အောက်ချင်းငှက်
Hornbill | |
---|---|
အောင်လောင်ငှက် Buceros bicornis from Mangaon, Raigad, Maharashtra, India | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Bucerotiformes |
မျိုးရင်း: | Bucerotidae Rafinesque, 1815 |
မျိုးစုများ | |
14, see text |
အောက်ချင်းငှက် သည် ကိုရေစီအီး ဖောမီးမျိုးစဉ်တွင် ဗူဆာရိုတီဒီး မျိုးရင်း၌ ပါဝင်လေသည်။ အောက်ချင်းငှက်၏ ပါဏဗေဒအမည်မှာ အန်သရာကိုဆာရော့ ကိုရိုးနေးတပ် လျူကို ဂက်စတာ ဖြစ်လေသည်။ အောက်ချင်း ငှက်ထီး၏ အလျားမှာ ၂၇ လက်မမှ လက်မ ၃ဝ အထိရှိ၍ ငှက်မ၏အလျားမှာ ၂၆ လက်မမှ ၂၇ လက်မအထိရှိသည်။ ပျံသန်းရာတွင် အောက်ချင်းငှက်၏ ရင်ပတ်နှင့်အတောင်အဖျား ရှိ အဖြူအမှတ်အသားများကို ထင်ရှားစွာမြင်ရသည်။ အောက်ချင်းငှက်သည် စူးရှသောအသံများနှင့် ဆူညံစွာ နေလေ့ရှိသောငှက်မျိုးဖြစ်သည်။
မြန်မာနိုင်ငံ၌ ယောင်ယင်ငှက်မျိုးတွင်အမြင်ရအများဆုံး ဖြစ်သော အောက်ချင်းငှက်ကို တောင်ခြေရှိ သစ်တောများနှင့် သစ်တောစပ်နှင့် လယ်ကွင်းစပ်နေရာမျိုးများတွင် တွေ့ရလေ့ရှိ သည်။ အောက်ချင်းငှက်သည် အခြားအောက်ချင်းငှက်ပေါင်း တစ်ဒါဇင်ခန့်နှင့်အတူ အုပ်ဖွဲ့၍နေလေ့ရှိသည်ကို အတွေ့ရများ သော်လည်း ထိုအရေအတွက်ထက် များပြားစွာအုပ်ဖွဲ့၍နေသော အောက်ချင်းငှက်များကိုလည်း တစ်ခါတစ်ရံ မြင်ရတတ်သည်။ အောက်ချင်းငှက်သည် ပျံသန်းရာတွင်အတောင်များကို ခတ် လိုက် လေဟုန်စီးလိုက်နှင့်ပျံလေ့ရှိသည်။
အောက်ချင်းငှက်သည် လင်းမြီးဆွဲ၊ နဖားကြီးများ ပြိုင်ကာ ပရွက်ပျံများကို အချိုးအစားမကျနဘဲ ဖမ်းယူစား သောက်သည်ကို ကြည့်ရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလေ သည်။ တစ်ခါတစ်ရံ အောက်ချင်းငှက်၏ နှုတ်သီးတွင် အရွယ် အတော်ကြီးမားသော လင်းနို့တစ်ကောင်ပါလာသည်ကိုလည်း တွေ့ရတတ်သည်။ လင်းနို့သည် အောက်ချင်းငှက်က သူ့အား မျိုချရန်ကြိုးစားသည်ကို ခုခံနေသည်ကိုတွေ့ရပြီးလျှင် နောက် ဆုံး၌ လင်းနို့သည် မတည်မငြိမ်နှင့် ပျံထွက်သွားသည်ကို မြင်ရ တတ်သည်။ အောက်ချင်းငှက်သည် မြွေသေများကိုလွန်စွာကြိုက် နှစ်သက်လေသည်။
ကျိုက္ခမီခရိုင်အတွင်း၌ အောက်ချင်းငှက်၏ အသိုက် များကိုတွေ့ရပြီးလျှင် ဥများကို မတ်လစောစောပိုင်းတွင် တွေ့ရ လေ့ရှိသည်။ တစ်မြုံလျှင် နှစ်ဥ၊ သို့မဟုတ် သုံးဥရှိတတ်လေ သည်။
အောက်ချင်းငှက်သည် မြန်မာနိုင်ငံတွင် အမြဲနေထိုင် လေ့ရှိသောငှက် ဖြစ်လေသည်။ ယင်းအား မြန်မာနိုင်ငံ၌ ကွင်းပြင်နှင့်တောင်ခြေများတွင် အနှံ့အပြားတွေ့ရှိနိုင်လေသည်။[၁]
အောက်ချင်းငှက် (Hornbill) များသည် ဆောင်းအကုန်နွေအကူး ဇန်နဝါရီလမှ ဧပြီလအတွင်းတွင် ဥ အုလေ့ရှိကြသည်။ ဥဝပ်ချိန်သည် တစ်လခွဲမျှ ကြာမြင့်လေ့ရှိကြသည်။ သားပေါက်သောအခါ ဥဝပ်သည့် သစ်ပင်ကြီး၏ အမြင့်ဆုံးထိပ်ဖျားမှာ အသိုက်လုပ်ပြီး နေလေ့ရှိကြသည်။ ထိုအသိုက်များအားရွံ့ဖြင့် တည်ဆောက်ထားကြသည်။ များသောအားဖြင့် သစ်ခေါင်းအတွင်းတွင် ငှက်မများ ဥ အုရန်ဝင်နေ၍ ငှက်ဖိုများက အပြင်မှ ရွှံ့စေးဖြင့် ပိတ်ထားပေးပြီး နှုတ်သီးထွက်ရန်သာ ဖန်တီးထားကြတတ်သည်။ ငှက်ဖိုများသည် ငှက်မများ သားမွေးသည့်အခါတွင် အစာ ရှာကြွေးလေ့ရှိသည်။
ဖွဲ့စည်းထားပုံ
ပြင်ဆင်ရန်အောက်ချင်းငှက်တို့တွင် ထူးခြားသော နှုတ်သီးတစ်ခုနှင့် အမြီးရှိ၍ ထင်းရှားစွာ မြင်တွေ့နိုင်သည်။ နှုတ်သီးသည် အလွန်ကြီးမား၍ ရှည်လျားသည်။ အဝါရောင် အောက်ခံနှုတ်သီးကြီးပေါ်တွင် အနီရောင် အမောက်ဖုကြီး ရှိသည်။
အမြီးမှာလည်း ရှည်လျားကျယ်ပြန့်သည့်အပြင် အနက်ရောင် ကန့်လန့်စင်းများ ရှိသည်။ ဦးခေါင်း၊ နောက်ကျော၊ အတောင်နှင့် ရင်ဘတ်များတွင် အမည်းရောင် ဖြစ်ပြီး၊ ဝမ်းဗိုက်နှင့် ပေါင်မှာ အဖြူရောင် ဖြစ်၍ ပိုမိုလှပလေသည်။
ငှက်မများ၏ မျက်ဝန်းမှာ အဖြူရောင်နှင့် အပြာရောင်ဖြစ်ပြီး ငှက်ဖိုများတွင်မူ အနီရောင်ဖြစ်သည်။ မျက်စိတစ်ဝိုက် အရေပြားမှာ မီးခိုးရင့်ရောင်ဖြစ်ပြီး ထူထဲရှည်လျားသည့် မျက်တောင်များ ရှိကြသည့် ငှက်မျိုးများ ဖြစ်သည်။ ၎င်းတို့ ခြေသည် အစိမ်းရောင် သန်းနေသည့် မီးခိုးရောင် ဖြစ်သည်။
ဓလေ့စရိုက်
ပြင်ဆင်ရန်ဖိုမ နှစ်ကောင်တွဲ၍ အမြဲ ပျံသန်းလေ့ရှိကြသည်။ ထိုငှက်မျိုးသည် တစ်ကောင်နှင့် တစ်ကောင် အလွန်မေတ္တာကြီးကြသည်။ ငှက်မများ သားမွေးသည့်အခါ ငှက်ဖိုမှာ အနားမှ မခွာဘဲ အစာကျွေး စောင့်ရှောက်လေ့ရှိကြသည်။ ငှက်မအသိုက်ပျက်ပြီး အသက်ဘေးနှင့် ကြုံလာပါက ငှက်ဖိုပါ လိုက်လံ သေဆုံးလေ့ရှိသည်မှာလည်း ရင်နင့်စရာကောင်းလှသည်။
ပျံသန်းစဉ်တွင် ဖိုမ မြည်သံမှာ အလွန်စူးရှသည်။ တောင်ပံခတ်သံသည် အဝေးမှပင်ကြားနိုင်အောင် တဝှီးဝှီး ရှိသည်။ နှုတ်သီးဖျားမှ အမြီးထိ ၄ ပေခန့် ရှိပြီး အလေးချိန်မှာ ၆.၅ ကီလိုကျော်ခန့် ရှိတတ်သည်။
မျိုးကွဲများ
ပြင်ဆင်ရန်အောက်ချင်းငှက် မျိုးစိတ်ပေါင်း ၁၀ မျိုးခန့် ရှိလေသည်။ ထိုအထဲတွင် အောက်ချင်းနှင့် အောင်လောင်ငှက် ဟူသော မျိုးစိတ်နှစ်မျိုးသာ အတွေ့များသည်။ အောက်ချင်းငှက်သည် အကောင်ကြီးပြီး ဖိုမနှစ်ကောင်တည်းသာ နေလေ့ရှိကြသည်။ အောင်လောင်ငှက်မျိုးမှာမူ အုပ်စုဖွဲ့ နေလေ့ရှိကြသည်။ ထို့ပြင် အကောင်လည်းငယ်သည်။ အောက်ချင်းငှက်များ၏ သက်တမ်းမှာ ၃၀ နှစ်ခန့်သာ ရှိလေသည်။ မြန်မာနိုင်ငံချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တွေ့ရလေ့ရှိသည်။ [၂]