သာသနာပ အတ္တဝါဒ အကျဉ်းချုပ်..။ ဗုဒ္ဓဝါနှင့် ခပ်ဆင်ဆင်ရှိသော ဂျိမ်းဘာသာဆိုတာ ရှိပါသည်။ သူတို့သည်လည်း ကံသဘောတရား ကိုလက်ခံကြပါသည်။ သူတို့လက်ခံပုံမှာ ကံပြုသူသည် အတ္တသာဖြစ်၍ နောင်ဘဝတွင် ဤကံ၏အကျိုးကို ပြန်ခံစားသည်မှာလည်း အတ္တသာဖြစ်သည်ဟု ယူဆပါသည်။ ဗုဒ္ဓဝါဒတွင်" ကုသိုလ်ကံကို ပြုလုပ်သူသည် ပုဂ္ဂိုလ်သတ္တဝါကောင်သည်မရှိ၊ ကံ၏အကျိိုးကို ခံစားတတ် သော ပုဂ္ဂိုလ်သတ္တဝါကောင်သည်မရှိ၊ ပုဂ္ဂိုလ်သတ္တဝါ အတ္တကောင် မရောယှက်သော ဓမ္မသက်သက်သာလျှင် တစ်ပြန်စီ လှည့်ပတ်ဖြစ်နေကြ၏။ ဤသို့သောအမြင်သည် မဖောက်ပြန်သော အမြင်တည်း "။ (ဝိသုဒ္ဓိမဂ်) ဗုဒ္ဓဝါဒတွင်ပြုလုပ်သူမရှိ၊ ပြုလုပ်ခြင်း ကြိယာသဘောသာရှိသည်။ ခံစားသူမရှိ၊ ခံစားတတ်သည့် သဘောသာရှိပါသည်။ သာသနာပဗြဟ္မဏဝါဒတွင် အတ္တကို "ပရမအတ္တနှင့်ဇီဝအတ္တ" ဟူ၍ နှစ်မျိုးယူဆကြပါသည်။ ပရမ အတ္တကို မဟာဗြဟ္မာ၊ ပဇာပတိ၊ ဣသရ၊ ပရမအတ္တ၊ မဟာတ္မ(မဟာအတ္တ)ဟု ခေါ်ပါသည်။ မဟာဗြဟ္မာ ဆိုတာကြီးသည် သတ္တဝါများအားဖန်ဆင်းပြီး ခန္ဓာကိုယ်ထဲ၌ အတ္တအသီးသီး ထည့်ပေးလိုက်ပါသည်။ မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊စားခြင်း၊ထိသိခြင်း၊ တွေးတာခြင်း၊ စသည်လှုပ်ရှားမှုများ ကို အတ္တကပြုလုပ်နေသည်ဟု ယူဆကြပါသည်။ သတ္တဝါတို့သည် ထိုအတ္တလေးရှိနေမှ သွားလာလှုပ်ရှား အသက်ရှင်နိုင်ပါသည်။ သို့ကြောင့် သတ္တဝါ များအသက်ရှင်သွားလာလှုပ်ရှားနိုင်အောင် မဟာဗြဟ္မာကထည့်ပေးလိုက်သည့် အတ္တကို "ဇီဝအတ္တ"ဟု ခေါ်ပါ သည်။ ရေအိုးထဲမှ အာကာသဟင်းလင်းပြင်နှင့် အပြင်ဘက်အာကာသဟင်းလင်းပြင်သည် အတူတူဖြစ်သည်။ ရေအိုးထဲမှ အာကာသသည် ပြင်ပအာကာသ၏ အစိတ်အပိုင်းသာဖြစ်သည်။ ရေအိုး၏ အတုပ်နှောင်ကို အာကာသအစိတ်ပိုင်းက ခံနေရခြင်းဖြစ်သည်။ ရေအိုးကို ရိုက်ခွဲလိုက်လျှင် အာကာသာအစိတ်ပိုင်းသည် အနှောင်အဖွဲ့မှ လွတ်မြောက်သွား၍ ပြင်ပအာကာသပြင်ကြီးနှင့် ပြန်လည်ပူးပေါင်းသွားပါသည်။ ဇီဝအတ္တသည် ပရမအတ္တ၏ အစိတ်ပိုင်းဖြစ်သည်။ ဇီဝအတ္တသည် ခန္ဓာ၏ အချုပ်နှောင်ကို ခံထားရ သည်။ ခန္ဓာမှလွတ်မြောက်ရန် ဗြဟ္မဏကျင့်စဉ်များဖြင့် ကျင့်လိုက်သောအခါ ခန္ဓာအနှောင်အဖွဲ့မှ ဇီဝအတ္တလွတ် မြောက်သွာပြီး မဟာအတ္တ(ဗြဟ္မာ) နှင့် ပူးပေါင်းသွားပါသည်။ သို့ဖြစ်၍ ဇီဝအတ္တကို အကျဉ်းကျခံနေရသော ဗြဟ္မာဟု ဆရာကြီးဦးရွှေအောင်က အာကာသ ဥပမာ ပေး၍ " ဘဝအကျဉ်းသား " တွင် ဖော်ပြထားပါသည်။ ဇီဝအတ္တလေးသည် လွတ်မြောက်မှုမရသေးသမျှ အတ္တကပြုလုပ်သော ကံ အတိုင်း သံသရာကျင် လည်ရပါသည်။ သတ္တဝါသေသောအခါ အတ္တဝိဉာဉ်(ဇီဝအတ္တ)သည် ခန္ဓာအဟောင်းကိုစွန့်ပစ်၍ နောင်ဘဝခန္ဓာ အသစ်သို့ ကူးပြောင်းရောက်ရှိသွားပါသည်။ အတ္တသည် မသေတတ်သော အမြုတေသဘောရှိ၍ နိစ္စတရားဖြစ် ပါသည်။ ခန္ဓာအိမ်အခွံတစ်ခုကိုထားခဲ့၍ အခြားခန္ဓာအိမ်အခွ့ံအသစ်တစ်ခုထဲသို့ ဝင်ရောက်နေထိုင်သော ဝင်ကစွပ်ကောင်ကဲ့သို့ ဖြစ်ပါသည်။ ဤကားသာသနာပ အတ္တအယူဆ ဘဝကူးပြောင်းကျင်လည်ပုံ ဖြစ်ပါသည်။ အချို့အချို့သော ဗုဒ္ဓဘာသာများ ဤအယူမျိုးရှိနေကြပါသည်။ လောက်လန်းသဖွယ်ဝိဉာဉ်တွယ် ဟုဆို ကြသည်။ လောက်လန်းလေးသည် အခြားတစ်ဘက်သို့ မထောက်ဆမိသေးပါက ဤမှာဘက်ခြေထောက်ကို မလွှတ်ချေ။ အခြားတစ်ဘက်သို့ စမ်းနေပါသေးသည်။ စမ်းမိသည်ဆိုပါမှ ထောက်လိုက်ပြီး ဤဘက်ခြေ ထောက်ကိုလွှတ်ကာ လုံးလုံးကူးသွားပါတော့သည်။ ဗုဒ္ဓဝါဒတွင် မည်သည့်အရာမှ အကောင်လိုက် မကူးပါ။ အချို့သော လူဝင်စားများသည် ယခုဘဝသို့ ရောက်ရှိမွေးဖွားလာပုံကို ပြောတတ်ကြပါသသည်။ "သား နေစရာမရှိလို့ လျှောက်သွားနေတုန်း အမေ့ကိုလမ်းမှာတွေ့တယ်။ဒါနဲ့ အမေ့နောက်ကို အသာလေးလိုက် ခဲ့ပြီးအမေရေသောက်တော့ ရေခွက်ထဲကို အမှိုက်ယောင်ဆောင်ပြီးဝင်လိုက်တယ်။ အမေသောက်လိုက်တာ့ ဗိုက်ထဲဝင်ပြီး အမေ့သားဖြစ်လာတယ်" ဟု