အောဒဆီ (သို့) ဩဒီးဆီးယား (အင်္ဂလိပ်: Odyssey; ဂရိ: Ὀδύσσεια, Odýsseia) သည် ဟိုးမား၏ ကဗျာရှည်နှစ်ပုဒ်မှ တစ်ပုဒ်ဖြစ်သည်။ ယခုခေတ် စာဖတ်ပရိသတ်များဖတ်ရှုလေ့ရှိသော ရှေးအကျဆုံး ကျယ်ပြန့်သည့်လက်ရာစာပေများထဲမှ တစ်ခုဖြစ်သည်။ အိလိယဒ်နှင့်အတူပင် ယခုကဗျာရှည်ကို စာအုပ်ပေါင်း (၂၄) အုပ်ဖြင့် ရေးသားထားသည်။ အစ်သကာဘုရင် ဂရိသူရဲကောင်း အောဒစ်ဆီးယပ်စ် နှင့် ထရိုဂျန်စစ်ပွဲအပြီး ၎င်း၏ အိမ်ပြန်ခရီးစဉ်အကြောင်းများကို ဖွဲ့ဆိုထားသည်။ ဆယ်နှစ်ကြာညောင်းခဲ့သော စစ်ကြီးပြီးသည့်နောက် ၎င်း၏ အိမ်ပြန်ခရီးစဉ်သည်လည်း နောက်ထပ်ဆယ်နှစ်တာ ကြာမြင့်ခဲ့၏။ ယင်းကာလများတွင် ၎င်းသည် ဒုက္ခသုက္ခအပေါင်းနှင့် တွေ့ကြုံ၍ ခရီးသွားဖော်များအားလုံး သေကြေခဲ့ရ၏။ ၎င်းမရှိစဉ်တွင်း အောဒစ်ဆီးယပ်စ်ကို သေဆုံးပြီဟု မှတ်ယူကြကာ ဇနီးဖြစ်သူ ပါနဲ့လာပီး (Penelope) ကို လက်ထပ်ရန် အရူးအမူးဖြစ်နေကြသော ထိန်းမနိုင်သိမ်းမရသော ချစ်ရေးဆိုသူများ၏ဒဏ်ကို ပါနဲ့လာပီးနှင့် သား တစ်လဲမာကာ့စ် (Telemachus) တို့သည်ရင်ဆိုင်ရခဲ့၏။

အောဒဆီ 
ရေးသူ: ဟိုးမား
Odyssey-crop.jpg
အီတလီ၊ တော်နာဗျူယန်နိုမိသားစုအတွက် စာရေးတော် ဂျွန် ရောဆော့စ် ရေးသော ၁၅ရာစု အောဒဆီ လက်ရေးမူ၊ စာအုပ် ၁။ (ဗြိတိသျှပြတိုက်)
မူလခေါင်းစဉ်Ὀδύσσεια
ရေးသားသည့်နှစ်ဘီစီ ၈-၇ ရာစု
နိုင်ငံရှေးဟောင်းဂရိ
ဘာသာစကားဂရိ
အကြောင်းအရာထရိုဂျန်စစ်ပွဲအပြီး အောဒစ်ဆီးယပ်စ်၏ ခရီးစဉ်
အမျိုးအစားကဗျာရှည်
မတြာDactylic hexameter[၁]
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်း၁၆၁၄
ယခင် စာအုပ်အိလိယဒ်

အောဒဆီ ကဗျာကို ဘီစီ ၈-၇ ဝန်းကျင်တွင် ဟိုးမားဂရိဘာသာစကား (ဟိုးမားအသုံးပြုခဲ့သော ဂရိဒေသယိစကား) ဖြင့် စပ်ဆိုခဲ့၍ ဘီစီ ခြောက်ရာစုအလယ်လောက်တွင် ဂရိစာပေကျမ်းစာများ၏ အစိတ်အပိုင်းဖြစ်လာခဲ့လေသည်။ ရှေးဟောင်းဂန္ထဝင်ခေတ်၌ ဤကဗျာကို ဟိုးမားရေးသည်ဟူ၍ မေးခွန်းမထုတ်၊ သံသယမဝင်ခဲ့သော်လည်း ခေတ်သစ်ပညာရှင်အသိုင်းဝိုင်းက အိလိယဒ်နှင့် အောဒဆီကို အချင်းချင်း မှီခိုခြင်းမရှိဘဲ တသီးတခြားရေးဖွဲ့ခဲ့သည်ဟု အဓိကအားဖြင့် ယူဆကြသည်။ ထိုကဗျာများပါ ဇာတ်လမ်းများသည် နှုတ်မှုရေးရာလက်ဆင့်ကမ်းခြင်း အလေ့အထ၏ အစိတ်အပိုင်း (လက်ဆင့်ကမ်းလာသော ပါးစပ်ပြော ရာဇဝင်ပုံပြင်ဇာတ်လမ်းများ) အဖြစ် ဖွဲ့စည်းထားသည်။ နိုင်ငံအဝှမ်း စာမတတ်မှုများကြောင့် ဤကဗျာကို အအီဒေါ့စ် (aoidos) ခေါ် ကဗျာရှည်များကို သီဆိုသူ (သို့) ကဗျာရှည်များကို ရွတ်ဆိုသူများ (rhapsode) က ဖျော်ဖြေတင်ဆက်ခဲ့ကြသဖြင့် စာပေဖတ်ရှုခြင်းထက် ထိုသို့ ကြားရခြင်းများမှတဆင့် သိရှိနိုင်ချေ ပိုများခဲ့သည်။

