အိုက်စစ်နတ်ဘုရားမ

ရှေးဟောင်း အီဂျစ်ယုံကြည်ကိုးကွယ်မှုမှ နတ်ဘုရားမ

အိုက်စစ်နတ်ဘုရားမ (အင်္ဂလိပ်: Isis)([မှတ်စု ၁]) သည်အီဂျစ်ဒဏ္ဍာရီ လာနတ်ဘုရားမတစ်ဦးဖြစ်၍ ရှေးခေတ်အီဂျစ်ဘာသာတွင် အဓိကကိုးကွယ်ခံ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ သူမအားကိုးကွယ်မှုများသည် ဂရိ-ရောမယဉ်ကျေးမှုကမ္ဘာတစ်လျှောက် ပျံ့နှံ့ခဲ့၏။ အိုက်စစ်အား ပထမဆုံးအနေဖြင့် ရှေးဟောင်းတိုင်းနိုင်ငံ (Old Kingdom) (ဘီစီ၂၆၈၆-၂၁၈၁) တွင် အိုးဆိုက်ရစ်ဒဏ္ဍာရီ၌ အဓိကပုဂ္ဂိုလ်တစ်ဦးအဖြစ် ဖော်ပြခဲ့ကြပြီး ထိုဒဏ္ဍာရီ၌ သူမသည် အိုးဆိုက်ရစ်နတ်ဘုရားအား ပြန်လည်ရှင်သန်စေသူနှင့် ၎င်း၏နန်းမွေခံ ဟိုးရပ်စ်နတ်ဘုရားအား ကာကွယ်သူဖြစ်သည်။ အိုးဆိုက်ရစ်အားကူညီသကဲ့သို့ သေသောသူများကိုလည်း တမလွန်လောကသို့ဝင်ရာ၌ ကူညီသည်ဟုယုံကြည်ကြကာ ဟိုးရပ်စ်ကဲ့သို့သော ဖာရိုဘုရင်များ၏ မြင့်မြတ်သောမိခင်တစ်ပါးအဖြစ်လည်းယူဆကြသည်။ သာမန်လူသားများကို အကျိုးရှိစေရန်ကုသခြင်းဆိုင်ရာဂါထာမန္တရားများပြုလုပ်စီရင်ရာတွင် သူမ၏မိခင်အရည်အသွေးဆိုင်ရာအကူအညီများကို ပူဇော်ပသဆင့်ခေါ်ကြ၏။ အီဂျစ်ဘုရားကျောင်းများ၌ သူမ၏ကဏ္ဍသည် အကန့်အသတ်ဖြင့် ဖြစ်သော်လည်း ဈာပနရေးရာကိစ္စရပ်များ၊ မှော်ပညာဆိုင်ရာကျမ်းစာများ ပို၍ထင်ရှားပါဝင်မှုရှိသည်။ ပန်းချီအနုပညာများတွင် သူမ၏ဦးခေါင်းထက်၌ ပုလင်ထီးနန်းနှင့်တူသော အီဂျစ်အရုပ်စာတစ်မျိုးကို ဆောင်းထားသည့် လူအမျိုးသမီးအဖြစ် ဖော်ကျူးသရုပ်ဖော်ကြသည်။ ခေတ်သစ်တိုင်းနိုင်ငံခေတ် (New Kingdom) (ဘီစီ ၁၅၅၀-၁၀၇၀) အတွင်း ဟဲသော(Hathor) (ရှေးကာလများ၌ အထွတ်အထိပ်နတ်ဘုရားမ) ၏ ကဝိလက္ခဏာများကို ရယူခဲ့သဖြင့် အိုက်စစ်ကို ဟဲသောနတ်ဘုရားမ၏ ခေါင်းပေါင်း (နွားဂျိုနှစ်ခုကြား နေမင်းပုံ) ကိုဆောင်းထားသည်ဟု သရုပ်ဖော်ကြသည်။

အိုက်စစ်နတ်ဘုရားမ
Profile of a woman in ancient Egyptian clothing. She has yellow skin and wears a headdress shaped like a tall chair.
နက်ဖက်ထရီသင်္ချိုင်းဂူမှ ပုံများကိုတစ်စိတ်တစ်ပိုင်း အခြေခံကာ အိုင်စစ်၏ ထင်ရှားသော ရုပ်လုံးပုံဖော်မှု ပေါင်းစပ်ထားသည့်ပုံ
အရုပ်စာ အမည်အီဂျစ်ဘာသာစကား: ꜣst[၁]
Q1X1
H8
B1

