အောင်ကျော်မိုး (စွန့်ဦးတီထွင်လုပ်ငန်းရှင်)

2C2P ၏ အမှုဆောင်အရာရှိချုပ်၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်

အောင်ကျော်မိုး (၂၅ မေ ၁၉၇၅ ခုနှစ် မွေးဖွား) သည် မြန်မာလူမျိုး စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး 2C2P ကုမ္ပဏီ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ 2C2P သည် စင်ကာပူအခြေစိုက် ကုမ္ပဏီဖြစ်ပြီး အင်တာနက်နှင့်မိုဘိုင်းနည်းပညာသုံး ငွေပေးချေမှုလုပ်ငန်းများကို B2B စီးပွားရေးလုပ်ငန်း များအတွက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီ ဖြစ်သည်။ [၁][၂]

အောင်ကျော်မိုး
မွေးဖွား(1975-05-25)၂၅ မေ၊ ၁၉၇၅
အလုပ်အကိုင်စွန့်ဦးတီထွင်လုပ်ငန်းရှင်

ငယ်ဘဝနှင့် ပညာရေး

ပြင်ဆင်ရန်

အောင်ကျော်မိုးသည် မြန်မာစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ရန်ကုန်မြို့ KMD သင်တန်းကျောင်းမှတစ်ဆင့် အင်္ဂလန်နိုင်ငံမှပေးသောဘွဲ့ကို ရရှိပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ သင်တန်းကျောင်းတစ်ခုတွင် ကွန်ပျူတာ အိုင်တီနည်းပညာဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချရန် ကမ်းလှမ်းချက်ကို လက်ခံခဲ့သည်။[၃]

အောင်ကျော်မိုးသည် Executive MBA ဘွဲ့ကို ချူလာလောင်ကွန်းတက္ကသိုလ် Sasin စီမံခန့်ခွဲမှုကျောင်း မှလည်းကောင်း၊ အမှုဆောင်အရာရှိ များအတွက် စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်သင်တန်း ကို MIT Sloan School of Management မှလည်းကောင်း၊ လုပ်ငန်းရှင်များအတွက် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း ကို Harvard Business School မှလည်းကောင်း ရရှိခဲ့သည်။[၄]

အသက်မွေးဝမ်းကြောင်း

ပြင်ဆင်ရန်

အောင်ကျော်မိုးသည် ကမ္ဘောဒီးယားနိုင်ငံတွင် ခေတ္တနေထိုင်ပြီးနောက် ထိုင်းနိုင်ငံသို့ပြောင်းရွှေ့ခဲ့ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအတွက် ရှာဖွေရေးအင်ဂျင်များ အဓိကဝန်ဆောင်မှုပေးသည့် ပြင်သစ်နိုင်ငံ အခြေစိုက် Juris Aisa ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် SinaptlQ ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ကဒ်‌ဖြင့်ငွေပေးချေမှုဆိုင်ရာ အချက်အလက်များ လုံခြုံရေးစနစ်အတွက် 3D-Secure စနစ်ကိုတည်ဆောက်ခဲ့သည်။[၅] [၆] အဆိုပါစနစ်ကို Bank of Asia တွင် အောင်မြင်စွာ အကောင်အထည်ဖော်ပြီးနောက် ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘဏ်များတွင် တွင်တွင်ကျယ်ကျယ် လက်ခံသုံးစွဲလာအောင် ဆက်လက်တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။[၇]

၂၀၀၈ ခုနှစ်တွင် Sasin စီမံခန့်ခွဲမှုကျောင်းမှ ဆရာတစ်ဦး၏ အကြံပေးမှုဖြင့် တည်ထောင်ထားပြီးဖြစ်သော 2C2P ကုမ္ပဏီကို စင်ကာပူနိုင်ငံသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့သည်။

2C2P ကုမ္ပဏီသည် နိုင်ငံပေါင်း ၉နိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်ထားပြီး စီးပွားရေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၂ဘီလီယံကျော်အထိ ငွေပေးချေမှုများလက်ခံနိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။ [၈] [၉]

၂၀၁၀ ခုနှစ်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသော နိုင်ငံတကာမိုဘိုင်းနှင့် အင်တာနက်ဆိုင်ရာ ညီလာခံ (Global Mobile Internet Conference 2010) တွင် တီထွင်ဆန်းသစ်မှုဆိုင်ရာဆု (Innovation Show Winner) ကို ရရှိခဲ့သည်။[၁၀]

