ကံ
ပါဠိဘာသာ ကမ္မ မှ ဆင်းသက်လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စကိုဆိုလိုသည်။ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် ကံအဓိပ္ပာယ်ကို လွဲမှားစွာ ကောက်ယူနားလည်ကြသည်လည်း ရှိသည်။ မြတ်စွာဘုရားသည် စေတနာကို ကံဟူ ၍ ရင်းမြစ်ကျကျ ဟောပြတော် မူ၏။[၁] ထိုကံသည် -
၁။ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံ နှင့်
၂။ အကျိုးစီးပွားမဲ့ကို ဖြစ်စေသော အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိသည်။
ကံ (၃)မျိုးပြင်ဆင်
၁။ ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊
၂။ နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊
၃။ စိတ်ဖြင့် ကြံစည်မှု မနောကံ ဟူ၍ သုံးမျိုးရှိသည်။ ကံ ကံ၏အကျိုး ဖြစ်၏။ [၂]
ကံအမျိုးမျိုး (ကမ္မဘေဒ)ပြင်ဆင်
ချိန်ကွဲကျိုးဖန် ကံသုံးမျိုးပြင်ဆင်
ကမ္မနိယာမအရ ကောင်းသောကံသည် ကောင်းသောအကျိုးကို ပေး၏။ မကောင်းသော ကံသည် မကောင်းသော အကျိုးကို ပေး၏။ မည်သည့်အချိန်တွင် အကျိုးပေးမည်ကို ကြိုတင်မသိရှိရသော်လည်း နိယာမအတိုင်း အကျိုးပေးမည်က သေချာ၏။ အကျိုးပေးမည့် အချိန်ကို လိုက်၍ ကံလေးမျိုး ရှိသည်။ ၎င်းတို့မှာ -[၁]
ဒိဋ္ဌဓမ္မဝေဒနီယကံပြင်ဆင်
လက်ရှိဘဝ တစ်ချိန်ချိန်တွင် အကျိုးပေးတတ်၏။ မျက်မှောက်ဘဝမှာပင် အကျိုးကို ခံစားစေနိုင်သောအကျိုးရှိသည့် ကံဖြစ်၏။ အောက်ပါ အချက်လေးခုနှင့် ပြည့်စုံပါသော ဒါနကုသိုလ်ကံသည် ခုနစ်ရက်အတွင်း အကျိုးပေး၏။
- စေတနာ စင်ကြယ်ထက်သန်ခြင်း။
- တရားသဖြင့် ရရှိထားသော လှူဖွယ်ဝတ္ထုဖြစ်ခြင်း။
- အလှူခံပုဂ္ဂိုလ်သည် အနာဂါမ် သို့မဟုတ် ရဟန္တာ ဖြစ်ခြင်း။
- နိရောဓသမာပတ်မှ ထပြီးခါစဖြစ်ခြင်း။[၁]
ဥပပဇ္ဇဝေဒနီယကံပြင်ဆင်
လက်ရှိ ပစ္စုပ္ပန်ဘဝတွင် အကျိုးမပေး။ နောက်ဘဝမှ အကျိုးပေး၏။ နောက်ဘဝမှ အကျိုးပေးမည့်ကံ ဖြစ်သည်။[၁]
အပရာပရိယဝေဒနိယကံပြင်ဆင်
လက်ရှိ ဘဝ၌လည်း အကျိုးမပေး။ နောက်ဘဝ၌လည်း အကျိုးမပေးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အကျိုးပေးရန် ရင့်ကျက်သော အချိန်ကာလကို စောင့်နေရ၏။ တတိယဘဝမှ စ၍ နိဗ္ဗာန်မရောက်မချင်း ရင့်ကျက်သည့် တစ်ချိန်ချိန်တွင် ကံပိုင်ရှင်ကို အကျိုးပေး၏။[၁]
အဟောသိကံပြင်ဆင်
အချို့သော ကံတို့သည် ရင့်ကျက်ချိန် မရဘဲ ပျက်စီးရသည့် ကံ ဖြစ်၏။ မိမိထက် ဆန့်ကျင်ဘက် ကံများက အလဲထိုးအနိုင်ယူလိုက်သောကြောင့် ပျက်စီးသွားရသော ကံများဖြစ်သည်။ မရင့်ကျက်သေးသော ကံတို့သည် ဖျက်ဆီးခံရပါက သက်ဆိုင်ရာ အကျိုးတရားကို မပေးနိုင်တော့ပေ။ အပွင့်သာပွင့်သော်လည်း အသီးအဖြစ်သို့ မရောက်နိုင်သော ဖြစ်ရပ်ကဲ့သို့ ဖြစ်၏။[၁]