မက်ရိုးယစ်တစ်ခ် အက္ခရာ: Wos[a] or Wusa[၂][၃]

V4F1M8
အဓိက ကိုးကွယ်မှု ဗဟိုဘက်ဘိ အယ်-ဟေဂါဒေသ၊ ဖိုင်းလီ
သင်္ကေတ'တိုင်းယက်' ဟုခေါ်သော ကြိုးထုံးသဏ္ဌာန်နှင့်တူသည့် အဆောင်လက်ဖွဲ့ပစ္စည်း
ကိုယ်ရေး အချက်အလက်
မိဘများGeb နှင့် Nut
မွေးချင်းOsiri
ကြင်ရာတော်အိုးဆိုက်ရစ် ၊ Min ၊ ဆက်ရာပစ်၊ ဟိုးရပ်စ် (အကြီး)
ဆင်းသက်သူများဟိုးရပ်စ်၊ Min ၊ ဟိုးရပ်စ်၏ သားလေးပါး

ဘီစီပထမထောင်စုနှစ်တွင် အိုးဆိုက်ရစ်နှင့် အိုက်စစ်တို့သည် ကျယ်ပြန့်စွာကိုးကွယ်ခံရသော နတ်ဘုရားများဖြစ်လာခဲ့ကြပြီး အိုက်စစ်သည် အခြားနတ်ဘုရားမများ၏ အရည်အသွေးများကို ရယူနိုင်ခဲ့သည်။ အီဂျစ်နှင့် တောင်ဘက်ပိုင်းမှ နူးဘီယာဒေသ (Nubia)က အုပ်ချုပ်သူများသည် အိုင်စစ်ကို ရည်ရွယ်၍ ဘုရားကျောင်းများတည်ဆောက်ခဲ့သည်။ ဖိုင်းလီ (ဆည်ကြီးတစ်ခုအတွင်း ကျွန်းကဲ့သို့ဖြစ်နေသောနေရာ) (Philae) ရှိ သူမ၏ဘုရားကျောင်းသည် အီဂျစ်လူမျိုးများ၊ နူးဘီယာလူမျိုးများ စသည်တို့၏ ဘာသာရေးဌာနတစ်ခုဖြစ်လာခဲ့ကာ သူမ၏ထင်ရှားသော ဟက်ကာတန်ခိုးအစွမ်းသည် အခြားနတ်ဘုရားများထက်ပို၍ပို၍ကြီးမားခဲ့သည်။ ရန်သူများ၏ အန္တရာယ်မှ တိုင်းပြည်ကိုကာကွယ်ပေးသည်၊ ကောင်းကင်နှင့် လောကကိုအစိုးရသည်၊ ဖြစ်လာမည့်ကံကြမ္မာအပေါ် အစွမ်းတန်ခိုးရှိသည် ဟုလည်းဆိုကြသည်။ ဟဲလင်နစ်စတစ်ခေတ် (Hellenistic period ဘီစီ ၃၂၃-၃၀) တွင် အီဂျစ်ကို ဂရိတို့ကသိမ်းပိုက်အုပ်ချုပ်ခဲ့ရာ အိုက်စစ်ကို နတ်ဘုရားအသစ် ဆက်ရာပစ် (Serapis) နှင့်အတူ ဂရိနှင့် အီဂျစ်တို့က ကိုးကွယ်ခဲ့ကြသည်။ ၎င်းတို့အားကိုးကွယ်မှုများသည် ကျယ်ပြောလှသည့် မြေထဲပင်လယ်ဒေသတဝိုက်၌ ပျံ့နှံ့စိမ့်ဝင်သွားကြ၏။ အိုက်စစ်ကိုးကွယ်သူ ဂရိများက သူမ၏အရည်အသွေးများသည် ဂရိနတ်ဘုရားများထံမှ ရယူထားသည်ဟု သတ်မှတ်ကြသည်။ ဥပမာအားဖြင့် အိမ်ထောင်ရေးရာတီထွင်ဖန်တီးခြင်း၊ ပင်လယ်ပြင်၌ သင်္ဘောများကို စောင့်ရှောက်ခြင်းဆိုင်ရာနတ်ဘုရားများထံမှဖြစ်သည်။ အီဂျစ်၊ ဟဲလင်နစ်စတစ်ခေတ်က လူသိများသော အီဂျစ်နတ်ဘုရားများဖြစ်သည့် အိုးဆိုက်ရစ်၊ ဟားပေါခရာတီးဇ် (ဟိုးရပ်စ်) နှင့်ပို၍ နီးကပ်ဆက်စပ်သည်။ ထိုဟဲလင်နစ်စတစ်ယဉ်ကျေးမှုများသည် ဘီစီတစ်ရာစု၌ ရောမမြို့သို့ စိမ့်ဝင်သွား၍ အိုက်စစ်ကိုးကွယ်ယုံကြည်မှုသည် ရှေးဟောင်းရောမဘာသာတွင် အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့ပြန်သည်။ သူမအား ကိုးကွယ်အားထားသူများမှာ ရောမ၏ အနည်းငယ်မျှသော လူဦးရေဖြစ်သော်လည်း ထိုပိုင်နက်နယ်မြေအနှံ့အပြား၌ တွေ့ရလေသည်။ ဂရိ-ရောမ လျှို့ဝှက်ဆန်းကျယ်သော ယုံကြည်ကိုးကွယ်မှုများနှင့် ပတ်သက်သောပွဲတော်များနှင့်ဆင်တူစွာ အိုက်စစ်ကိုအမှူးထားသည့် ထင်ရှားသောရောမပွဲတော်များ Navigium Isidis ၊ အိုက်စစ်အား စတင်ကိုးကွယ်ခြင်းပွဲအခမ်းအနား (initiation ceremonies) များ ဖြစ်ထွန်းလာခဲ့သည်။ ၎င်း၏ ကိုးကွယ်သူများအဆိုအရ သူမသည် လောကရှိ အမျိုးသမီးအစွမ်းအားလုံးကို ပိုင်ဆိုင်သည်ဟူ၍ ဖြစ်သည်။ အေဒီ လေး-ငါး ရာစု ခရစ်ယာန်အယူဝါဒပေါ်ပေါက်လာချိန်တွင် အိုက်စစ်ကိုးကွယ်မှုများ အဆုံးသတ်ခဲ့သည်။ ခရစ်ယာန်တို့၏ မယ်တော်မယ်ရီအားကြည်ညိုလေးစားမှုဆိုင်ရာ ကျင့်ထုံးများ၊ ယုံကြည်မှုများအပေါ် အိုက်စစ်ကိုးကွယ်မှုများက လွှမ်းမိုးကောင်းလွှမ်းမိုးနိုင်ခဲ့သည်။ ဤလွှမ်းမိုးမှုရှိသည်ဟုဆိုသော သာဓကသက်သေများမှာ ဒွိဟဆန်၍ ရံခါ၌ ပဋိပက္ခဖြစ်သည်များရှိ၏။ အိုက်စစ်သည် အနောက်တိုင်းယဉ်ကျေးမှု အထူးသဖြင့် လူနည်းစုသာနားလည်လက်ခံသည့် ယဉ်ကျေးမှုနှင့် ခေတ်သစ်ဗာဟီရဝါဒ (အဓိက ကမ္ဘာ့ဘာသာတရားကြီးများမဟုတ်သော အယူ/ဘာသာ) တွင်လည်း ဆက်လက်ပါဝင်လာကာ မကြာခဏဆိုသလို လောကသဘာဝဖြစ်စဉ်များအား ပုဂ္ဂိုလ်တစ်ဦးအဖြစ်တင်စားခိုင်းနှိုင်းမှုများ (သို့) နတ်တို့ဆိုင်ရာ အမျိုးသမီးအရည်အသွေးများ စသည်တို့၌ ပါဝင်တတ်သည်။

မှတ်စု ပြင်ဆင်ရန်

  1. (/ˈʀuːsat/ အသံများစွာထွက်၏ ရူးဆက်ဟုလည်းထွက်ကာ အခြားရှေးခေတ်ဘာသာများစွာဖြင့် အသံထွက်များစွာရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. Hart 2005, p. 79.
  2. Quack 2018, p. 108.
  3. Rilly & de Vogt 2012, p. 37.