ဥပပီဠကကံသည် ကုသိုလ်ဥပပီဠကကံ, အကုသိုလ်ဥပပီဠကကံဟူ၍ နှစ်မျိုးရှိ၏၊ ထို နှစ်မျိုးလုံးပင် (၁) အခြားသောကံကိုလည်း နှိပ်စက်၏၊ (၂) ထိုကံ၏အကျိုးဝိပါက် ခန္ဓာ အစဉ်ကိုလည်း နှိပ်စက်၏၊ (၁) အခြားသောကံကို နှိပ်စက်ပုံမှာ ကုသိုလ်ကံက အကျိုးပေးမည်ပြုသောအခါ အကုသိုလ်ကံသည် ဥပပီဠကကံအဖြစ်ဖြင့်ရပ်တည်၍ ထိုကုသိုလ်ကံကို အကျိုးပေးခွင့်မရအောင်, အင်အားချိနဲ့အောင် ပူးကပ်နှောင့်ယှက်နှိပ်စက် ဖျက်ဆီး၏၊ အကုသိုလ်ကံက အကျိုးပေးမည်ပြုသောအခါလည်း ကုသိုလ်ကံသည် ဥပပီဠကကံအဖြစ်ဖြင့် ဆန်ကျင်ဘက်ရန်သူပမာ ထွက်ပေါ်လာကာ ထို အကုသိုလ်ကံကို အကျိုးပေးခွင့်မရအောင်, အင်အားချိနဲ့အောင် ပူးကပ်နှောင့်ယှက်နှိပ်စက် ဖျက်ဆီး၏၊

ကုသိုလ်ကံပြုစဉ်အခါတုံးက အလွန်အား ကောင်းသောကုသိုလ်ကံဖြစ်၍ အထက် အထက် သုဂတိဘုံတို့၌ အကျိုးပေးနိုင်လောက် အောင် စွမ်းအားသတ္တိရှိစေကာမူ အကုသိုလ် ဥပပီဠကကံ၏ နှိပ်စက်မှုကို ခံလိုက်ရပါက ထိုစွမ်းအားများ လျော့ပါးချိနဲ့၍ အောက်အောက် သုဂတိဘုံတို့၌သာ အကျိုးပေးနိုင်တော့၏။ ထို့အတူ ဘုန်းတန်းခိုးရှိန်ဝါ ကြီးမားစေနိုင်သော စွမ်းအားသတ္တိများလည်းဆုတ်ယုတ်ပျက်ပြား၍ တန်ခိုးအရှိန်မှေးမှိန်နည်းပါး အညံ့စားပုဂ္ဂိုလ် ဘဝအကျိုးကိုသာပေးနိုင်တော့၏။ မြင့်မြတ်သော အမျိုး၌ ဖြစ်စေနိုင်သော ကံစွမ်းအား, အသက်ရှည်စေနိုင်သော ကံစွမ်းအား, ဥစ္စာဓန ကြွယ်ဝချမ်းသာစေနိုင်သော ကံစွမ်းအားများလည်း လျော့ပါးဆုတ်ယုတ်၍ အမျိုးဇာတ်ယုတ်နိမ့်သူ, အသက်တိုသူ, ဥစ္စာဓနမွဲပြာကျသူ လူဆင်းရဲဘဝအကျိုးကိုသာပေးနိုင်တော့၏၊ ယောက်ျားဖြစ်စေနိုင်သော ကံစွမ်းအားများလည်း ပျက်ပြားဆုတ်ယုတ်၍ မိန်းမဘဝ, နပုံးပဏ္ဍုတ်ဘဝသို့သာ ပို့ဆောင်နိုင်တော့၏။ ရုပ်အဆင်းလှပစေနိုင်သောကံစွမ်းအား, မျက်စိနားနှာအင်္ဂါခြေလက်အပြည့်အစုံ ဖန်တီး ပေးနိုင်သောကံစွမ်းအားများလည်း လျော့ပါးဆုတ်ယုတ်၍ အရုပ်ဆိုး အကျည်းတန်သူ, မျက်စိကန်း နားထိုင်း ခြေကျိုး လက်ပြတ် ခြေခွင် လက်ကောက် မသန်စွမ်း မစုံလင် အသွင် သဏ္ဌန် ဖေါက်ပြန်ပျက်စီးသော လူ့အန္ဓအကျိုးကိုသာ ပေးနိုင်တော့၏။

