောင်းလက်တံ (၆) မိုင်းနား (၁)-(၃)၊ မြောင်း လက်တံ (၇) မိုင်းနား (၁) က ဆည်ရေချပေး နေသည်။ ပြီးတော့ ကိုယ့်အားကိုယ်ကိုး ဆည် တမံကလည်းသုံးခု၊ ငါးပွင့်ဆိုင် မြေအောက်ရေတွင်း ကလည်း ၂၃၂ တွင်း ရှိနေသည်။ သောက်ရေသုံး ရေ၊ စိုက်ပျိုးရေအတွက် ရေရရှိရေးနည်းလမ်း အသွယ်သွယ်ဖြင့် ဘက်ပေါင်းစုံ စီမံထားသည်။ ရေအသက် တစ်မနက် မဟုတ်ပါလား။ အမြော် အမြင်ကြီးမားလှပေစွ။

1

ယင်းကြောင့် မိုးစပါးအပြီး နွေစပါး၊ နွေစပါး အပြီး မိုးစပါး အေးအေးဆေးဆေး စိုက်နိုင်သည်။ အချိန်ရလျှင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စားဖို ဆောင်သီးနှံများကိုလည်း စိုက်လိုက်သေးသည်။ မြေကလည်း မူးမြစ်ကတက်သည့် မြေဆီမြေနှစ် များဖြင့် စိုက်လို့ကောင်းမှကောင်း။ ထိုနေ့က ဦးစောသက်ခိုင်ဝင်း၏ညီ ဦးသက် နိုင်၏ဆင်နှစ်ကောင်စက်ရက်ကန်းရုံနှင့် သောက် ရေသန့်စက်ရုံသို့လည်း ရောက်ရှိခဲ့သည်။ ကိုယ်ပိုင်စက်ရက်ကန်းစင် ၁၀ဝ၊ အပေး (ကုန် ကြမ်းပေး၊ ကုန်ချောယူ)စက်ရက်ကန်းစင် ၁၀ဝ ရှိသည်ဟု သိရသည်။ နယ်သုံး၊ တောင်သူသုံး ကြမ်း ချော ၁/၂၀ ကျားç မဝတ်လုံချည်များ ရက်သည်ဟု သိရသည်။ တစ်ကွင်း ကျပ် ၂၉၀ဝ ဟု သိရသည်။ ၁/၄၀ ချည်နှင့် ရက်ပါက ကျပ် ၃၅၀ဝ ၊ ၂/၈၀ ချည်နှင့်ရက်ပါက ကျပ် ၄၅၀ဝ၊ ၂/၁၀ဝ ချည်နှင့်ရက်ပါက ကျပ် ၈၀ဝ၀ ခန့်ဈေးရှိကြောင်းသိရပါသည်။ ဦးသက် နိုင်၏ စက်ရက်ကန်းရုံသည် အလုပ်သမား ၄၀ဝ ကျော်အား စားအိုးထိန်း ပေးထားသည် ဟုသိရသည်။ ဒေသတွင်းအလုပ်အကိုင်အခွင့် အလမ်းများ ရရှိအဆင်ပြေနေသောရွာဖြစ်သည်။ ရွာပြင် မထွက်၊ မိမိရွာတွင်ပင်နေထိုင်လုပ်ကိုင် စားသောက်နေကြသည်။ အခြားဒေသကပင် လာရောက်လုပ်ကိုင်နေကြသည်။