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတွင် Myanmar Payment Union (MPU) နှင့်တွဲဖက် ထုတ်ဝေသည့် နိုင်ငံတကာငွေပေးချေမှုကဒ်များ (co-brand debit card) စတင်ထုတ်ဝေချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကဒ်သုံးစွဲသူများအတွက် နိုင်ငံတကာတွင် ငွေပေးချေမှုများ လုပ်ဆောင်နိုင်စေရန် ဆောင်ရွက်ပေးခဲ့သည်။ [၁၁]

၂၀၂၂ ဧပြီလတွင် 2C2P ကုမ္ပဏီကို တရုတ်ပြည်ရှိ ဒီဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုပလက်ဖောင်းဖြစ်သည့် Alipay ၏ မိခင်ကုမ္ပဏီဖြစ်သော Ant Group နှင့် အကျိုးတူပူးပေါင်းမှုပါတနာအဖြစ် ကြေညာခဲ့သည်။[၁၂]။ အဆိုပါပူးပေါင်းမှုမှတစ်ဆင့် Ant Group သည် 2C2P ၏ အဓိက ရင်းနှီးမြုပ်နှံသူဖြစ်လာခဲ့ပြီး Alipay+ ငွေပေးချေမှုဝန်ဆောင်မှုများကို 2C2P ၏ ငွေပေးချေမှုဝန်ဆောင်မှုကွန်ရက်မှတစ်ဆင့် ကွန်ရက်ချဲ့ထွင် လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။[၁၃] [၁၄] [၁၅] Ant Group နှင့် မိတ်ဖက်ပါတနာအဖြစ် ပူပေါင်းမှုသည် 2C2P အတွက် နိုင်ငံတကာဈေးကွက်ချဲ့ထွင်မှုကို များစွာအထောက်အကူပြုခဲ့သည်။ [၁၆] [၁၇]

ပုဂ္ဂိုလ်ရေးဘဝ

ပြင်ဆင်ရန်

အောင်ကျော်မိုးသည် စစ်တုရင်ဝါသနာရှင်တစ်ဦးဖြစ်သည်။ ဘန်ကောက်စစ်တုရင်ကလပ် (Bangkok Chess Club) ၏  အသင်းဝင်တစ်ဦးဖြစ်ပြီး စစ်တုရင်ပြိုင်ပွဲများစွာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၂၀၁၂ခုနှစ်တွင် သူသည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင်ကျင်းပသော ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[၁၈] အောင်ကျော်မိုးသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

အောင်ကျော်မိုးသည် Sasin စီမံခန့်ခွဲမှုကျောင်း အကြံပေးဘုတ်အဖွဲ့တွင်လည်း အသင်းဝင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။[၁၉]

အောင်ကျော်မိုးသည် လေယာဉ်မောင်းလိုင်စင်ရရှိထားသူ လေယာဉ်ပိုင်းလော့ တစ်ဦးလည်းဖြစ်သည်။ [၂၀]

လူမှုရေးလုပ်ဆောင်ချက်

ပြင်ဆင်ရန်

၂၀၁၉ ခုနှစ်တွင် PST Foundation (ဖွားစိန်တင်ဖောင်ဒေးရှင်း) ကို တည်ထောင်ခဲ့သည်။ ထို့နောက် PST Foundation ၏ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ကာ မြန်မာနိုင်ငံအတွင်း ဝေးလံ၍ အင်တာနက်ရရှိရန် ခက်ခဲသော ဒေသများမှ ကျောင်းသားများအား ပညာရေးထောက်ပံ့မှုပေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ကလေး သူငယ်များ၏ စိတ်ခံစားချက် ဖွံ့ဖြိုးမှုအတွက် ဆာဒကိုနှင့် စက္ကူကြိုးကြာငှက်တစ်ထောင် (Sadako and the Thousand Paper Cranes) စာအုပ်ကို ဘာသာပြန်ရေးသားပြီး PST Foundation မှ ထုတ်ဝေခဲ့သည် ။ [၂၁]

ဂုဏ်ပြုခံရခြင်း

ပြင်ဆင်ရန်

ငွေကြေးဆိုင်ရာနည်းပညာ (Financial Technology) နယ်ပယ်တွင် ကျွမ်းကျင်သူ၊ ဦးဆောင်သူ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ၂၀၀၉ခုနှစ် Business Week တွင် အာရှထိပ်တန်း စွန့်ဦးတီထွင်လုပ်ငန်းရှင် ၂၅ဦးစာရင်းတွင် ပါဝင်အသိအမှတ်ပြုခြင်း ခံရသည်။

