အောင်လူဆီးတမ်းကစားနည်းသည် ရခိုင်ရိုးရာကစားနည်း တစ်မျိုးဖြစ်သည်။ ဤကစားနည်းမှာ ဒိုးကစား နည်းကဲ့သို့ပင် အမျိုးသမီး အပျိုအရွယ်များ အုပ်စုနှစ်စုဖွဲ့၍ ကစားရသောနည်းဖြစ်သည်။ တစ်အုပ်စုလျှင် အနည်းဆုံး (၃)ဦးမှ အထက် ကစားနိုင်သည်။ ကစားခြင်းကို လသာသည့်ညများတွင် လမ်းမပေါ်၌ လည်းကောင်း၊ မြေညီသော တလင်းပြင် မြေကွက်လပ်များတွင်လည်းကောင်း ကစားလေ့ရှိသည်။

ကစားမည့် စည်းတန်းများကို ရေဖြင့်ဖြစ်စေ၊ ထုံးဖြင့်ဖြစ်စေ စည်းတားရသည်။ ဥပမာ- တစ်ဘက်တွင် ငါးယောက်ကစားမည်ဆိုပါက စည်းငါးကြောင်း တားရသည်။ ဘောင် စည်းနှစ်ခုကိုလည်း ထိပ်မှအဆုံးအထိ အူကြောင်းထားရသည်။ ပထမဆုံးစည်းကို "ထိပ်စည်း"ဟုခေါ်၍ ဒုတိယစည်းကို "ဂုတ်စည်း"ဟုခေါ် သည်။ ရှေ့ဆုံးစည်းနှင့် ဂုတ်စည်းကြားတွင် ကြက်လျှာသဏ္ဌာန်ပုံဖော်၍ ထိပ်စည်းမှတားသော လူလိုက်နိုင် ရန် ပြုလုပ်ထားရသည်။ အုပ်စုတစ်ဘက်စီတွင် ခေါင်းဆောင် တစ်ဦးစီထား၍ "ဂေါင်ကြီး"ဟု ခေါ်သည်။ မိမိ၏ အုပ်စုအနိုင်ရရေးအတွက် ဂေါင်သူကြီးတွင် တာဝန်အရှိဆုံးဖြစ်သည်။

ကစားသောအုပ်စု (၂)စုတွင် အုပ်စုတစ်စုက ဆီးလှည့်ကျလျှင် ကျန်တစ်အုပ်စုက တာဝင်လှည့်ကျသည်။ ဆီးလှည့်ကျသော အုပ်စုကစည်းတွင် စောင့်၍ ဝင်လှည့်ကျသူများ စည်းသို့ ကျော်ဝင်လျှင် ဖမ်းရသည်။ ဆီးလှည့်ကျသော အဖွဲ့၌ ဂေါင်သူကြီးသည် ထိပ်စည်း၌ စောင့်ကာ ကြက်လျှာသဏ္ဌာန် စည်းလည်းကောင်း၊ အူကြောင်းတလျောက် စည်းလည်းကောင်း စောင့်၍ ဖမ်းရသည်။ ကျန်လူများက မိမိတာဝန်ကျသောစည်း တွင် စောင့်၍ ဝင်လာသူတို့ကိုဖမ်းရသည်။ ဆီးသူက ဝင်လာသူကို မိမိ၏စည်းမှနေ၍ လှမ်းပြီး ဖမ်းနိုင်-မဖမ်းနိုင်ကို မကစာမီကပင် အုပ်စုနှစ်ခုကို သဘောတူညီမှု ယူထားရသည်။ ယင်းသဘောတူညီမှုအရ လက်လှမ်း၍ ဖမ်းနိုင်လျှင် လက်လှမ်း၍ ဖမ်းပြီး၊ လက်လှမ်း၍ မဖမ်းနိုင်လျှင် မိမိစောင့်သော စည်းကိုကျော်နေသော အချိန်၌ ဖမ်းရသည်။ အကယ်၍ စည်းတစ်ခုခုတွင် ဝင်သူတစ်ဦးဦးကို ဆီးသူက ဖမ်းမိလျှင် ဝင်သောသူအဖွဲ့သေ၍ ယင်းတို့ကတပြန် ဆီးပြီး ကျန်အဖွဲ့က ဝင်ရသည်။

