အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်

အာဆီယံအသင်း၏ အ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် (အင်္ဂလိပ်: Secretary General of the ASEAN) သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ အာဆီယံ၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိချုပ်ဖြစ်သည်။[၁]

အရှေ့တောင်အာရှနိုင်ငံများအသင်း ၏ အထွေထွေအတွင်းရေးမှူးချုပ်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
Kao Kim Hourn

၁ ဇန်နဝါရီ ၂၀၂၃ မှစ၍
စတင်ထမ်းဆောင်သူHartono Dharsono
ဖွဲ့စည်းခြင်း၇ ဇွန် ၁၉၇၆

အာဆီယံပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များအရ အထွေထွေအတွင်းရေးမှူးချုပ်ကို အာဆီယံထိပ်သီးအစည်းအဝေးကြီးက ရွေးချယ်ခန့်အပ်ရသည်။ခန့်အပ်ရာတွင် သက်တမ်းတိုးခွင့်မရှိသော (၅)နှစ်သက်တမ်းတစ်ခုအတွက် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများအတွင်းမှ နိုင်ငံအမည်အက္ခရာစဉ်အလိုက် အလှည့်ကျ ရွေးချယ်ရမည်ဖြစ်သည်။သိက္ခာသမာဓိရှိမှု၊ စွမ်းဆောင်ရည်ရှိမှုအပြင် အသိပညာဆိုင်ရာ အတွေ့အကြုံရှိမှုနှင့် ကျား၊မ တန်းတူရှိမှုကို အခြေခံ၍ ရွေးချယ်ရမည်ဖြစ်သည်။[၂]

တာဝန်နှင့် ဝတ္တရားများ ပြင်ဆင်ရန်

  • ပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များ၊ အာဆီယံစာချုပ်စာတမ်းများ၊ ပရိုတိုကောစာချုပ်များနှင့် အခိုင်အမာလက်ခံကျင့်သုံးနေသော ကျင့်စဉ်များနှင့်အညီ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရမည်။
  • အာဆီယံစာချုပ်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေရန်၊ ကြည့်ရှုစိစစ်စေရန်နှင့် အာဆီယံ၏ လုပ်ငန်းနှစ်ပတ်လည် အစီရင်ခံစာကို ထိပ်သီးအစည်းအဝေးသို့ တင်ပြရမည်။
  • အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံအသိုက်အဝန်းကောင်စီများ၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြား သက်ဆိုင်ရာအစည်းအဝေးများ တက်ရောက်ရမည်။
  • အတည်ပြုထားသည့် မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် မိမိအားပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာနှင့်အညီ ပြင်ပအဖွဲ့အစည်းများနှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် အာဆီယံ၏ သဘောထားအမြင်ကို တင်ပြခြင်းပြုရမည်။
  • ဒုတိယအတွင်းရေးမှူးချုပ် ခန့်အပ်ရေး၊ ရပ်စဲရေးအတွက် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီသို့ အတည်ပြုချက်ရယူရန် ထောက်ခံတင်ပြရမည်။

အ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်များ ပြင်ဆင်ရန်

အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်[၃][၄]
အမည် သက်တမ်း နိုင်ငံ
Hartono Dharsono ၇ ဇွန် ၁၉၇၆ – ၁၈ ဖေဖော်ဝါရီ ၁၉၇၈   အင်ဒိုနီးရှား
Umarjadi Notowijono ၁၉ ဖေဖော်ဝါရီ ၁၉၇၈ – ၃၀ ဇွန် ၁၉၇၈   အင်ဒိုနီးရှား
Ali Abdullah ၁၀ ဇူလိုင် ၁၉၇၈ – ၁၀ ဇွန် ၁၉၈၀   မလေးရှား
Narciso G. Reyes ၁ ဇူလိုင် ၁၉၈၀ – ၁ ဇူလိုင် ၁၉၈၂   ဖိလစ်ပိုင်
Chan Kai Yau ၁၈ ဇူလိုင် ၁၉၈၂ – ၁၅ ဇူလိုင် ၁၉၈၄   စင်ကာပူ
Phan Wannamethee ၁၆ ဇူလိုင် ၁၉၈၄ – ၁၅ ဇူလိုင် ၁၉၈၆   ထိုင်း
Roderick Yong ၁၆ ဇူလိုင် ၁၉၈၆ – ၁၆ ဇူလိုင် ၁၉၈၉   ဘရူနိုင်း
Rusli Noor ၁၇ ဇူလိုင် ၁၉၈၉ – ၁ ဇန်နဝါရီ ၁၉၉၃   အင်ဒိုနီးရှား
Ajit Singh ၁ ဇန်နဝါရီ ၁၉၉၃ – ၃၁ ဒီဇင်ဘာ ၁၉၉၇   မလေးရှား
Rodolfo Severino Jr. ၁ ဇန်နဝါရီ ၁၉၉၈ – ၃၁ ဒီဇင်ဘာ ၂၀၀၂   ဖိလစ်ပိုင်
Ong Keng Yong ၁ ဇန်နဝါရီ ၂၀၀၃ – ၃၁ ဒီဇင်ဘာ ၂၀၀၇   စင်ကာပူ
Surin Pitsuwan ၁ ဇန်နဝါရီ ၂၀၀၈ – ၃၁ ဒီဇင်ဘာ ၂၀၁၂   ထိုင်း
Lê Lương Minh ၁ ဇန်နဝါရီ ၂၀၁၃ – ၃၁ ဒီဇင်ဘာ ၂၀၁၇   ဗီယက်နမ်
Lim Jock Hoi ၁ ဇန်နဝါရီ ၂၀၁၈ – ၃၁ ဒီဇင်ဘာ ၂၀၂၂   ဘရူနိုင်း
Kao Kim Hourn ၁ ဇန်နဝါရီ ၂၀၂၃ - လက်ရှိ   ကမ္ဘောဒီးယား

ဒုတိယအတွင်းရေးမှူးချုပ်များ ပြင်ဆင်ရန်

အထွေထွေအတွင်းရေးမှူးချုပ်ကို ကူညီရန်အတွက် ဒုတိယဝန်ကြီးအဆင့်ရှိသော ဒုတိယအတွင်းရေးမှူးချုပ် (၄)ဦးရှိသည်။ထို (၄)ဦးမှာ အတွင်းရေးမှူးချုပ်နှင့် တစ်နိုင်ငံတည်းမဖြစ်စေရသည့်အပြင် မတူညီသည့် နိုင်ငံအသီးသီးမှ ခန့်အပ်ရမည်ဖြစ်သည်။(၄)ဦးအနက် (၂)ဦးမှာ သက်တမ်းတိုးနိုင်ခြင်းမရှိသည့် (၃)နှစ်ကို ထမ်းဆောင်နိုင်ပြီး ကျန်(၂)ဦးမှာ အရည်အချင်းပေါ်မူတည်၍ နောက်ထပ်(၃)နှစ် သက်တမ်းတိုးနိုင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ASEAN Charter and its translation in ASEAN languages
  2. အာဆီယံပဋိဉာဉ်
  3. Secretary-General of ASEAN။ ASEAN Secretariat။ 16 October 2012 တွင် ပြန်စစ်ပြီး။
  4. Former Secretaries-General of ASEAN။ ASEAN Secretariat။ 16 October 2012 တွင် ပြန်စစ်ပြီး။