၂၀၁၉ခုနှစ်တွင် စီးပွားရေးနှင့်စီမံခန့်ခွဲမှု အဆင့်မြင့်တက္ကသိုလ်ကောလိပ်ကျောင်းများအသင်း (AACSB) နှင့် ချိတ်ဆက်ထားသော ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနှင့်စီမံခန့်ခွဲမှုကျောင်းများမှ ထိပ်တန်းကျောင်းသားများကို ပေးအပ်သည့် Beta Gamma Sigma ဂုဏ်ထူးဆောင်ဆုကို Sasin စီမံခန့်ခွဲမှုကျောင်းမှတစ်ဆင့် ပေးအပ်ခြင်းခံခဲ့ရသည်။[၂၂]

သူ၏ ငွေကြေးဆိုင်ရာနည်းပညာနယ်ပယ်တွင် ကြိုးပမ်းအားထုတ်မှုများကြောင့် ၂၀၂၂ခုနှစ်တွင် လူမှုအကျိုးပြုနိုင်ငံတကာအဖွဲ့အစည်းဖြစ်သော AACSB International မှ ဩဇာလွမ်းမိုးမှုရှိသော ခေါင်းဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ ၂၀၂၂ ခုနှစ် FinTech မဂ္ဂဇင်း၏ ထိပ်တန်းခေါင်းဆောင် ၁၀၀ အဖြစ် အသိအမှတ်ပြုဖော်ပြမှုကိုလည်း ခံခဲ့ရသည်။ [၂၃][၂၄]

  1. Li, S. (2021, November 13). 5 thoughts on Southeast Asia's payments sector from 2C2P founder Aung Kyaw Moe. KrASIA.
  2. Racoma, J. (2021, September 20). Digital payments are no longer just 'nice-to-have' but are now 'must-have' in business strategy, says 2C2P's Aung Kyaw Moe [Q&A]. TechNode Global.
  3. Hopkins, B. (2021, January 11). Aung Kyaw Moe: Think Big, Work Hard, Be Humble. MYANMORE.
  4. Sasin Management School
  5. Hoon, Y. S. (2022, September 26). Web3 will disrupt payments but 2C2P is prepared to face the future. WIT.
  6. Tech in Asia - How this fintech pioneer built a $100m payments business (June 22, 2021). Tech in Asia.
  7. Ys, T. (2013, September 7). How to expand your startup to 9 Asian countries - the story of 2C2P founder Aung Kyaw Moe's persistence. YourStory.com.
  8. (2021, March 25). E-payment solutions might have more market share than Visa and MasterCard, Q&A with 2C2P founder. Cento Ventures
  9. UnionPay International partners 2C2P to target Southeast Asian ecommerce market (2015, November 2). The Paypers
  10. 2C2P Wins GMIC 2010 Innovation Show In Beijing
  11. 2C2P helps Myanmar revolution. Inside Retail. (2020, December 18). Inside Retail.
  12. Ant Group snaps up majority stake in 2C2P to drive digital payments adoption. (2020, April). Fintechfutures.
  13. 2C2P aims beyond Southeast Asia with Ant Group investment. (2022, April 28). Nikkei Asia.
  14. Ackroyd, A. T. (2022, April 19). Ant Buys Majority Stake in Singapore Payments Firm 2C2P. Alizila
  15. Editorial Team. (2022, April 19). Ant Group takes majority stake in 2C2P. Finextra Research.
  16. Burgos, J. (2022, April 19). Alibaba's Ant Group Buys Majority Stake In Singapore Fintech 2C2P. Forbes.
  17. China's Ant Group to take up majority ownership of payments platform 2C2P. (2022). Yahoo Finance.
  18. List of all prizes in Olympiad 2012 (official)
  19. https://www.sasin.edu/profile/aung-kyaw-moe
  20. Fly PA-28 PIPER ArcherIII VTBD-VTPH (2020, Nov 2). YouTube
  21. PST Foundation
  22. Sasin presents Beta Gamma Sigma pins
  23. Influential Leaders: Aung Kyaw Moe. AACSB
  24. FinTech Top 100 Leaders: Aung Kyaw Moe. FinTech

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်
  • 2C2P official website