အောင်လူဆီးတမ်းကစားရာ၌ စည်းကမ်း သတ်မှတ်ချက်ရှိသည်။ ဘေးနှစ်ဘက်တွင်ထားသော စည်းကိုကျော်လွန်၍ မဝင်ရ။ အကယ်၍ ဘေးစည်းများကိုကျော်လျှင် "ထမင်းရေပူလောင်သည်"ဟု ခေါ်၍ ယင်းအဖွဲ့တစ်ဖွဲ့လုံး ဆီးသူအဖြစ် ပြန်လုပ်ရသည်။

ဝင်သူတစ်ဦးဦးသည် စည်းတစ်ခုကို ကျော်ဝင်ပြီးနောက် ပြန်မထွက်ရ။ ထိပ်စည်းမှ ပိတ်စည်းအ ထိ ကျော်အောင်ဝင်ပြီးမှ ပြန်လှည့်ပြီး ပိတ်စည်းမှ ထိပ်စည်းကို ကျော်အောင် ဝင်ရသည်။ အကယ်၍ ထိပ်စည်းကို ကျော်ဝင်ပြီးနောက် ဂုတ်စည်းကို မကျော်ခဲ့ဘဲ ထိပ်စည်းမှ နောက်သို့ ပြန်ထွက်ပါမူ "အူပြန်လည်သည်"ဟု ခေါ်၍ တစ်ဖွဲ့လုံးသေသည်။ နောက်ဆုံးစည်းကို အောင်မြင်ခဲ့ပြီး ပြန်ထွက်လာသောသူကို "ပြန်လူ"ဟု ခေါ်သည်။

ကစားရာ၌ မိမိအုပ်စုဝင်လှည့်တွင် တစ်ဦးဦးကို ဖမ်းမိပါက ဝင်သူ တစ်ဖွဲ့လုံးသေသည်ဟု ယူဆကာ ဆီးလှည့်ပြန်လုပ်ရသည်။ ဝင်သူတစ်ဦးဦးသည် ထိပ်စည်းမှ ပိတ်စည်းအထိ တောက်လျှောက် အဖမ်း မခံရဘဲ ဝင်သွားနိုင်ပြီး ပြန်လှည့်လာလျှင် "ပြန်လူလာဗျာ"ဟု အော်၍ ပြန်လူကို မလွတ်အောင် ဖမ်းတတ်ကြ သည်။ ယင်းပြန်လူသည် ထိပ်စည်းကို ပြန်လည်၍ ကျော်လွန်အောင်မြင်လျှင် "အောင်လူ"ဟု ဟစ်အော်၍ ထွက်ရသည်။ အောင်လျှင် တစ်ပွဲနိုင်ပြီ ဖြစ်သည်။

ယင်းကဲ့သို့ ကစားကြ၍ အုပ်စုတစ်ဖွဲ့က အနိုင်ရလျှင် နိုင်သူကရှုံးသူကို လှောင်ပြောင်၍ စကားစစ်ထိုးကြ သည်။ "တစ်ပွဲတင် ကြောင်မလင်၊ ပတ်စာထိုး ဂြိုးမလင်" စသည်ဖြင့် တစ်ဘက်သား မခံချင်အောင် စ,တတ်ကြသည်။ အောင်လူဆီးတမ်းကစားပွဲနှင့် ဒိုးကစားပွဲများသည် လူအများ စည်ကားစွာ လာရောက် ကြည့်ရှု အားပေးကြသည့် ဒေသလိုက်၊ ကျေးလက်ကစားပွဲများ ဖြစ်ကြပေသည်။[]

  1. ရခိုင်သမိုင်းအလင်းပြကျမ်း

ကဏ္ဍ:မြန်မာ့ ရိုးရာ ကစားနည်း