ကပ်၍-သတ်ဖြတ်-ဖြတ်တောက်-ဖျက်ဆီး-တတ်သော ကံ၊ ဥပဃာတကကံ။ (အားနည်းသော တပါးသောကံကိုလည်းကောင်း, ထိုကံ၏ အကျိုး ဝိပါက်ဖြစ်သော ရုပ်နာမ်ခန္ဓာ အစဉ်ကိုလည်းကောင်း လုံးဝပျက်စီးအောင် ပူးကပ်သတ်ဖြတ် ဖျက်ဆီးတတ်သော-ကံ-စေတနာသည် ဥပဃာတကကံမည်၏။ ဥပစ္ဆေဒကကံ-ဟုလည်း ခေါ်၏။ အကုသိုလ်ကံ အချင်းချင်း, ကုသိုလ်ကံ အချင်းချင်း ပယ်ရှား တားဆီးတတ်သည့် ဥပဃာတကကံလည်းရှိ၏။ အကုသိုလ်ကံ မြောက်များစွာ ပြုလုပ်ထားသူ၌ အားကြီးသော အကုသိုလ်ဂရုကကံစသော ဥပဃာတကကံက အားနည်းသော အကုသိုလ်ကံကို အကျိုး မပေးနိုင်အောင် ပယ်ရှားတားဆီး၍ မိမိကသာ ဝင်ရောက် အကျိုးပေး၏။ ထို့အတူ ကုသိုလ်ကံပေါင်းများစွာ ပြုလုပ်ထားသူ၌လည်း အားကြီးသော ကုသိုလ်ဂရုကကံစသော ဥပဃာတကကံက အားနည်းသော ကုသိုလ်ကံကို ပယ်ရှား တားဆီး၍ မိမိကသာ ဝင်ရောက်အကျိုးပေး၏။ [၁] ကမ္မ လည်းကြည့်။ [၂]


ဥပဃာတကကံ—ကံတပါးကို၎င်း, ကံတပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို၎င်း သတ်ဖြတ်တတ်သော ကုသိုလ်, အကုသိုလ်စေတနာသည် ဥပယာတကကံ မည်၏။ [၃] ယင်းဥပဃာတကကံကို ဥပစ္ဆေဒကကံဟုလည်းခေါ်သည်။ [၄] ကံတပါးကို တားမြစ် သတ်ဖြတ်တတ်သော ဥပဃာတကကံသည် (က) တပါးသော ကုသိုလ်ကံကို သတ်ဖြတ်တတ်သော အကုသိုလ် ဥပဃာတကကံ (ခ) တပါးသော အကုသိုလ်ကံကို သတ်ဖြတ်တတ်သော ကုသိုလ်ဥပဃာတကကံဟု နှစ်မျိုးရှိသည်။

ထိုတွင်—(က) အဇာတသတ်၏ တဘဝလုံး ဘုရားသခင်အား ဆည်းကပ်ခြင်းစသော ကုသိုလ်ကံများကို ဖခင် ဗိမ္ဗိသာရမင်းအား သတ်ခြင်းဟူသော အကုသိုလ် ဥပဃာတကကံက တားမြစ်သတ်ဖြတ်သည်။ [၅] ထို့ပြင် မရဏာသန္န အခါ၌လည်း ကုသိုလ်ကံ၏ အစွမ်းကြောင့် သုဂတိနိမိတ် ထင်လာစဉ် တဖန် အကုသိုလ် ဥပဃာတကကံက ထင်လာသော သုဂတိနိမိတ်ကို တားမြစ်သတ်ဖြတ်သည်၊ ယင်းသို့ တားမြစ် သတ်ဖြတ်ချက်ကြောင့် ဒုဂ္ဂတိနိမိတ် ထင်လာ၍ အပါယ်ဘုံ၌ ဖြစ်စေ၏။

(ခ) အင်္ဂုလိမာလမထေရ်၏ ခိုးသား ဘဝက ကျူးလွန်ခဲ့သော အကုသိုလ်ကံများကို မဂ်စေတနာဟူသော ကုသိုလ် ဥပဃာ တကကံက တားမြစ်သတ်ဖြတ်သည်။ [၆] ထို့ပြင် မရဏာသန္နအခါ၌လည်း အကုသိုလ်ကံ၏အစွမ်းကြောင့် ဒုဂ္ဂတိ နိမိတ်ထင်လာစဉ် တဖန် ကုသိုလ်ဥပဃာတက ကံက ထင်လာသော ဒုဂ္ဂတိနိမိတ်ကို တားမြစ်သတ်ဖြတ်သည်၊ ယင်းသို့ တားမြစ်သတ်ဖြတ်ချက်ကြောင့် သုဂတိနိမိတ် ထင်လာ၍ နတ်ပြည်၌ ဖြစ်စေ၏။ ([၇]လာ သောဏမထေရ်၏ဖခင်ဝတ္ထုကိုလည်း ထောက်လေ။)

ကုသိုလ်ဇနကကံ၏အစွမ်းကြောင့် လူနတ် ခန္ဓာအစဉ်ကို ရရှိလာရာ အကုသိုလ် ဥပဃာတကကံ၏ တားမြစ်နှိပ်စက်မှုကြောင့် အသက်တမ်း မကုန်မီ လတ်တလော သေရခြင်းသည် ကံတပါးကြောင့် ရလာသော ခန္ဓာအစဉ်ကို အကုသိုလ်ဥပယာတကကံက တားမြစ် သတ်ဖြတ်သည်မည်၏။ (ဤအရာ၌ မြှားလွှတ်သော ဥပမာကိုလည်း ရှုလေ။ [၈])

ကံတပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို သတ်ဖြတ်ရာ၌ (၁) သတ်ရုံသာ သတ်သော အရာ, (၂) သတ်ပြီးနောက် တပါးသောဇနကကံကို အကျိုးပေးခွင့်ပြုသော အရာ, (၃) သတ်ဖြတ်ပြီးနောက် မိမိကိုယ်တိုင်ပင် ပဋိသန္ဓေကျိုးကို ဆက်လက်ပေးသော အရာဟု သုံးမျိုးရှိ၏။

ထိုတွင် (၁) ရှင်မဟာမောဂ္ဂလ္လာန်၏ ရှေးဘဝက အမိကို သတ်ခဲ့သော အကုသိုလ်ကံကြောင့် ခိုးသားငါးရာ၏ လက်ချက်ဖြင့် ပရိနိဗ္ဗာန် စံတော်မူရခြင်းသည် ကံတပါး၏ အကျိုးကို သတ်ရုံသာသတ်၍ နောက်ထပ် အကျိုးမဆက်သော ဥပဃာတကကံ အရာ ပေတည်း။ [၉]

(၂) သာမာဝတီအမှူးရှိသော မောင်းမတို့သည် ရှေးဘဝ အကုသိုလ်ဥပဃာတကကံကြောင့် မီးလောင်ခံရ၍ သေဆုံးပြီးနောက် ကုသိုလ်ဇနကကံကြောင့် နတ်ပြည်၌ဖြစ်ရခြင်း ဝဂ္ဂုမုဒါမြစ်ကမ်းနား၌နေသော ရဟန်းငါးရာတို့သည် ရှေးဘဝ သားမုဆိုး ဖြစ်ခဲ့စဉ်က သားငှက်တို့ကို သတ်ဖြတ်ခဲ့သော အကုသိုလ် ဥပဃာတကကံကြောင့် ရဟန်းတု ရဟန်းယောင် မိဂလဏ္ဍိက၏ သတ်ဖြတ်မှုခံရ၍ သေဆုံးပြီးနောက် တပါးသော ကုသိုလ် ဇနကကံကြောင့် နတ်ပြည်၌ဖြစ်ရခြင်း [၁၀]သည် မိမိက သတ်ရုံသာ သတ်၍ တပါးသော ဇနကကံကို အကျိုးပေးခွင့် ပြုသော ဥပဃာတကကံ အရာပေတည်း။ [၁၁]

(၃) ဒူသီမာရ်နတ်သည် ကကုသန် မြတ်စွာဘုရား၏ လက်ျာတော်ရံ အရှင်ဝိဓုရ၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့်ပေါက်၏၊ ကလာဗုမင်းသည် အလောင်းတော် ခန္တီဝါဒီ ရှင်ရသေ့ကို သေကြေအောင် နှိပ်စက်၏၊ မာရ်နတ်နှင့် ကလာဗုမင်း၏ ခန္ဓာအစဉ်ကို အကုသိုလ်ကံက သတ်ဖြတ်၍ ထိုအကုသိုလ်ကံကြောင့်ပင် အဝီစိငရဲ၌ ပဋိသန္ဓေနေရခြင်းသည် သတ်ဖြတ်ပြီးနောက် မိမိကိုယ်တိုင်ပင် ပဋိသန္ဓေကျိုးကို ဆက်လက် ဆက်လက်ပေးသော ဥပဃာတကကံ အရာပေတည်း [၁၂]။ ။ ဒူသီမာရ်နတ်အကြောင်းအကျယ်ကို [၁၃]တို့၌ကြည့်။) [၁၄]

ကိုးကား ပြင်ဆင်ရန်

  1. (မ၊ဋ္ဌ၊၄၊၁၈၄။ ပရမတ္ထဒီပနီဋီကာ၊၂၁၂။)
  2. တိပိဋကအဘိဓာန် အတွဲ-၄, အပိုင်း-၂
  3. (အံ၊ဋ္ဌ၊၂၊၁၁၀။ ဝိသုဒ္ဓိ၊၂၊၂၃၆။)
  4. (မ၊ဋ္ဌ၊၄၊၁၇၈။ အံ၊ဋ္ဌ၊၂၊၁၁၀။ ဝိသုဒ္ဓိ၊၂၊၂၃၆။)
  5. (အံ၊ဋ္ဌ၊၂၊၁၁၀-၁။)
  6. (အံ၊ဋ္ဌ၊၂၊၁၁၀-၁။)
  7. ပရမတ္ထဒီပနီ၊ အဘိ၊ဋ္ဌ၊၂၊၄၂၀-
  8. မ၊ဋ္ဌ၊၄၊၁၇၈။
  9. (ပရမတ္ထဒီပနီ၊အနုဒီပနီ။)
  10. (ဝိ၊ဋ္ဌ၊၂၊၄-၅)
  11. (ပရမတ္ထဒီပနီ၊အနုဒီပနီ။)
  12. (ဇာ၊ဋ္ဌ၊၃၊၃၇ - ၄၀။ ပရမတ္ထဒီပနီ၊အနုဒီပနီ
  13. မ၊၁၊၄၀၇- ၄၁၅။ မ၊ဋ္ဌ၊၂၊၃၁၂- ၃၂၀-
  14. တိပိဋကအဘိဓာန် အတွဲ-၅