ထို့အပြင်အကုသိုလ်ကံပြုစဉ်အခါတုန်းက အလွန်အားကောင်းသော အာနန္ဒရိယကံကြီး ဖြစ်၍ မဟာအဝီစိငရဲသို့ပင် ပစ်ချနိုင်လောက်အောင် စွမ်းအားသတ္တိရှိနေစေကာမူ ကုသိုလ် ဥပပီဠကကံ၏ ဟန့်တားနှောင့်ယှက်နှိပ်စက်မှုကို ခံလိုက်ရပါက ထိုစွမ်းအားများ လျော့ပါးချိနဲ့ သွားသည့်အတွက် မဟာအဝီစိငရဲသို့ မပို့ဆောင်နိုင်တော့ဘဲ ထိုမဟာအဝီစိထက် အလွန် သက်သာသော ဥဿဒငရဲငယ်နှင့် ပြိတ္တာဘဝ စသည်သို့သာ ပို့ဆောင်နိုင်တော့၏။ ဤနေရာ၌ ဝတ္ထုသာဓက နှစ်ခုလောက်မျှ အကျဉ်းချုပ်ပြရသော်--

အဇာတသတ်မင်းသည် မိမိ၏ခမည်းတော် ဖြစ်သော ဗိမ္ဗိသာရမည်သော သောတာပန်ဘုရင်မင်းကြီးကို ထီးနန်းချ၍သတ်ဖြတ်လိုက်ခြင်းအားဖြင့် ဧရာမပိတုဃာတကကံကြီးကို ကျူးလွန်ထား၏။ ထိုပိတုဃာတကကံကြီးသည် အဇာတသတ်မင်းကို မဟာအဝီစိငရဲသို့ ပစ်ချနိုင်လောက်သော စွမ်းအားသတ္တိ အပြည့်အဝရှိ၏။ သို့သော် နောင်သောအခါ ထိုအဇာတသတ်မင်းသည် မြတ်စွာဘုရားထံမှောက် သွားရောက်၍ သာမညဖလသုတ်တရားတော်ကို နာယူခြင်း, ရတနာသုံးပါးကို ကိုးကွယ်ဆည်း ကပ်ခြင်းတည်း ဟူသော ကုသိုလ်ကောင်းမှုတို့ကို ကြိုးစားအားထုတ်ပြုလုပ်၏။ ထိုကုသိုလ်တို့သည် ခမည်းတော်သတ်မှု ပိတုဃာတက ကံကြီးကို အင်အားချိနဲ့အောင် ပူးကပ်နှောင့်ယှက် နှိပ်စက်ဖျက်ဆီးလိုက်သောကြောင့် ထိုအဇာတသတ်မင်းမှာ မဟာအဝီစိငရဲသို့ မကျရောက်တော့ဘဲ ထို့ထက်များစွာသက်သာသော လောဟကုမ္ဘီငရဲသို့သာ လားရောက်ရ တော့၏။

ထို့အပြင် ရာဇဂြိုဟ်မြို့၌ နှစ်ပေါင်းငါးဆယ် တိတိ အကျဉ်းသ္မားသူခိုးဓားပြတို့ကို သတ်ဖြတ်မှု အကုသိုလ်အလုပ်ဖြင့် ဘုရင့်အမှုတော်ကိုထမ်း ရွက်သော ဝါတကာဠကမည်သော လူသတ် သ္မားကြီးသည် သေမည့်နေ့၌ အရှင်သာရိပုတြာထေရ်မြတ်ကြီးအား ဆွမ်းကပ်ပြီးလျှင် အနုလောမိကခန္တီမည်သော ဝိပဿနာဉာဏ် ဆိုက်ရောက်အောင် ထေရ်ရှင်မြတ်ကြီး၏ တရားတော်ကို နာယူလိုက်ရ၏။ ထိုဆွမ်းဒါနကုသိုလ်, ဓမ္မဿဝနကုသိုလ်နှင့် ဝိပဿနာကုသိုလ်တို့သည် အလွန်အားကောင်းသော