ဣန္ဒြိယသံဝရသီလ
ဣန္ဒြေတို့ကို စောင့်ရှောက်ခြင်းသည် ဣန္ဒြိယသံဝရသီလ မည်၏။ (မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဤခြောက်ပါးတို့ကို ဣန္ဒြိယ= ဣန္ဒြေဟူ၍ ခေါ်၏။ ဣန္ဒြေဟူသည် အစိုးရခြင်းပင်တည်း။
အဆင်းရူပါရုံကို မြင်မှု၌ မျက်စိ (စက္ခုပသာဒ)ကသာ အစိုးရ၏၊ မျက်စိ (စက္ခုပသာဒ) ချို့ယွင်းလျှင် မမြင်နိုင်တော့ပြီ (စက္ခုဝိညာဏ်စိတ် မဖြစ်နိုင်တော့ပြီ)၊ သို့ဖြစ်၍ မျက်စိ (စက္ခုပသာဒ)ကို စက္ခုန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
ဤနည်းအတူ အသံအမျိုးမျိုးတို့ကို ကြားရာ၌ နား (သောတပသာဒ)သည် အစိုးရ၏၊ နား (သောတပသာ) ချို့ယွင်းလျှင် အသံကို မကြားနိုင်တော့ပြီ (သောတဝိညာဏ်စိတ် မဖြစ်နိုင်)၊ သို့ဖြစ်၍ (သောတပသာဒ)ကို သောတိန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
အနံ့အမျိုးမျိုးတို့ကို နမ်းရှူရာ၌ နှာခေါင်း (ဃာနပသာဒ)သည် အစိုးရ၏၊ နှာခေါင်း (ဃာနပသာဒ) ချို့ယွင်းလျှင် အနံ့ကို မနမ်းရှူနိုင်တော့ပြီ (ဃာနဝိညာဏ်စိတ် မဖြစ်နိုင်)၊ သို့ဖြစ်၍ နှာခေါင်း (ဃာနပသာဒ)ကို ဃာနိန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
အရသာအမျိုးမျိုးကို လျက်ရာ စားရာ၌ လျှာ (ဇိဝှါပသာဒ)သည် အစိုးရ၏။ လျှာ (ဇိဝှါပသာဒ) ချို့ယွင်းလျှင် အရသာကို မလျက်နိုင် မစားနိုင်တော့ပြီ (ဇိဝှါဝိညာဏ်စိတ် မဖြစ်နိုင်)၊ သို့ဖြစ်၍ လျှာ (ဇိဝှါပသာဒ)ကို ဇိဝှိန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
တွေ့ထိဖွယ်အမျိုးမျိုးကို တွေ့ထိရာ၌ ကိုယ် (ကာယပသာဒ)သည် အစိုးရ၏၊ ကိုယ် (ကာယပသာဒ) ပျက်စီး ချို့ယွင်းနေလျှင် တွေ့ထိဖွယ်အမျိုးမျိုးကို မတွေ့ထိနိုင်တော့ပြီ (ကာယဝိညာဏ်စိတ် မဖြစ်နိုင်)၊ သို့ဖြစ်၍ ကိုယ် (ကာယပသာဒ)ကို ကာယိန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
သိဖွယ်အာရုံအမျိုးမျိုးကို သိရာ၌ စိတ် (မနော)သည် အစိုးရ၏၊ စိတ်မရှိလျှင် မသိနိုင်တော့ပြီ၊ သို့ဖြစ်၍ စိတ်ကို မနိန္ဒြေဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။ ဤ ဣန္ဒြေခြောက်ပါးတို့ကို စောင့်စည်းခြင်းသည် ဣန္ဒြိယသံဝရသီလမည်၏ဟု ဆိုလိုသည်။)[၁]
