အူရောင်ငန်းဖျားရောဂါကာကွယ်ဆေး

အူရောင်ငန်းဖျားရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Tick-borne encephalitis vaccine)သည် အူရောင်ငန်းဖျားရောဂါကို ကာကွယ်ပေးသော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] တီဝိုင်၂၁အေ (Ty21a) နှင့် အတောင့်ပုံစံရှိသော ဗီပေါ်လီစက္ကရိုက်ဖြင့် ပြုလုပ်ထားသော ဗီကဲပ်စူလာ ပေါ်လီစက္ကရိုက်ကာကွယ်ဆေး(Vi capsular polysaccharide vaccine)ဟူ၍ နှစ်မျိုးနှစ်စား ကျယ်ပြန့်စွာ ရရှိနိုင်သည်။ တီဝိုင်၂၁အေသည် အသက်ရှိသေးသော ရောဂါပိုးဖြင့် ပြုလုပ်ထားပြီး ပါးစပ်မှ တိုက်ကျွေးရသည်။ ဗီကဲပ်စူလာ ပေါ်လီစက္ကရိုက်ကာကွယ်ဆေးသည် ရောဂါပိုး၏ပဋိပစ္စည်းဖြင့် ပြုလုပ်ထားသော ကာကွယ်ဆေး(subunit vaccine) ဖြစ်ပြီး ထိုးဆေးဖြစ်သည်။[၁] ကာကွယ်ဆေးအမျိုးအစားကို မူတည်၍ ဆေးထိုးပြီး ပထမ(၂) နှစ်အတွင်းတွင် (၃၀-၇၀)ရာခိုင်နှုန်းခန့် ကာကွယ်မှုပေးနိုင်သည်။[၂]

အူရောင်ငန်းဖျားရောဂါ အဖြစ်များသည့်နေရာတွင်နေသော ကလေးများအားလုံးကို ဤကာကွယ်ဆေးထိုးထားသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။ ရောဂါဖြစ်ပွားလေ့မရှိသောနေရာများတွင်တော့ ရောဂါကူးစက်ခံရနိုင်ခြေရှိသူများကိုသာ ဆေးထိုးသင့်သည်။ ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်များဆောင်ရွက်ခြင်းဖြင့်လည်း ကူးစက်ရောဂါများကို တိုက်ဖျက်နိုင်သည်။ ဆေးထိုးခံပြီးနောက်(၁-၇)နှစ်ကြာတိုင်း လိုအပ်သလို ထပ်ဆင့်ဆေးများထိုးရသည်။[၁] အမေရိကန်နိုင်ငံတွင် အူရောင်ငန်းဖျားရောဂါဖြစ်ပွားလေ့ရှိသောနေရာသို့သွားမည့် ခရီးသည်များကဲ့သို့ ရောဂါကူးစက်ခံရနိုင်ခြေရှိသူများကိုသာ ဤကာကွယ်ဆေးပေးရန်အကြံပြုထားသည်။ [၃]

ယခုအသုံးပြုနေသော အူရောင်ငန်းဖျားရောဂါကာကွယ်ဆေးများမှာ အလွန်စိတ်ချရသည်။ ဆေးထိုးသည့်နေရာတွင် ဘေးထွက်ဆိုးကျိုး အနည်းငယ်ဖြစ်တတ်သည်။ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး (HIV)/ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကူးစက်ခံနေရသူများအတွက် ထိုးဆေးကို စိတ်ချစွာ အသုံးပြုနိုင်သည်။ ရောဂါလက္ခဏာမပေါ်သေးသရွေ့ သောက်ဆေးကို အသုံးပြုနိုင်သည်။ သို့သော်လည်း ကိုယ်ဝန်ဆောင်နေစဉ် သောက်ဆေးကိုအသုံးပြုခြင်းသည် အန္တရာယ်ရှိ၊မရှိကိုတော့ သေချာစွာ မသိရသေးပါ။[၁]

ပထမဆုံး အူရောင်ငန်းဖျားရောဂါကာကွယ်ဆေးကို အယ်လ်ရော့ အဲဒ်ဝေါ့ ရိုက်(Almroth Edward Wright)၊ ရစ်ချတ် ဖိုက်ဖာ (Richard Pfeiffer)နှင့် ဝယ်လ်ဟမ် ကိုးလ်(Wilhelm Kolle)တို့မှ (၁၈၉၆)ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။[၄] သို့သော်လည်း နောက်ပိုင်းတွင်ပြုလုပ်သော ကာကွယ်ဆေးများမှာ ဘေးထွက်ဆိုးကျိုး ပို၍နည်းသောကြောင့် ၎င်းတို့ကိုသာ အသုံးပြုရန် အကြံပြုထားသည်။[၁] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၅] (၂၀၁၄)ခုနှစ် ဆေးတစ်လုံး၏ လက်ကားဈေးမှာ (၄.၄၄)ဒေါ်လာခန့်ဖြစ်သည်။[၆] အမေရိကန်နိုင်ငံတွင် (၂၅-၅၀)ဒေါ်လာခန့်ပေးရသည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ "Typhoid vaccines: WHO position paper." (8 February 2008). Releve epidemiologique hebdomadaire / Section d'hygiene du Secretariat de la Societe des Nations = Weekly epidemiological record / Health Section of the Secretariat of the League of Nations 83 (6): 49–59. PMID 18260212. 
  2. "Vaccines for preventing typhoid fever." (2 January 2014). The Cochrane database of systematic reviews 1: CD001261. doi:10.1002/14651858.CD001261.pub3. PMID 24385413. 
  3. Typhoid VIS (2012-05-29)။ 15 December 2015 တွင် ပြန်စစ်ပြီး။
  4. Flower၊ Darren R. (2008)။ Bioinformatics for Vaccinology.။ Chichester: John Wiley & Sons။ pp. 40–41။ ISBN 9780470699829
  5. WHO Model List of EssentialMedicinesWorld Health Organization (October 2013)။ 22 April 2014 တွင် ပြန်စစ်ပြီး။
  6. Vaccine, Typhoid။ 6 December 2015 တွင် ပြန်စစ်ပြီး။
  7. Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia 2015 Deluxe Lab-Coat Edition။ Jones & Bartlett Learning။ p. 317။ ISBN 9781284057560