ဥပပီဠကကံ အဖြစ်ဖြင့် ရပ်တည်ကာ ယခင် နှစ်ပေါင်းငါးဆယ်တိတိ လူသတ်ခဲ့မှု ပါဏာတိပါတ အကုသိုလ်တို့ကို အကျိုးပေးခွင့် မရအောင် ပိတ်ပင်တားဆီး၍ ထိုဝါတကာဠကမည်သော လူသတ်သ္မားကြီးကို တာဝတိံသာ နတ်ပြည်သို့ ပို့ဆောင်လေတော့၏။ ဤသို့အားဖြင့် အညွန့်တလူလူထွက်၍ တိုးတက်စည်ပင်နေသော သစ်ပင်သည် ဓားဖြင့်အခုတ်ခံရပါက မတိုးတက် မစည်ပင်နိုင်သကဲ့သို့ ထို့အတူ အကျိုးပေးမည့် ကုသိုလ်ကံသည်ဆန့်ကျင်ဘက်အကုသိုလ် ဥပပီဠကကံ၏ နှိပ်စက်မှုကို ခံလိုက်ရ၍လည်းကောင်း, အကျိုးပေးမည့်အကုသိုလ်ကံသည် ရန်သူကုသိုလ် ဥပပီဠကကံ၏ နှိပ်စက်မှုကို ခံလိုက်ရ၍လည်းကောင်း အကျိုးမပေးနိုင်ဘဲ ရှိရလေတော့သည်။ ဤတိုင်အောင်မှာ ဥပပီဠကကံက အခြားသောကံကို ပူးကပ်နှောင့်ယှက်နှိပ်စက် ဖျက်ဆီးပုံဖြစ်၏။

(၂) အခြားသောကံ၏ ပဋိသန္ဓေပဝတ္တိ အကျိုးဝိပါက်ခန္ဓာအစဉ်ဖြစ်သော ကောင်းကျိုး ဆိုးကျိုး သုခဒုက္ခအမျိုးမျိုးကို ဥပပီဠကကံက ပူးကပ်နှောင့်ယှက်နှိပ်စက်ဖျက်ဆီးပုံကို ဖွင့်ပြရာ၌ ယင်းသို့နှိပ်စက်ဖျက်ဆီးသော ဥပပီဠကကံကို အလွန်အငြိုးကြီးသော ရန်သူကြီးနှင့် တူလေဟန် ဥပမာပုံသဏ္ဌာန်ပြုလုပ်၍ အဋ္ဌကထာ ဋီကာတို့ ဖွင့်ပြထားကြ၏။ အားကောင်းသော ကုသိုလ်ကံကြောင့် သုဂတိဘုံဘဝသို့ရောက်၍ ကောင်းစားတော့မည့် ပုဂ္ဂိုဟ်တစ်ဦးကို ရန်သူ ဥပပီဠကကံက ရုတ်တရက်အမှတ်မထင်တွေ့ မြင်လိုက်ရသောအခါ "ဟယ်...ဒီကောင် ဤနေရာဤဌာန ရောက်နေတာ ငါစောစောက မသိလိုက်ရပါကလား။ တကယ်လို့သာ ငါ သိရလျှင် ဒီကောင်ကို ဒီနေရာမှာ လာခွင့် မပေးဘူး၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံမှာသာဆွဲချလိုက်မယ်၊ ကိုင်း--စေတော့၊ ဒီကောင် ဘယ်ဘုံဘဝမှာဘဲ ရောက်ရောက်၊ သူရောက်ရာဘဝမှာပဲ ရှူနာရှိုက်ကုန်း လူလုံးမလှ ချွတ်ခြုံကျအောင်နှိပ်စက်ပြလိုက်မည်ဟု ကြုံးဝါးကာ ဘေးဆိုးအန္တရာယ်ဆိုးနှင့် ရင်ဆိုင်တိုးမိအောင် ကြံဆောင်ဖန်းတီး၏။ ထိုကလေး လူ့ဘဝ အမိဝမ်းခေါင်းအောင်းသည်နှင့်တပြိုင်နက် မိခင်ကိုပါ ကိုယ်စိတ် မကြည်မသာဖြစ်အောင် နှိပ်စက်၏၊ စီးပွားဥစ္စာများကိုလည်း ဆားကို ရေနှင့် ဖျော်လိုက်သည့်အလား ပျက်ပြား ဆုတ်ယုတ် သွားစေ၏၊ နေ့စဉ်အိုးကြီးတစ်လုံးစာလောက် နို့ရည်ထွက်သော နို့စားနွားမတို့ကိုလည်း နို့ရည်ခန်းခြေက် သွားစေ၏၊ နဂိုက လိမ်မာ ယဉ်ကျေး၍ အလွန်ခိုင်းကောင်းသော နွားတို့ကိုလည်း ကြမ်းတမ်းခက်ထန်သော နွားရိုင်းနွားဆိုးကြီးများဖြစ်အောင် (သို့မဟုတ်) မျက်စိကန်းအောင်, ခြေခွင်အောင်, နွားခြံတစ်ခုလုံး ရောဂါဖြစ်ပွားအောင်ပြုလုပ်၏၊ ယင်းသို့ကံဆိုးမိုးမှောင်ကျရောက်ချိန်တွင် အလုပ်သွား အစေခံများကလည်း စကားနားမထောင်ကြ၊ ကောက်ပင်များလည်း ပိုးကိုက်၍ ပျက်စီးလေကုန်၏၊ အိမ်မှာထားသမျှ ပစ္စည်းများ, တောမှာ မြှုပ်နှံသိုမှီးသိမ်းဆည်းထားသမျှ ပစ္စည်းများလည်း ဘယ်သူခိုးကမျှ မခိုးယူဘဲ, ဘယ် နေရာသို့မျှ မရွေ့လျားဘဲ နဂိုထားသည့် နေရာ၌ပင် အလိုအလျေက် ယွင်းပျောက် ပျက်စီး အချီးနှီး အလဟဿ သုံးမရဖြစ်လေကုန်၏။ သို့ဖြစ်ရကား ထိုတစ်အိမ်လုံး စားလောက်ရုံ ဝတ်လောက်ရုံအတွက်မျှပင် အလွန်ခက်ခဲ ဆင်းရဲကြီးစွာ ရှာဖွေကြရလေကုန်၏။

ထိုအချိန်တွင် သို့ကလောက်မျှ ချွတ်ခြုံကျ နေသော ထိုမိသားစုထဲမှ မိခင်ဝမ်းခေါင်း ကိန်းအောင်းနေသော ထိုကိုယ်ဝန်သူငယ် ကလေးကို ကောင်းမွန်စွာ မစောင့်ရှောက် မထိန်းသိမ်းနိုင်တော့သည်သာမက ထိုကလေး ဖွားမြင်သောအခါ၌လည်း မိခင်မှာ နို့ရည်များ ခန်းခြောက်၍ ဂရုတစိုက်နို့တိုက်ကျွေးမှုဖြင့် မပြုစုနိုင်လေရကား ထိုသူငယ်ကလေးသည် ကြုံလှီပိန်ခြုံး၍ ရုပ်လုံးမပီမပြင် အရိုးစု ကမ္မဋ္ဌာန်းရုပ်အသွင် ပေါ်လွင်နေပေတော့၏။ ဤတိုင်အောင်မှာ ကုသိုလ်ကံ၏အကျိုးကို အကုသိုလ်ဥပပီဠကကံက နှိပ်စက်ဖျက်ဆီးပုံ ဖြစ်၏၊ အကုသိုလ်ကံ၏အကျိုးကို ကုသိုလ် ဥပပီဠကကံက နှိပ်စက်ဖျက်ဆီးပုံ ပြဆိုထား သည်ကိုကား မတွေ့ရ။ ဋီကာတို့၌ ဇနကကံကြောင့်ဖြစ်သော ကုသိုလ်ကံအကျိုးနှင့်အကုသိုလ်ကံ အကျိုးဖြစ်သော ရုပ်နာမ်ခန္ဓာ အစဉ်ကို