ဦးသက်နိုင်၏ ဧည့်ခန်းကား ခမ်းနားထည်ဝါ လှပေစွ။ သစ်မင်းပန်းအိုးကြီးတစ်အိုးကပင် ကျပ် ၁၅ သိန်းတန်သည် ဟုသိရသည်။ ခင်းထား သည့် ဆက်တီဈေးအား ဆက်မမေးဝံ့တော့။ ရက်ကန်းတန်း (အထည်အရောင်းအဝယ်) အဆင်ပြေပုံရသည်။ သို့သော် ဦးသက်နိုင်က လုံချည်တစ်ကွင်း ကျပ် ၂၀ဝ လောက်ကျန်မှ ကိုက်သည်ဟုဆိုပါသည်။ ယခုအရောင်းအဝယ် အေးနေသည်ဟုဆိုပါသည်။ အမြတ်လည်း သိပ်မကျန်လှဟုဆိုပါသည်။ ဦးသက်နိုင်ကား ဦးစောသက်ခိုင်ဝင်းနည်းတူ စေတနာကောင်းလှပါသည်။ ရွှေဘိုဒေသထွက် မြန်မာ့ရိုးရာမုန့်၊ မုန့်ပေါက်ကြော်၊ မုန့်ခွက်ပြင်၊ ခေါစီ၊ ခေါပုတ်၊ ရေမုန့်၊ အကြော်စုံတို့အား ရေနွေးကြမ်းမွှေးမွှေး၊ ပြင်ဦးလွင်ကော်ဖီမွှေးမွှေး တို့ဖြင့် ဧည့်ခံသည်။ လယ်ဆန်ရွှေဘိုပေါ်ဆန်း မွှေးဖြင့် ထမင်းပွဲပြင်မည် တကဲကဲလုပ်နေ၍ မနည်းတားရသည်။ လက်ဖက်ရည်ပွဲနှင့်ပင် ဗိုက်ပြည့်နေပေပြီ။ ဆိပ်ခွန်သားတို့ စေတနာကား အံ့ဘနန်း။

1

ဆိပ်ခွန်ထည်အများစုမှာ အိန္ဒိယချည်၊ အိန္ဒိယဆိုးဆေး ဓာတ်ဆေးအသုံးများသဖြင့် အရည်အသွေးကောင်းရကြောင်း ကြားသိခဲ့ ရပါသည်။ အိန္ဒိယကချည်နိုင်သည်၊ ဆေးကလည်း ကောင်းသည်။ ယင်းကြောင့် ဆိပ်ခွန်ထည် တစ်ခါဝတ်ဖူးလျှင် အခြားလုံချည်မဝတ်ချင်တော့။ ထိုနေ့က ဆိပ်ခွန်ထွက် ကချင်လုံချည်တစ်ထည် ဝယ်ခဲ့သေးသည်။ ၂/၈၀ ချည်ဖြင့် ရက်ထားသည်။ ယနေ့အထိ အရောင်မကျ။ ယင်းကြောင့်ပင် "ရွှေညာဝေဆာ မွှေးသပအညာကျေးက ဆိပ်ခွန် ရွာ" ဟု တင်စားပါက လွန်အံ့မထင်ပါ။

တမာရိပ်၊ ထနောင်းရိပ်၊ ကုက္ကိုရိပ်တို့ဖြင့် အရိပ်ချင်းထပ်နေသော ဆိပ်ခွန်ရွာ။ စမ်းရေစီး သံလား၊ ဂီတသံလားမှတ်ယူရသည့် ရက်ကန်း ခတ်သံတညံညံတို့ဖြင့် သာယာချင်တိုင်း သာယာ လှပနေသော ဆိပ်ခွန်ရွာ။ စိမ်းလန်းစိုပြည်သော ကောက်ပင်ယိမ်းနွဲ့စိမ်းလဲ့လဲ့နှင့် လယ်ကွင်းပြင်။ ရင်ကိုအေးမြစေသော လေနုအေးတသွင်သွင် တိုက်ခတ်နေသော ဆိပ်ခွန်ရွာသို့ အမြန်ဆုံး သွားရောက်ပြီး သာသနာတော်နှစ် ၂၂၃၊ ခရစ် နှစ် ၂၄၇ က သီရိဓမ္မာသောကမင်းကြီး တည် ထားခဲ့သည့် အင်ကြင်းတောဆုတောင်းပြည့် ရှေးဟောင်းစေတီတော်မြတ်ကြီးကို ဖူးမြော်ကန် တော့ပြီး အဆင်စုံ၊ အသွေးစုံဆိပ်ခွန်ထည်များအား ဝယ်ယူအလှဆင်ကြပါစို့လား။ အာဟာရပြည့်ဝ လှသော ဆိပ်ခွန်လယ်တောက ထွက်သည့် ရွှေဘိုပေါ်ဆန်းမွှေးဆန်အား အိမ်အပြန်လက် ဆောင်ဝယ်ကြပါစို့လားဟု တိုက်တွန်းရေးသား လိုက်ရပါကြောင်း။