ပန်းချီ
ဆေးရေးခြယ်ခြင်း (Painting) ဆိုသည်မှာ မျက်နှာပြင်တစ်ခုခု (စက္ကူ၊ ကင်းဗတ်စ၊ သစ်သား၊ မှန်) ပေါ်တွင် ဆေးအရောင်များဖြင့် ရေးခြယ်ခြင်းဟု ယေဘုယျ ဆိုနိုင်သည်။ သို့သော် အနုပညာဉာဉ်ဖြင့်ဆိုရလျှင် ပန်းချီရေးခြင်းဟု သတ်မှတ်ရမည်ဖြစ်ပြီး ပုံတူဆွဲယူခြင်း၊ ပန်းချီကား ဖွဲ့စည်းခြင်း (Composition) များကို အနုပညာရှင်၏ အယူအဆအလိုက် ဖန်တီးမည် ဖြစ်သည်။
ပန်းချီရေးခြင်းသည် ပြင်ပလောက၌ ရှိနေသည်များကို ပြန်လည် သရုပ်ဖော် အသက်သွင်းခြင်းပင်ဖြစ်သည်။ ပန်းချီပုံသဏ္ဌာန်ဖြင့် ပြန်လည်တင်ပြရာတွင် ပုံစံအမျိုးမျိုးရှိနိုင်သည်။ မြန်မာ့ရှေးရိုး တစ်ကြောင်းရေးပန်းချီ မှသည် ယခုခေတ် ပို့စ်မော်ဒန် အထိဖြစ်နိုင်သည်။ မြန်မာပန်းချီတွင် အခြေပြု လွှမ်းမိုးခဲ့သည်မှာ ဗုဒ္ဓဝင်ဆိုင်ရာများနှင့်မင်းခမ်းမင်းနား မှတ်တမ်းတင်ချက်များအပြင် နှောင်းပိုင်းတွင် ပုံတူရေးဆွဲခြင်းများဖြစ်သည်။
ခြုံငုံဖော်ပြချက်
ပြင်ဆင်ရန်ပန်းချီရေးဆွဲရာတွင် အရောင် နှင့် တုန်း (Tone) ဟုခေါ်သည့် အသွေးနုရင့် ခွဲခြား အသုံးပြုမှု၊ အသုံးချကစားနိုင်မှုမှာ အရေးပါသည်။ ပန်းချီကျော်များတွင် သူတို့၏“ဟန်”ဟု ဆိုရမည့် အရောင်အသုံးပြုမှုများရှိသည်။ ပန်းချီရေးဆွဲမှုတွင် Theory သဘောအလိုက် များစွာကွဲပြားမှုရှိသည်။ ကျူဘစ်ဆင်၊ အင်ပရက်ရှင်၊ ပို့စ် အင်ပရက်ရှင်၊ အိပ်က်စ်ပရက်ရှင်၊ ဒါဒါရီဇင် စသည်ဖြင့်။
မော်ဒန် (Modern) နှင့် ခေတ်ပြိုင် ပန်းချီ (Contemporary Art) များသည် ရှေးရိုးအယူများမှ သိသိသာသာခွဲထွက်လာကြသည်။
ပန်းချီသမိုင်း
ပြင်ဆင်ရန်ရှေးအကျဆုံးပန်းချီရုပ်ပုံကို ပြင်သစ်နိုင်ငံ Grotte Chauvet မှာ တွေ့ရသည်။ သမိုင်းပညာရှင်များ၏ အဆိုအရ နှစ်ပေါင်း ၃၂,ဝ၀ဝ သက်တမ်းရှိပြဟုဆိုသည်။ ဂူနံရံပေါ်တွင် မြေစေးတစ်မျိုးကို သုံးပြီးရေးထားတာဖြစ်ပြီး ရုပ်ပုံကားချပ်ထဲတွင် မြင်း၊ ကြံ့၊ ခြင်္သေ့၊ ကျွဲ၊ ကမ္ဘာဦးဆင်ကြီးတွေနှင့် လူပုံများပါပြီး အများအားဖြင့် အမဲလိုက်နေကြသည်ကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ပြင်သစ်မှာကဲ့သို့ ဂူနံရံဆေးရေးပန်းချီများကို စပိန်၊ ပေါ်တူဂီ၊ တရုတ်၊ ဩစတြေးလျ နှင့် အိန္ဒိယတို့တွင်လည်း ရှိကြသည်။
အနောက်တိုင်းတွင် ဆီဆေး၊ ရေဆေး အသုံးပြုပြီး ပန်းချီရေးဆွဲမှုအတတ်သည် အသုံးလည်းများ၊ အလွန်လည်း ထွန်းကားလှသည်။ အရှေ့တိုင်းမှာတွင်မူ မှင်ကို အားပြုရေးဆွဲပြီးမှ ဖြစ်ပေါ်တိုးတက်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် တစ်ကြောင်းရေးပန်းချီ၊ ပရပိုက်ပန်းချီ၊ ယွန်းပန်းချီ စသည်ဖြင့် ဖြစ်သည်။
ရသသဘောနှင့် ပန်းချီသီအိုရီ
