အဟောသိကံ--ပဌမဇောစေတနာသည် မျက်မှောက်ဘဝ၌ အကျိုးမပေးသော် သတ္တမဇောစေတနာသည် ဒုတိယဘဝ၌ ကျိုးမပေးသော် အလယ်ဇော ငါးချက်စေတနာသည် နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အကျိုးမပေးသော် အဟောသိကံဖြစ်၏။ [၁] ပစ္စုပ္ပန် ဘဝ၌ ဒိဋ္ဌဓမ္မအကျိုးပေးနိုင်လောက်သော ကံအများကိုအားထုတ်ထားလျှင် ကံတခုကသာ ဒိဋ္ဌဓမ္မအကျိုးကို ပေးနိုင်၏။ ကြွင်းသော ကံများသည် အဟောသိကံ ဖြစ်ကြရသည်။ ဥပပဇ္ဇဝေဒနီယကံများကို အားထုတ်ထားရာ၌လည်း ကံတခုက ပဋိသန္ဓေအကျိုးကို ပေးလျှင် ကြွင်းသောကံများသည် ပဋိသန္ဓေ အကျိုးကို မပေးနိုင်၊ ပဝတ္တိအကျိုးကိုကား ပေးနိုင်သေး၏၊ ပဝတ္တိအကျိုးကိုမျှ မပေးလျှင် အဟောသိကံ ဖြစ်ကြရလေသည်။ ပဉ္စာနန္တရိယကံ ငါးမျိုးလုံး ကျူးလွန်ထားရာ၌ အစွမ်းသတ္တိ အထက်ဆုံးဖြစ်သော သံဃဘေဒကကံကသာ ပဋိသန္ဓေအကျိုးကို ပေးသည်၊ ကြွင်းသော အာနန္ဒရိယကံ လေးမျိုးသည် အဟောသိကံ ဖြစ်ကြရသည်။ သမာပတ် ၈-ပါးစလုံး ရှိရာ၌ သမာပတ်တပါးကသာ ပဋိသန္ဓေအကျိုးကို ပေး၏၊ ကြွင်းသော သမာပတ်များသည် အဟောသိကံ ဖြစ်ကြရသည်။ [၂] အပရာပရိယာယဝေဒနီယကံကား နိဗ္ဗာန် ရ၍ သံသရာစက် ပြတ်မှ အဟောသိကံ ဖြစ်သည်၊ သံသရာစက်ရဟတ် မပြတ်လည်နေသေးလျှင် အဟောသိကံမဖြစ်။ [၃] [၄]

ကိုးကား ပြင်ဆင်ရန်

  1. (ဝိဘာဝိနီ၊၁၇၁။ ပရမတ္ထဒီပနီ။)
  2. (အဘိ၊ဋ္ဌ၊၂၊၄၃၄။ အံ၊ဋ္ဌ၊၂၊၁၀၄-၅။)
  3. (အံ၊ဋ္ဌ၊၂၊၁၀၅။ ဝိသုဒ္ဓိ၊၂၊၂၃၆။)
  4. တိပိဋကအဘိဓာန် အတွဲ-၅