ပြောတတ်ကြပါသည်။ ယခုဇာတ်လမ်းသည် လိပ်ပြာ၊ ဝိဉာဉ်ဝါဒ၊ ကြားဘဝဝါဒ နှင့်တူနေပါသည်။ သတ္တဝါတို့တွင် မသေခင် ကတည်းက ကံ ၊ ကမ္မ ၊ ဂတိ နိမိတ်ဆိုတာ ယူရပါသည်။ ဤနေရာတွင် ဂတိနိမိတ်အကြောင်းသာ ပြောပါမည်။ သေခါနီး၌ ငရဲရောက်မည့်သူသည် ခွေးနက်ကြီး၊ ငရဲမီးစသဖြင့် မြင်ရပြီး၊ ပြိတ္တာဖြစ်မည့်သူမှာ လှိုဏ်ခေါင်း၊ တောနက်စသည် အမျိုးမျိုးသောနိမိတ်မြင်တတ်ပါသည်။ လူပြန်ဖြစ်မည့်သူသည် မိခင်၏ကဗ္ဗလာ နီကဲ့သို့ရဲရဲနီနေသည့် ဝမ်းဗိုက်၊ မိခင်လောင်း၏ရုပ်ရည် စသည်မြင်ရတတ်ပါသည်။ နတ်ဖြစ်မည့်သူမှာ နတ်ဘုံ နတ်နန်း အရှိစသည်ဖြင့် မသေခင်မရဏသန္နာဇောကတည်းကပင် နိမိတ်ယူနေပါသည်။ ကုသိုလ်ကံကြောင့် လူပြန်ဖြစ်ရမည့် အဆိုပါဇာတ်လမ်းတွင် "အမေကိုတွေ့တယ်၊ ရေခွက်ထဲဝင်နေ လိုက်တယ်"စသည့် အခြင်းရာများသည် မသေခင်ကတည်းက မြင်နေရသည့် ဂတိနိမိတ်ဖြစ်ပါသည်။ ဤဘဝ ၌ပြန်မှတ်မိပြီး ပြောနိုင်ခြင်းဖြစ်ပါသည်။ အချို့ဆိုလျှင် ရှေ့ပိုင်းဘဝများကိုပင် ပြန်ပြောနိုင်ကြပါသည်။ ဇာ တိဿရဉာဏ်ဟု ခေါ်ပါသည်။ လူတိုင်းမရပါ။ ဤသည်ကိုနားမလည်၍ လိပ်ပြာ၊ ဝိဉာဉ်လေးဝင်လာသလို ထင်နေကြခြင်းဖြစ်သည်ဟု မဟာစည်ဆရာ တော်ဘုရားကြီးမှ ဖြေရှင်းပေးထားပါသည်။ အချို့ဆိုလျှင် ဘဝဟောင်းမှ ဒါဏ်ရာအမှတ်သားများ ပါလာတတ်ပါသေးသည်။ ဤသည်ကို ပါချုပ် ဆရာတော်က "စိတ်အစွဲကြောင့်"ဟု ဖြေရှင်းပေးပါသည်။ သတ္တဝါတို့တွင် စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ဆိုတာရှိပါသည်။ ဘဝဟောင်းမှ ဓားခုတ်သတ် ခံခဲ့ရ၍ဘဝသစ်၌ ဒါဏ်ရာပါလာခြင်း၊ ကြိုးတုပ်၍ ရေနစ်သတ်ခံခဲ့ရတဲ့အတွက် ကြိုးတုပ်ရာများ ပါလာခြင်းသည် အသတ်ခံရစဉ်အခါက အလွန်အမင်း ထိန့်လန့်ကြောက်လန့်ပြီး စိတ်အစွဲပြင်းထန်ခဲ့သောကြောင့် ထိုအစွဲက ယခုဘဝတွင် ဒါဏ်ရာအဖြစ် ပြန်ထုတ်လုပ်လိုက်ခြင်းဖြစ်ပါသည်။ ရေမြင်လျှင်ကြောက်နေသူများ၊ တခါမှမမြင်ဘူးသောလူတစ်ယောက်ကို