အဘိဇ္ဈာ, ဒေါမနဿ မဖြစ်အောင် နေပါ
ပြင်ဆင်ရန်မျက်စိဖြင့် ရှုကြည့်ခြင်း စသည် တို့တွင် ရူပါရုံစသော အာရုံတို့အပေါ်၌
နိမိတ္တဂ္ဂါဟီ (= ယောက်ျား မိန်းမ လှ, မလှ စသည် အမှတ်ပြုခြင်း)
အနုဗျဉ္ဇနဂ္ဂါဟီ (= လက်ခြေသဏ္ဌာန် ပြုံးဟန် ရယ်ဟန် စသော အစိတ်အပိုင်းတို့ကို အာရုံပြုခြင်း) မရှိမူ၍ ဣတ္ထိ ပုရိသ (= မိန်းမဟု ယောက်ျားဟု သိကြောင်း) နိမိတ်အမှတ်အသားတို့ကို မယူအပ်။
အဆင်း အသံ အနံ့ အရသာ အတွေ့အထိ အာရုံတို့ကို ခင်မင်စရာ နှစ်သက်စရာ တွယ်တာစရာ စသည် အလိုကြီးခြင်း အဘိဇ္ဈာ, မုန်းစရာ အမျက်ထွက်စရာ စိတ်ဆိုးစရာ နှလုံးမသာယာစရာ ဒေါမနဿ စသည်တို့ကို မတိုးပွားအောင် သတိထား၍ စောင့်စည်းရ၏၊
ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ သတိပဋ္ဌာန်လေးပါး ပွားများနေသင့်သည်။ သတိပဋ္ဌာန်တရား တစ်ခုခု ပွားများနေလျှင် ဣန္ဒြိယသံဝရသီလ လုံခြုံမည် ဖြစ်သည်။ [၂]
ဣန္ဒြေတို့ကို စောင့်စည်းဟန်ကား
ပြင်ဆင်ရန်မျက်စိဖြင့် အဆင်းရူပါရုံကို မြင်သောအခါ မြင်သည့်အတိုင်းသာ (ရူပါရုံအနေဖြင့်သာ) စိတ်ထဲမှာ တည်ရှိစေရမည်။ မြင်သည့်အတိုင်း (ရူပါရုံအနေ)ထက်ပို၍ ဤကား မိန်းမဖြစ်သည် ယောကျ်ားဖြစ်သည် တင့်တယ်လှပသည် စသည်ဖြင့် ကိလေသာဖြစ်ခြင်း၏ အကြောင်းတို့ကို မမှတ်မယူရ၊ ထိုမိန်းမ ယောက်ျားစသော အကြောင်းနိမိတ် အာရုံထဲမှာပင် အဖန်ဖန် ကိလေသာဖြစ်ပွါးရန် ဖော်ပြတတ်သည့် လက်- ခြေ- ပြုံးခြင်း- ရွှင်ခြင်း- စကားပြောခြင်း- တစောင်းကြည့်ခြင်းစသော အနုဗျဉ္ဇနခေါ် အခြင်းအရာတို့ကိုလည်း အာရုံမပြုရ။[၁]
မဟာတိဿမထေရ်ဝတ္ထု
ပြင်ဆင်ရန်ဤစက္ခုန္ဒြေကို စောင့်စည်းရာမှာ စေတိယတောင်ထိပ်၌ သီတင်းသုံးနေတော်မူသော မဟာတိဿမထေရ်ကို ပုံစံပြုရာ၏..၊ မဟာတိဿမထေရ်သည် သီဟိုဠ်ကျွန်း စေတိယတောင်မှ အနုရာဓမြို့တွင်းသို့ ဆွမ်းခံကြွလာရာ၊ အနုရာဓမြို့ထဲမှ မိန်းမတဦး လင်နှင့်ရန်ဖြစ်ကာ အလွန်လှပစွာ တန်းဆာဆင်လျက် မိဖရပ်ဌာန် ပြန်မည်ဟု ထွက်လာသောအခါ စက္ခုန္ဒြေကိုစောင့်စည်း၍ ကြွလာသော မဟာတိဿမထေရ်ကို မြင်လေလျှင် ဤရဟန်းကိုပင် သွေးဆောင်၍ ငါယူတော့မည်ဟူသော အကြံဖြင့် (သူမကို မထေရ်ကကြည့်အောင်) အသံကျယ်လောင်စွာ ရယ်လိုက်လေသည်။ မဟာတိဿမထေရ်သည် ဘာပါလိမ့်ဟု ကြည့်လိုက်ရာ ထိုသူမ၏သွားရိုး၌ အသုဘသညာကို ရရှိကာ ရဟန်းတရား ဆက်လက်ပွါးများ၍ ရဟန္တာဖြစ်တော်မူလေသည်။