ကဗျာ၌ပါဝင်သော အရေးပါသည့် အဓိကအကြောင်းအရာများမှာ νόστος ခေါ် အပြန်ခရီးစဉ်၊ ခြေဦးတည့်ရာ လှည့်လည်သွားလာခြင်း၊ ξενία ခေါ် ဧည့်သဘော မိတ်ဆွေဖြစ်ခြင်းများ၊ စမ်းသပ်ခြင်း၊ နိမိတ်များ ဖြစ်ကြသည်။ ပညာရှင်များက အမျိုးသမီးများ၊ ကျေးကျွန်များ ကဲ့သို့သော အချို့သောသူများ၏ ဇာတ်လမ်းပိုင်း အရေးပါမှုကို ညွှန်းဆိုတင်ပြကြကာ ၎င်းတို့သည် အခြားသော ရှေးခေတ်စာပေ လက်ရာများစွာထက် ဤကဗျာတွင် ပို၍ အရေးကြီးသော ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ကြသည်။ အိလိယဒ်ကဗျာက ထရိုဂျန်စစ်ပွဲအတွင်း ဘုရင်များ၊ စစ်သည်စစ်သားများ၏ စွန့်စားခန်းများကို အဓိကအခြေပြုရေးဖွဲ့ထားသောကြောင့် အိလိယဒ်နှင့် နှိုင်းစာသော် အောဒဆီ၏ (သူရဲကောင်း၊ ဘုရင် မဟုတ်သူများအကြောင်း) အထူးပြုရေးဖွဲ့မှုသည် သိသာထင်ရှားလှပေသည်။

အောဒဆီကို အနောက်တိုင်း ကျမ်းစာများ၏ အရေးကြီးဆုံးသော လက်ရာတစ်ခုအဖြစ် ယူဆကြလေသည်။[၂] ဤကဗျာကို ပထမဆုံး အင်္ဂလိပ် ဘာသာပြန်သည် (၁၆) ရာစု ကာလကဖြစ်ကာ လိုသလို ပုံဖော်တင်ဆက်ခြင်းများ၊ စိတ်ကူးယဉ်၍ ပြန်လည် အနက်တစ်မျိုးဖြင့် ထုတ်ဖော်ခြင်းများကို တင်ဆက်ပုံစံအမျိုးမျိုး၌ လုပ်ဆောင်နေကြဆဲဖြစ်၏။ ၂၀၁၈ "ဘီဘီစီ ယဉ်ကျေးမှု" အစီစဉ်က ကျွမ်းကျင်သူများကို စာပေ၏ အတာရှည်ဆုံး ခံခဲ့သော ဇာတ်လမ်းကို ရွေးချယ်ခိုင်းသည့် မဲစစ်တမ်းတွင် အောဒဆီသည် ပထမနေရာဖြင့် ရပ်တည်ခဲ့သည်။[၃]

ကိုးကားပြင်ဆင်

အောက်ခြေမှတ်စုပြင်ဆင်

  1. Haslam, M. W. (1976). "Homeric Words and Homeric Metre: Two Doublets Examined (λείβω/εϊβω, γαΐα/αία)". Glotta 54 (3/4): 203. ISSN 0017-1298. 
  2. Foundation of Western Literature။ Massachusetts Institute of Technology။ 6 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 June 2017 တွင် ပြန်စစ်ပြီး။
  3. Haynes၊ Natalie။ The greatest tale ever told? (in en)။ 2020-09-08 တွင် ပြန်စစ်ပြီး။

ယေဘုယျရင်းမြစ်ပြင်ဆင်