ရောဂါဖြစ်အောင်, ဓာတ်လေးပါးမညီမျှအောင် နှိပ်စက်ဖျက်ဆီးသောကံသည် ဥပပီဠကကံမည်၏ဟု ဖွင့်ဆိုတော်မူကြ၏။ ယင်းသို့ဖွင့်ဆိုထားရာ၌ ခွေးကလေးခန္ဓာကိုယ်ကို ရောဂါအမျိုးမျိုးဖြင့် နာတာရှည်ဖြစ်အောင် နှိပ်စက် ခြင်းကို အကုသိုလ်ဥပပီဠကကံက အကုသိုလ် ဇနကကံ၏အကျိုးကို နှိပ်စက်ခြင်းဖြစ်သည် ဟုဆိုသင့်ကြောင်း မိန့်တော်မူကြ၏။ ဝိဘာ ဝိနီဋီကာ၌ ဇနကကံ ဥပပီဠကကံနှစ်ခု အထူးကို ရေးသော်လည်း အဋ္ဌကထာဋီကာတို့၌ မတွေ့ရ၊ ဥပပီဠကကံသည် အခြားသောကံ၏ အကျိုးဝိပါက်ကို ဖြတ်တောက်၏။ ကိုယ်တိုင် အကျိုးမပေး။ ဥပဃာတကကံသည် အားနည်းသောကံကို ဖြတ်တောက်၍ ကိုယ်တိုင် အကျိုးပေးသည်။ ဤကား ကံ-၂-ပါး အထူးတည်း။ ဥပဃာကကံက ကိုယ်တိုင်အကျိုးပေး သည်ဟုဆိုလျှင် ဇနကကံအဖြစ်သို့ ပြောင်းလဲ သွားလိမ့်မည်ဟု- ဋီကာတို့၌ စိစစ်ပြထား၏။ ကမ္မ-လည်းကြည့်။ (မ၊ဋ္ဌ၊၄၊၁ရရ-၈။ အံ၊ဋ္ဌ၊၂၊၁၀၉-၁၀။ အံ၊ဋီ၊၂၊၁၀၃-၄။ ပရမတ္ထဒီပနီ၊၂၁၂။ ပရမတ္ထသံခိပ်ဋီကာ၊ ဒု၊ ၈၂။ သင်္ဂြိုဟ် ဘာသာဋီကာ၊ ဝီထိမုတ်ပိုင်း။) [၁]


ဥပပီဠကကံ__ကံတပါးကို၎င်း, ကံ တပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို၎င်း ဆုတ်ယုတ်လျော့ပါး ညှိုးနွမ်း သိမ်ငယ်သွားအောင် ဖိစီးနှိပ်စက် နှောက်ရှက်တားမြစ်တတ်သော ကုသိုလ်, အကုသိုလ် စေတနာသည် ဥပပီဠကကံ မည်၏။ (အံ၊ဋ္ဌ၊၂၊၁၀၉။ ဝိသုဒ္ဓိ၊၂၊၂၃၆။ အံ၊ဋီ၊၂၊၄၀၄။ ပရမတ္ထဒီပနီ။) ထို ဥပပီဠကကံသည်__(က) တပါးသော ကုသိုလ်ကံကို တားမြစ် နှိပ်စက်တတ်သော အကုသိုလ် ဥပပီဠကကံ။ (ခ) တပါးသော အကုသိုလ်ကံကို တားမြစ်နှိပ်စက်တတ်သော ကုသိုလ်ဥပပီဠကကံဟု နှစ်မျိုးရှိသည်။

ထိုတွင် (က) အထက်အထက်ဘုံ၌ ကျိုးပေးနိုင်သော ကုသိုလ်ကံ ရှိသော်လည်း အကုသိုလ် ဥပပီဠကကံ၏ နှိပ်စက်မှုကြောင့် အောက်အောက်ဘုံတို့၌သာ အကျိုးပေးရခြင်း၊ တန်ခိုးကြီးသောဌာနတို့၌ အကျိုးပေးနိုင်သော ကုသိုလ်ကံရှိသော်လည်း အကုသိုလ် ဥပပီဠကကံ၏တားမြစ်နှိပ်စက်မှုကြောင့် ဘုန်းတန်ခိုးငယ်သောဌာနတို့၌ အကျိုးပေးရခြင်း၊ မြတ်သော အမျိုး၌ အကျိုးပေးနိုင်သော