အာမီဒီယို မိုဒီဂလီယာနီ
အာမီဒီယို မိုဒီဂလီယာနီ (Amedeo Modigliani 1884-1920) ၏ မွေးရပ်မြေမှာ လီဗိုနို (Livorno) ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် ပါရီ (Paris) သို့ရောက်၍ ပီကာဆို (Picasso) ကဲ့သို့သော ပန်းချီဆရာများနှင့်တွေ့သည်။ ပန်းချီဆရာအဖြစ် အပြင်းအထန်ကြိုးစားရင်း ရောဂါကြောင့် မိဘအိမ် ခဏပြန်ရသည်။ အမှန်တော့ ခဏပဲ ပြန်မည် ဟူသော အစီအစဉ်မရှိ ။ ပါရီတွင် ဆိုးခဲ့ ပေခဲ့သော အကျိုးဆက်လည်း ဖြစ်သည်။ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသောအခါ မွေးရပ် ဇာတိသည် သူနှင့်အံမကျ၊ သာမန် ပန်းချီဆရာ တစ်ယောက်၏ ဘဝတွင်မပျော်။ အောင်မြင်မှုနှင့် ဝါသနာအတွက် ပါရီသို့ နောက်တစ်ခေါက် ပြန်သွားမည်ဟု အသိပေးလိုက်သောအခါ အမေက လုံးဝမကျေနပ်။ ပါရီသို့ ပြန်ရသည့် အခြားအကြောင်း တစ်ရပ်လည်း ရှိသေးသည်။ အကိုလုပ်သူ အီမန်နူဝဲ (Emmanuel) မှာရှေ့နေတစ်ဦးဖြစ် ၍ အောင်မြင်နေသူ၊ မိဘအား ဂုဏ်တင့်စေသူ။ ဤအိမ်တွင်ဆက်နေလျှင် သူ့လောင်းရိပ်အောက်မှာ နေရမည်၊ သူ့မျက်နှာ ကြည့်ရမည်။ သေသည်အထိ ဤဘဝဖြင့် မနေလိုပေ။
အာမီဒီယို မိုဒီဂလီယာနီ | |
---|---|
အမည်ရင်း | Amedeo Clemente Modigliani |
မွေးသက္ကရာဇ် | ၁၂ ဇူလိုင် ၁၈၈၄ |
လူမျိုး | အီတလီ |
အလုပ်အကိုင် | ပန်းချီဆရာ |
မွေးရပ်ဇာတိ | အီတလီနိုင်ငံ၊ လီဗိုနိုမြို့ |
ပါရီသို့ အပြန်လမ်း၌ အပေါင်းအသင်းများ အကြောင်း၊ အလုပ်အကြောင်းသာ စဉ်းစားရင်း အိပ်ပျော်သွားခဲ့သည်။ နိုးလာတော့ ပါရီဘူတာသို့ ရထားဝင်နေလေပြီ။
အငှားကား တစ်စီးတား၍ သူငယ်ချင်းများ စုဝေးရာ လိပ်ခုံး မောင်းခိုင်းသည်။ လမ်းတွင်မိတ်ဆွေဟောင်းကြီး ချယ်ကိုဗစ် ကိုတွေ့ ၍ ခေါ်လာခဲ့သည်။ စကားစမည်ပြောရင် မိုဒီက မေးသည်၊ “အခုတစ်လော ဘယ်သူတွေ သေသေးသလဲ ?” ၊ “သေတာကတော့ အနုပညာပဲ”။ ယခုအချိန် မိုဒီက “ဘယ်သူတွေ သေသေးသလဲ ?” ဟုမေးလာလျှင်တော့ အဖြေက အနုပညာ တစ်ခုတည်းတော့ မဟုတ်နိုင်တော့ပေ။ “မေတ္တာတရားလား” ၊ “ကိုယ်ကျင့်တရားလား” ၊ “လူသားဆန်သော နှလုံးသားတွေလား”၊ “ချစ်ခြင်းတရားတွေလား” အဖြေက တစ်ခုမကတော့ ရှိနိုင်သည်။
ဒီတစ်ခါ ပါရီအပြန်မှာတော့ မိုဒီအောင်မြင်ခဲ့သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်က ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း သူ့ကိုယ်သူ မသိရသေးခင် အသက် ၃၅နှစ် အရွယ် ၌ ကွယ်လွန်ခဲ့သည်။ ကျန်ခဲ့သည်က သူ၏ပြန်လည် အသက်သွင်းထားသော အနုပညာများပင် ဖြစ်သည်။