မြင်ရုံမျှဖြင့် ကြောက်လန့်နေ ခြင်းများသည် စိတ်အစွဲလမ်းကြောင့်ဖြစ်ပါသည်။ နာမ်တရားသည် အလွန်ထူးဆန်းပါသည်။ လူတစ်ယောက်အား အိပ်မွေ့ချ၍ "မင်းကိုသံပူနဲ့ထိုးတော့မယ်နော်" ဟုဆိုပြီး လက်ကိုရိုးရိုးသံချောင်း လေးနှင့် ဆတ်ကနဲ ထိုးလိုက်ပါသည်။ ထူးဆန်းစွာပင် အိပ်မွေ့ချခံထားရသောသူသည် တကယ်မီးအပူ လောင်သွားသကဲ့သို့အော်ဟစ်ပါတော့သည်။ အမှန်မှာ ရိုးရိုးသံနှင့် အသာလေး တို့ထိလိုက်ခြင်းဖြစ်သည်။ ပို၍ထူးဆန်းသည်မှာ အတို့ခံရသောနေရာ၌ မီးလောင်ဘုထလာခြင်း ဖြစ်သည်။ စိတ်အစွဲပြင်းထန် လွန်းအားကြီး၍ စိတ္တဇရုပ်အား ချက်ချင်း ထုတ်ပေးလိုက်ပါတော့သည်။ ဤမျှဆိုလျှင် ဗုဒ္ဓဝါအတ္တမရှိပုံနှင့် သံသရာကျင်လည်ပုံကို သိရှိရပါသည်။ အဖြူပေါ်လွင်စေရန် အမဲနှင့် ချိန်ထိုးကြည့်ရပါသည်။ အရှည်ထင်ရှားစေရန် အတိုနှင့် ယှဉ်ပြရပါသည်။ အနတ္တ သိလွယ်စေရန် အတ္တနှင့် နှိုင်း ယှဉ်ပြရခြင်းဖြစ်ပါသည်။ နာမ်ရုပ်တို့အချင်းချင်းရွက်ဆောင်ပုံ…..။ ရုပ်ပရမတ်နှင့်နာမ်ပရမတ်ကို သီးခြားလေ့လာပြီးသောအခါ ခန္ဓာ၌ ပုဂ္ဂိုလ်သတ္တဝါ ကင်းဆိတ်ပုံကို သိခဲ့ကြပြီး ဖြစ်ပါသည်။ နာမ်နှင့်ရုပ်သည် သူတို့၏ကိစ္စများကို ဆောင်ရွက်၌ တစ်ခုကိုတစ်ခု ထောက်ပံ့ပေး တတ်ပါသည်။ ထိုသို့ ထောက်ပံ့ပေးနေခြင်း၌ အညီအမျှပြုရသော " သင်္ခတ " သဘောကို နားမလည်ပါက တစ်ခုခု၌ အစွမ်းသတ္တိရှိသည်ဟူသော အထင်ဝင်ရောက်လာပြီး အတ္တသတ္တိ များကိန်းလာနိုင်ပါသေးသည်။ လမ်းလျှောက်ခြင်းအမှုတစ်ခုတွင် လျှောက်ချင်စိတ်က လျှောက်ရုပ်ကို ဖြစ်ပေါ်စေရာ၌ နာမ်ကရုပ်ကို "ဗျာပါရ" စိုက်၍ ခိုင်းစေလိုက်သည်မဟုတ်၊ သွားချင်စိတ်ရှိ၍ သွားရုပ်ပေါ်လာရခြင်းသာ ဖြစ်ပါသည်။ မှန်ရှေ့၌မတ်တပ်ရပ်နေပါ။ အရိပ်ပေါ်လာပါမည်။ သင်သည် မှန်ထဲ၌အရိပ်ပေါ်အောင် လုံ့လစိုက်စရာမ လိုပါ။ အရိပ်ပေါ်ပါစေဟု ဆုတောင်းနေစရာမလိုပါ။ မှန်ရှေ့၌လူရပ်ခြင်း၊ အလင်းရောင်ရှိ်ခြင်း စသည်အကြောင်း များဆုံလာသောအခါ သဘာဝအလျောက် အရိပ်ပေါ်ပါသည်။ ကာရက(ပြုသူ)ဆိုသော စွမ်းအားရှင်သတ္တိ မပါပါ။ အကြောင်းဆုံ၍ ပေါ်ခြင်းသာ ဖြစ်ပါသည်။ မီးထွန်းလိုက်လျင် အလင်းရောင်ပေါ်လာပါသည်။ မီးက အလင်းရောင်ကို ပေါ်ပါစေဟု ကြောင့်ကြစိုက် နေရန် မလိုအပ်ပါ။ မီးက အလင်းရောင်ဖြစ်ရန် ငါကလုပ်လိုက်သည်ဟု ပြောလျင်မှားပါသည်။ ငါ့ကြောင့်ဖြစ် သည်ဟုတော့ ပြောရပါမည်။ ငါကလုပ်လိုက်သည်ဆိုလျှင် အတ္တသတ္တိ ပါနေပါသည်။ သဘာဝတရားအား လုံးသည် အနတ္တသာဖြစ်ပါသည် ။ထို့ကြောင့် သွားချင်စိတ်ကြောင့် သွားရုပ်ဖြစ်တယ်ဟု ပြောကြခြင်းဖြစ်ပါ သည်။ အကြောင်းအကျိုး ခွဲပြော၍တော့ရပါသည်။ နာမ်ကရုပ်ကို ခိုင်းစေနိုင်သော ဗျာပါရသတိ္တရှိလျှင် အောက်ပိုင်းလေဖြတ်နေသူတစ်ဦးအား လမ်း လျှောက်အောင် စွမ်းဆောင်နိုင်ပါမည်လား။ မစွမ်းဆောင်နိုင်ပါ။ အနတ္တသဘာဝသာဖြစ်၍ အကြောင်းချို့ယွင်း လေသောအခါ အကျိုးတရား မဖြစ်ပေါ်နိုင်တော့ပါပေ။ ခရီးတစ်ခုကိုသွားရာတွင် ကားကလူကို ငါလုပ်ပေးလို့ မင်းခရီးရောက်တာဟု ပြောခွင့်မရှိသလို၊ လူကလည်းကားကို ငါကသာမင်းကိုရောက်အောင် လုပ်ပေးတာဟုလည်း ပြောခွင့်မရှိပါချေ။ ကားသည် သူ့ဘာသာသူ မသွားတတ်သလို၊ လူသည်လည်း သူ့ဘာသာသူခရီးမရောက်။ တစ်ခုကိုတစ် ခု အကြောင်းအထောက်ပံ့ပြု၍ ပူးပေါင်းဆောင်ရွက်၍သာ ခရီးတစ်ခုတွင်ရခြင်းဖြစ်ပါသည်။ နာမ်တရားတို့ဖြစ်ပေါ်လာရခြင်းတွင်လည်း မြင်စိတ်ဖြစ်ဖို့ရန် အဆင်းနှင့်မျက်စိက ထောက်ပံ့ပါသည်။ အကြောင်းခံပါသည်။ အဆင်းကသော်လည်းကောင်း၊ မျက်စိကသော်လည်းကောင်း မြင်စိတ်ကို "ငါက လုပ်ပေးလိုက်တာ"ဟု ပြော၍မရပေ။ မြင်စိတ်ကလည်း "ငါ့ဟာငါမြင်တတ်တယ် မင်းတို့နှင့်မဆိုင်"ဟူ၍ အကြောင်း ကိုငြင်းပယ်၍မနိုင်ပါ။ အကျိုးနှင့်အကန်းကို ဥပမာပေး၍လည်း ရှင်းပြတတ်ပါသည်။ အကျိုးသည်ခြေကျိုးနေ၍ ခရီးမသွား နိုင်သလို၊ အကန်းသည်လည်း မျက်စိမမြင်၍ မသွားနိုင်ပါချေ။ အကန်း၏ဂုတ်ပေါ်သို့ အကျိုးကခွစီးပြီး အကျိုး၏ လမ်းပြမှုဖြင့်သွားလျှင် နှစ်ဦ်းစလုံး လိုရာခရီး ရောက်ပါတော့သည်။ ဆိုင်ရာရုပ်များ၏ ထောက်ပံ့မှုရမှ ဆိုင်ရာနာမ်တရား ဖြစ်ပေါ်ခွင့်ရပါသည်။ ရုပ်သည် နာမ်အား ဖြစ် ပေါ်ပါစေဟု ဗျာပါရစိုက်၍ ပြုလုပ်ခြင်းမဟုတ်ပါချေ။ အကြောင်းစုံလာ၍သာ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဓမ္မသဘာဝများသည် အတ္တသဘောအစွမ်းအစမရှိပါချေ။ ဆားကိုရေထဲထည့်လိုက်သောအ ခါ ရေငံသွားပါသည်။ ထိုသို့ငံသွားရာ၌ ဆားကရေကို ငံအောင်လုပ်ပေးလိုက်ခြင်း မဟုတ်ပါပေ။ ဆား၏ငံခြင်း သတ္တိကို ပြနေခြင်းသာဖြစ်ပါသည်။ ပြန်၍ကျိုချက်လျှင် ဆားပြန်ရပါသည်။ ရေမှာလည်း နဂိုသဘာဝသတ္တိ အတိုင်းသာ ရှိနေပါသည်။ ဤသို့ဖြင့် မိမိတို့ကိုယ်ပိုင်အစွမ်းရှိသော်လည်း သူတစ်ပါးကို အုပ်စိုးချယ်လှယ်နိုင်သောအစွမ်းစတော့ မရှိပါချေ။ မီ်းထွန်းလျှင် အလင်းရောင်ရပါသည်။ ရေထဲဆားထည့်လျှင်ငံပါသည်။ မှန်ရှေ့လူရပ်လျှင် အရိပ်ပေါ်ပါ သည်။ ဤသည်မှာ " ဣမသ္မိ ံ သတိ၊ ဣဒံ ဟောတိ - ဤအကြောင်းရှိလျှင် ဤအကျိုးရှိတယ် " ၊ " ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ - ဤအကြောင်းတရားဖြစ်ခြင်းကြောင်းကြောင့် ဤအကျိုးတရားဖြစ်ပေါ်လာတယ် " ဟူသည် နှင့်အညီ၊ မီ်းပိတ်လိုက်ပါက မှောင်သွားပါသည်။ ရေငံကိုကျိုချက်လိုက်ပါက ရေ၏နဂိုသဘာဝ ပြန်ဖြစ်သွားပါ သည်။ မှန်ရှေ့မှလူခွာလျှင် အရိပ်ပျောက်ပါသည်။ ဤသည်မှာ" ဣမသ္မိ ံ အသတိ ဣဒံနဟောတိ - ဤအကြောင်းချုပ်လျှင် ဤအကျိုးချုပ်တယ် " ၊ " ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ - ဤအကြောင်း တရားချုပ်ခြင်းကြောင့် ဤအကျိုးတရားချုပ်တယ် " ဟု ဘုရားဟောဒေသနာအတိုင်းပင် ဖြစ်ပါသည်။ ( ဝိသုဒ္ဓိမဂ် မဟာဋီကာ- မဟာစည်ဆရာတော်)