ပြင်ဆင်ရန်အနုရသ (Aesthetics) ဆိုသည်မှာ “အလှတရားကို စနစ်တကျ ပုံဖော်တင်ပြမှု” (Science of Beauty) ဖြစ်သည်။ ၁၈ ရာစုနဲ့ ၁၉ ရာစုလောက်တွင် ဒဿနပညာရှင် ကန့်တ် (Kant) နှင့် ဟေဂယ် (Hegel) တို့က အထူးတလည် ဆွေးနွေး တင်ပြခဲ့ကြသည်။ ရှေးရိုးဂန္ထဝင်ဒဿနသမားကြီးများဖြစ်ကြသော ပလေတို နှင့် အရစ္စတိုတယ် တို့က အနုပညာနှင့် ပန်းချီအပေါ် ဖွင့်ဆိုခဲ့ကြခြင်းများ ရှိသည်။ ပလေတိုကမူ ပန်းချီဆရာများကိုရော၊ ပန်းပုဆရာမျာကိုပါ သူ၏ အတွေးအခေါ်တင်ပြချက်များထဲတွင် အကောင်းမပြောခဲ့ချေ။ ပန်းချီသည် ပကတိတရား (Truth) ကို မထင်ဟပ်နိုင်၊ အမှန်တရားကို တုပရုံမျှ (လောက တွေ့သိတတ်မှုကို အရိပ်ထင်ရုံမျှ) သာဟု ဆိုခဲ့သည်။ ပုံသွင်းအတတ်၊ ဖိနပ်ချုပ်အတတ်နှင့် သံပုံသွန်းတဲ့ အတတ်သာသာပဲဟုလည်း ပြောပါသေးသည်။ ပြောရမည်ဆိုလျင်လည်း ရှေးခေတ်ဂရိပန်းချီများသည် လီယိုနာဒို ဒါဗင်ချီတို့ ခေတ်ဘက်ပိုင်းကကဲ့သို့ သဘာဝကျကျ ရေးပြနိုင်ခြင်းတော့ မရှိသေးပါ။ လီယိုနာဒို ဒါဗင်ချီကမူ တမျိုးယူဆပါသည်။ "Pittura est cousa mentale" ဟုဆို၏။ အင်္ဂလိပ်လို "painting is a thing of the mind"ဖြစ်သည်။ “ပန်းချီရေးတာဟာ စိတ်အလုပ်ပါ၊ နာမ်ခံစားမှုနဲ့ သွားတာပါ”ဟု ဆိုသည်။ ဒဿနပညာရှင် ကန့်တ်က အလှတရား (Beauty) နှင့် သိမ်မွေ့နက်နဲမှု (Sublime) ကို ထပ်ပြီး ခွဲခြားပါသေးသည်။ Sublime ကို အသားပေးခဲ့သော်လည်း ကန့်တ်က ပန်းချီကို ညွှန်းဆိုခဲ့သည် မဟုတ်ပါ။ နောက်ပိုင်းတွင် ပန်းချီဆရာများဖြစ်သော တာနာ (Turner) နှင့် ကပ်စပါ ဒေးဗစ် ဖရက်ဒရစ် (Caspar David Friedrich) တို့က Sublime အယူကို ပန်းချီတွင် ရည်ညွှန်း သုံးစွဲလာခဲ့သည်။
ဟေဂယ်က “အလှတရား”ကို အားလုံးအလိုကျ ရေရေရာရာမဖွင့်ဆိုနိုင်ဟူ၍ အသိအမှတ်ပြုခဲ့သည်။ ရသဆိုင်ရာ သူ၏အက်ဆေးထဲတွင် လူ၏ အနုသယစိတ်ကို အနိုးထနိုင်ဆုံးအဖြစ် ပန်းချီကို ကဗျာ၊ ဂီတတို့နှင့် ယှဉ်တွဲဖော်ပြခဲ့သည်။ ပန်းချီကို သီဝရီသဘောဖွင့်ဆိုကြသည့် ပန်းချီဆရာများထဲတွင် ကန်ဒင်စကီ (kandinsky) နှင့် ပေါကလီး (Paul Klee) တို့ ပါဝင်သည်။ ကန်ဒန်စကီက သူ၏ အက်ဆေးထဲတွင် “ပန်းချီဟာ စိတ်ပိုင်းဆိုင်ရာ တန်ဖိုး (spiritual value) တွေပါတယ်”ဟု ရေးခဲ့သည်။ “အဓိကအရောင်တွေဟာ ခံစားမှုနဲ့ ထင်မြင်ယူဆမှုကို နိုးထစေတယ်”ဟု ဂိုထေး (Goethe) နှင့် အခြားစာရေးဆရာများနည်းတူ ဖော်ပြခဲ့သည်။
ပုံရုပ်တုကို လေ့လာအဓိပ္ပာယ်ဖော်သောပညာရပ် (Iconography) အနေနှင့်လည်း ပန်းချီကားတွင် ပါဝင်သည်များကို လေ့လာကြပါသေးသည်။ အာဝင် ပါနော့ဖ်စကီ (Erwin Panofsky) နှင့် အခြားသော ပန်းချီသမိုင်းပညာရှင်များသည် ပထမအဆင့်တွင် ပန်းချီကား၌ ဖော်ပြလိုသော ပါဝင်ဖွဲ့စည်းမှု၊ ထို့နောက် ကြည့်ရှုခံစားသူ၏ နားလည်ခံယူမှုနှင့် ထိုသူတို့၏ ကျယ်ပြန့်သော ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှု အဓိပ္ပာယ်များကို သုံးသပ်စိစစ်ကြသည်။