သူမ၏ လင်ယောက်ျားဖြစ်သူသည် မယားကိုခေါ်မည်ဟု လိုက်လာရာ မထေရ်ကိုတွေ့မြင်၍ “အရှင်ဘုရား ကြွတော်မူခဲ့ရာလမ်းတွင် မိန်းမတယောက်ကို တွေ့မြင်ပါသလား”ဟု မေး၏။ ထိုယောက်ျားကို မထေရ်က-
နာဘိဇာနာမိ ဣတ္ထီ ဝါ၊ ပုရိသော ဝါ ဣတော ဂတော။
အပိစ အဋ္ဌိသင်္ဃာဋော၊ ဂစ္ဆတေသ မဟာပထေ။
ဒါယကာ ဤအရပ်မှ သွားသောသူကို ယောက်ျားဟူ၍၎င်း မိန်းမဟူ၍၎င်း ငါမသိလိုက်ပါ၊ စင်စစ်မှာ အရိုးစုကြီးတခုသည် “ဤခရီးကြောင်းကြီးသို့ လျှောက်သွားပေသည်ဟု ပြန်ပြီး အမိန့်ရှိတော်မူသည်။
ဤမထေရ်မြတ်သည် မိန်းမ၏အဆင်းကို မြင်သော်လည်း မြင်ရုံမျှသာဖြစ်၍ မိန်းမဖြစ်သည့်အကြောင်းကိုပင် နှလုံးမထားပဲ မိမိ၏ ကမ္မဋ္ဌာန်းတရားကိုသာ ပွါးများတော်မူကာ ရဟန္တာဖြစ်တော်မူသည့်အကြောင်းကို ကောင်းစွာ ပုံစံပြုရာ၏။[၁]
ဣန္ဒြေကို မစောင့်စည်းခြင်း အကျိုး
ပြင်ဆင်ရန်စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် ထိုမစောင့်စည်းသော ရဟန်းကို (ထိုမြင်အပ်သည့်အာရုံက နှစ်သက်မက်မောဖွယ်ဖြစ်လျှင်) နှစ်သက်မက်မောခြင်း တည်းဟူသော အဘိဇ္ဈာတရား (စက်ဆုပ်ဖွယ်ဖြစ်လျှင်) စိတ်မချမ်းသာခြင်းဟူသော ဒေါမနဿ အကုသိုလ်တရားတို့ ဖြစ်ပွါးကုန်ရာ၏။ ထိုအကုသိုလ်တရားတို့ မဖြစ်ပွါးအောင် သတိဖြင့် စောင့်ရှောက် တားမြစ်ခြင်းငှါ ကျင့်ရာ၏။
ထို့အတူ နားဖြင့် အသံအမျိုးမျိုးကို ကြားရာ၌၎င်း နှာခေါင်းဖြင့် အနံ့အမျိုးမျိုးကို နမ်းရှူရာ၌၎င်း လျှာဖြင့် အရသာအမျိုးမျိုးကို လျက်ရာ၌၎င်း ကိုယ်ဖြင့် တွေ့ထိဖွယ်အမျိုးမျိုးကို တွေ့ထိရာ၌၎င်း စိတ်ဖြင့် တရားသဘာဝအမျိုးမျိုးကို သိရာ၌၎င်း ရှေးဆိုခဲ့ပြီး ကိလေသာဖြစ်ပွါးကြောင်းနိမိတ် ထိုနိမိတ်နှင့်စပ်၍ အစိတ်အပိုင်း အခြင်းအရာတို့ကို မယူမူ၍ သတိဖြင့် စောင့်ရှောက် တားမြစ်ခြင်းငှါ ကျင့်ရာ၏။
ဣန္ဒြိယသံဝရသီလ ပြီး၏။[၁]