ရုပ်မြင်သံကြား ဂျာမနီနိုင်ငံ Braun HF 1 ရုပ်မြင်သံကြားပြစက်(၁၉၅၈ ခုနှစ်)

ရုပ်မြင်သံကြားစက်(ခေါ်) တယ်လီဗေးရှင်း ဆိုသည်မှာ ရောင်စဉ်တစ်မျိုးတည်း (အဖြူ၊အမည်း) သို့မဟုတ် ရောင်စုံရုပ်ပုံများကို အများအားဖြင့် အသံနှင့် တွဲဖက်၍ ရုပ်ပုံ ထုတ်လွှင့်ခြင်းနှင့် ဖမ်းယူခြင်းတို့ကို လုပ်ဆောင်ပေးသော ကျယ်ပြန့်စွာ သုံးစွဲလျက်ရှိသော ဆက်သွယ်မှု ကြားခံ ကိရိယာ တစ်ခု ဖြစ်သည်။ `တယ်လီဗေးရှင်း´ ဆိုသော စကားစုသည် တယ်လီဗေးရှင်း စက်၊ တယ်လီဗေးရှင်း အစီအစဉ်ရေးဆွဲခြင်းနှင့် တယ်လီဗေးရှင်း ထုတ်လွှင့်ခြင်းတို့ကိုလည်း အထူးတလည် ရည်ညွှန်းသည်။ တယ်လီဗေးရှင်းဆိုသော ဝေါဟာရသည် လက်တင်နှင့် ဂရိစကားလုံးများမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဝေးမှ မြင်ကွင်း ဟု အဓိပ္ပာယ်ရသည်။ ဂရိ စကားလုံး `တယ်လီ´ မှာ အဝေးမှ ဆိုသော အဓိပ္ပာယ်ရပြီး လက်တင်စကားလုံး ဗစ်စူယို သည် `မြင်ကွင်း´ဟု အဓိပ္ပာယ်ရသည်။ စမ်းသပ်ထုတ်လွှင့်ခြင်း

၁၉၂၆-ခုနှစ်တွင် ပထမဆုံး ရုပ်မြင်သံကြား စမ်းသပ်ထုတ်လွှင့်ခြင်းကို စကော့လူမျိုး အင်ဂျင်နီယာ ဇွန်လိုဂျီဘိုင်းယာ့ဒ်က ပြုလုပ်ခဲ့သည်။

၁၉၃၆-ခုနှစ်တွင် ပထမဆုံး ရုပ်မြင်သံကြား ချယ်နယ်ကို ဘီဘီစီ က ဖွင့်လှစ်ခဲ့သည်။

၁၉၅၁-ခုနှစ်တွင် ပထမဆုံး ရောင်စုံ ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းကို အမေရိကန်ပြည်ထောင်စု၌ ဆောင်ရွက်ခဲ့သည်။ အစတွင် အရုပ်များ ရွဲ့စောင်းနေသဖြင့် လူကြိုက်နဲခဲ့ပြီး နောက်ပိုင်းတွင် ပိုမိုကြည်လင်ပြတ်သားသော ပုံများရရှိလာသဖြင့် ရောင်စုံ ရုပ်မြင်သံကြားကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာသည်။ ရုပ်မြင်သံကြားသည် အရေးကြီးသော သတင်းများကို ဖြန့်ဝေသည့် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်လာသည်။

ဝေးလံသီခေါင်သော အရပ်ဒေသများသို့ ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းကို ဂွိုလျတုမှ တစ်ဆင့် ဆောင်ရွက်ရသည်။ ၁၉၆၃-ခုနှစ်တွင် ပထမဦးဆုံး အသုံးပြုသည့် ဂြိုလ်တုမှာ ဥရောပကို အမေရိကားနှင့် ချိတ်ဆက်ပေးသည့် တဲလ်စတား(Telstar) ဖြစ်သည်။

ကနဦးတွင် ရုပ်မြင်သံကြားစက်သည် ကားတစ်စီးလောက်တန်ဘိုးရှိသော ဇိမ်ခံပစ္စည်းဖြစ်ခဲ့သော်လည်း သုံးနှစ်အတွင်း နေအိမ်များ၌ ရုပ်မြင်သံကြားစက် အလုံးပေါင်း သုံးသောင်းကျော် တပ်ဆင်ထားပြီး ဖြစ်နေသည်။

၁၉၃၀ နှောင်းပိုင်းတွင် ဈေးကွက်အတွင်း စတင်ရောင်းချခဲ့ပြီး နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် အဖွဲ့အစည်းများစွာတွင် ဖျော်ဖြေမှုနှင့် သတင်းထုတ်လွှင့်မှုများအတွက် အဓိက ဆက်သွယ်ရေး ကိရိယာအဖြစ် တွင်ကျယ်လာခဲ့သည်။

၁၉၇၀ မှစတင်၍ ရုပ်မြင်သံကြားကို ထုတ်လွှင့်သည့် အစီအစဉ်များ သာမက ဗီဒီယို အသံသွင်း ဗီဒီယို တိတ်ခွေများ၊ ထိုမှတဆင့် ဒီဗီဒီကဲ့သို့သော ဒစ်ဂျစ်တယ် မီဒီယာများ ဖမ်းယူကြည့်ရှုနိုင်ရန် သုံးစွဲခဲ့ကြသည်။

ပုံမှန် တယ်လီဗေးရှင်းစက်တစ်လုံးတွင် ရေဒီယိုလှိုင်း ချိန်ညှိ ဖမ်းယူခြင်းနှင့် ရုပ်သံ အချက်ပြတွေလှိုင်းများကို မူရင်း အရုပ်အသံ အချက်ပြများအဖြစ် ပြန်လည်ပြောင်းလဲခြင်း လုပ်ငန်း လုပ်ဆောင်သည့် အီလက်ထရွန်းနစ် လျှပ်စီးပတ်လမ်းအများအပြား ပါဝင်သည်။ ၄င်းလျှပ်စီးပတ်လမ်းများ မပါဝင်သည့် ရုပ်ပုံဖော်နိုင်သော ပစ္စည်းကိုမူ တယ်လီဗေးရှင်းဟု မခေါ်ဘဲ မော်နီတာ ဟူ၍သာ ခေါ်ဆိုကြသည်။ သမားရိုးကျ ရုပ်သံထုတ်လွှင့်မှု နဲ့ အသံသွင်းထားသည့် အချက်ပြများ ထုတ်လွှင့်မှုအပြင် လုံခြုံရေး စနစ်သုံး တယ်လီဗေးရှင်းစနစ်၊ ဒစ်ဂျစ်တယ် တီဗီစနစ်နှင့် ပြတ်သားမှုမြင့် တယ်လီဗေးရှင်းကဲ့သို့သော စနစ်များအတွက်လည်း တည်ဆောက်နိုင်သည်။