၁၉၈၀-ပြည့်နှစ်တွင် ပါရီမြို့သား ပန်းချီဆရာ မောရိုက်စ် ဒင်းနစ် (Maurice Denis) က ထင်ရှားလှသော အဆိုပြုချက်တစ်ခုကို တင်ပြလာသည်။ “စစ်မြင်း၊ ကိုယ်လုံးတီးမိန်းမ၊ ဇာတ်ကွက်သရုပ်ဖော်၊ ဘာပုံတွေပဲဖြစ်ဖြစ် ပန်းချီကားဆိုတာ အဓိက,ကတော့ မျက်နှာပြင်ပြားပြားပေါ်မှာ အရောင်တွေကို စနစ်တကျစုစည်းထားတာပဲဖြစ်တယ် ဆိုတာ မမေ့ပါနဲ့” [၁] ဟုဆိုသည်။ ဤသို့ဖြင့် ကျူဗစ်ဆင်စသည့် ပန်းချီနိဿယများ ဖွံ့ဖြိုးလာခဲ့ပြီး ရှေးယခင်က အဓိကဖြစ်ခဲ့သည့် ပြင်ပကမ္ဘာနှင့် သဘာဝကို လိုက်လံ ထင်ဟပ်နေရသည်ဆိုခြင်းထက် ပန်းချီသည် ပန်းချီပဲဆိုသည့် အယူအဆဘက်သို့ ရွေ့လျောလာသည်။ မကြာသေးမီက ပန်းချီနှင့် ပတ်သက်သော အတွေးအခေါ်များကို ရေးခဲ့သူမှာ ပန်းချီဆရာ၊ စာရေးဆရာ ဂျူလီယန် ဘဲလ် (Julian Bell) ဖြစ်သည်။ “ပန်းချီဆိုတာ ဘာလဲ” (What is Painting?) ဆိုသည့် သူ၏ စာအုပ်ထဲတွင် ဘဲလ်က သမိုင်းတလျောက် ဖြစ်ပေါ်တိုးတက်မှုတွင် ပန်းချီသည် ခံစားချက်နှင့် ဒဿနကိုဖော်ပြသည်ဟု ခံယူထားသည်။ “In Mirror of the World” တွင် ဘဲလ်က “A work of art seeks to hold your attention and keep it fixed: a history of art urges it onwards, bulldozing a highway through the homes of the imagination.” ဟု ရေးခဲ့သည်။ “ပန်းချီလက်ရာဟာ အာရုံကိုဖမ်းစားဖို့နဲ့ နစ်မျောနေစေဖို့ပါ။ ပန်းချီသမိုင်းက ဒီလိုဆက်သွားဖို့ ညွှန်းနေပါတယ်။ မှန်းဆမြင်ယောင်ခြင်းဆိုတဲ့ နေရာအိမ်တွေအထိ အဝေးပြေးလမ်းမကြီး ဖောက်သွားဖို့ပါပဲ”ဟု။
ပန်းချီကြားခံသုံးပစ္စည်းများ
ပြင်ဆင်ရန်မြန်မာပြည်တွင် ခေတ်စားသော ပန်းချီရေးနည်း နိဿယများ
ပြင်ဆင်ရန်- ဒြပ်မဲ့ပန်းချီ (Abstract)
- ဒြပ်မဲ့အိပ်က်စ်ပရက်ရှင် (Abstract Expression)
- ဒစ်ဂျစ်တယ်ပန်းချီ (Digital Art)
- ခေတ်ပြိုင်ပန်းချီ (Contemporary Art)
- (Graffiti Art)
- ကျူဘစ်ဆင် (Cubism)
- အိပ်က်စ်ပရက်ရှင်ဝါဒ (Expressionism)
- အင်ပရက်ရှင်ဝါဒ (Impressionism)
- မော်ဒန် (Modern Art)
- ပို့စ်မော်ဒန် (Post Modern)
- သရုပ်မှန် (Realism)
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်
ရည်ညွှန်းကိုးကား
ပြင်ဆင်ရန်- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 4 July 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 February 2009 တွင် ပြန်စစ်ပြီး။
- ရိုးရာမှသည် ခေတ်သစ်ဆီသို့ - ဗဂျီအောင်စိုး