ကံကိစ္စ (၄) မျိုးပြင်ဆင်
အထက်တွင် ဖော်ပြခဲ့သည်မှာ စေတနာကံ၏ အကျိုးပေးသည့် အချိန်ကာလနှင့် ပတ်သက်သည်များ ဖြစ်သည်။ ကံသည် ဆောက်ရွက်ချက် အနေဖြင့်လည်း လေးမျိုးကွဲပြား၏။[၁]
ဇနကကံပြင်ဆင်
အကျိုးတစ်ရပ်ကို ကိုယ်တိုင် ဖြစ်ပေါ်စေသည့်ကံ ဖြစ်၏။ စိတ်၊ ရုပ် တို့ကို ထိုက်သင့်သလို ဖြစ်ပေါ်စေသည့်ကံသည် ဇနကကံ ဖြစ်၏။[၁]
ဥပတ္ထမ္ဘကကံပြင်ဆင်
မိမိကိုယ်တိုင် အကျိုးကို မဖြစ်စေဘဲ အခြားသောကံများ အကျိုးပေးစေရန် ကူညီသောကံ ဖြစ်၏။ ကုသိုလ်ကံသည် အခြားသော ကုသိုလ်ကံ အားကောင်းလာစေရန် ကူညီ၏။ အကုသိုလ်ကံသည် အခြားသော အကုသိုလ်ကံများ ရင့်သန်လာစေရန် ကူညီထောက်ပံ့၏။[၁]
ဥပပီဠကကံပြင်ဆင်
အချို့ကုသိုလ်ကံသည် အကုသိုလ်ကံများ အကျိုးမပေးအောင် ဟန့်တား၏။ အချို့အကုသိုလ်ကံသည် ကုသိုလ်ကံများ အကျိုးမပေးအောင် နှောင့်ယှက်ဟန့်တား၏။ ထိုကဲ့သို့ ဆန့်ကျင်ဘက်ကံကို နှိပ်စက်ဟန့်တားသည့်ကံနှစ်မျိုးသည် ဥပပီဠကကံ ဖြစ်၏။[၁]
ဥပစ္ဆေဒကကံပြင်ဆင်
အားကြီးသော ကုသိုလ်ကံသည် အကုသိုလ်ကံများကို ဖျက်ဆီး၏။ အားကြီးသော အကုသိုလ်ကံသည် ကုသိုလ်ကံများကို ဖျက်ဆီး၏။ ထိုကဲ့သို့ ကံများကို ဖျက်ဆီးသောကံသည် ဥပစ္ဆေဒကကံ ဖြစ်၏။[၁]
အလှည့်ကျတာဝန်ယူသော ကံ(၄)မျိုးပြင်ဆင်
လာမည့်ဘဝတွင် အလှည့်ကျအကျိုးပေးမှုနှင့် စပ်လျဉ်းကာ “ကံ” သည် လေးမျိုးခွဲသည်။
ဂရုကကံပြင်ဆင်
မိဘကို သတ်ခြင်းကဲ့သို့သော “ပဉ္စာနန္တရိယကံ”၊ ဈာန်ရခြင်းကဲ့သို့သော “မဟဂ္ဂုတ်ကံ” တို့သည် မည်သည့်ကံကိုမျှ အခွင့်မပေးဘဲ မိမိတို့ကိုယ်တိုင် ပဋိသန္ဓေကို အကျိုးပေးသည်။ “ဂရုကကံ” သည် အင်အားစွမ်းရည် ကြီးသောကံဟု အဓိပ္ပာယ်ရသည်။[၁]
အာသန္နကံပြင်ဆင်
ကြီးလေးသောကံမရှိသူတို့တွင် သေခါနီးတွင် ပြုလုပ်သော၊ ပေါ်လာသော ကံက ဘဝအသစ်၌ အကျိုးပေး၏။ ပဋိသန္ဓေကို ဖြစ်စေ၏။ ထိုကံသည် “အာသန္နကံ” ဖြစ်၏။ [၁]
အာစိဏ္ဏကံပြင်ဆင်
သေခါနီး၌ ထူးထူးခြားခြား အာသန္နကံ မရှိခဲ့သော် တစ်ဘဝလုံး ပြုလုပ်ခဲ့သည့် ကံတစ်မျိုးမျိုးသည် ဝင်လာပြီး ဘဝအသစ်ကို အကျိုးပေး၏။ ထိုကံသည် “အာစိဏ္ဏကံ” ဖြစ်၏။[၁]
ကဋတ္တာကံပြင်ဆင်
အထက်ပါကံသုံးမျိုးလုံးမှ လွတ်သောကံကို “ကဋတ္တာကံ” (ပြုကာမတ္တဖြစ်ကာမတ္တကံ) ဟုခေါ်၏။ အထက်ပါကံသုံးမျိုး အကျိုးပေးခွင့်မကြုံပါက ကဋတ္တာကံများ အကျိုးပေးကြသည်။[၁]