ကုသိုလ်ကံရှိသော်လည်း အကုသိုလ်ဥပပီဠက ကံ၏ တားမြစ်နှိပ်စက်မှုကြောင့် ယုတ်ညံ့သော အမျိုး၌ အကျိုးပေးရခြင်း၊ အသက်ရှည်၍ ဥစ္စာကြွယ်ဝချမ်းသာသော အမျိုး၌ အကျိုးပေးနိုင်သောကုသိုလ်ကံရှိသော်လည်း အကုသိုလ် ဥပပီဠကကံ၏ တားမြစ်နှိပ်စက်မှုကြောင့် အသက်တို၍ စည်းစိမ်ဥစ္စာနည်းပါးသောအမျိုး၌ ဖြစ်ရခြင်း စသည်တို့ကား အကုသိုလ်ဥပပီဠကကံက တပါးသော ကုသိုလ်ကံကို တားမြစ်နှိပ်စက်ခြင်းဖြစ်သည်။ (အံ၊ဋ္ဌ၊၂၊၁၀၉။ ပရမတ္ထဒီပနီ။) အကုသိုလ် ဥပပီဠကကံက တပါးသော ကုသိုလ်ကံကို တားမြစ်ရာ၌ သုနက္ခတ္တဝတ္ထုကို ထောက်လေ။ (အံ၊ဋ္ဌ၊၂၊၁၀၉။)

(ခ) ငရဲကြီး ရှစ်ထပ်၌ အကျိုးပေးနိုင်သော အကုသိုလ်ကံရှိသော်လည်း နောက် နောက်က ပြုခဲ့သော အားကြီးသော ကုသိုလ်ဥပပီဠကကံ၏ တားမြစ် နှိပ်စက်မှုကြောင့် ဥဿဒငရဲတို့၌၎င်း, တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ အသူရကာယ်ဘုံတို့၌၎င်း အကျိုးပေးရခြင်း။ (ပရမတ္ထဒီပနီ။) အနှစ်ငါးဆယ် ပတ်လုံး ခိုးသူတို့ကို သတ်မှု အကုသိုလ်ကံကိုလွန်ကျူးခဲ့သော်လည်း ရှင်သာရိပုတ္တရာအား နို့ဆွမ်းကိုလှူဒါန်းခြင်း ကုသိုလ်ဥပပီဠကကံ၏တားမြစ် နှိပ်စက်မှုကြောင့် ဝါတကာဠက ခိုးသူသတ် ယောကျ်ား၏ တာဝတိံသာ နတ်ပြည်၌ ဖြစ်ရခြင်း (အံ၊ဋ္ဌ၊၂၊၁၀၉) စသည်တို့သည် ကုသိုလ် ဥပပီဠကကံက တပါးသော အကုသိုလ်ကံကို တားမြစ်နှိပ်စက်ခြင်း ဖြစ်သည်။

ကံတပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို တားမြစ်ရာ၌ ကုသိုလ်ဇနကကံကြောင့် လူ့ ခန္ဓာကို ရရှိပြီးသော်လည်း ပဝတ္တိအခါ၌ အကုသိုလ် ဥပပီဠကကံ၏ နှိပ်စက်မှုကြောင့် အနာရောဂါထူပြောခြင်း, စည်းစိမ်ဥစ္စာပျက်စီးခြင်း ရာထူးဌာနန္တရလျှောကျခြင်း စသည်သည် ကံတပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကို အကုသိုလ် ဥပပီဠကကံက တားမြစ် နှိပ်စက်ခြင်းမည်၏။ (ပရမတ္ထဒီပနီ။) အကုသိုလ် ဥပပီဠကကံက ကံတပါးကြောင့်ရသော ခန္ဓာ အစဉ်၏ (နိဿန္ဒဖလ)အကျိုးဆက်ကိုလည်း တားမြစ် နှိပ်စက်နိုင်သည်။ (မ၊ဋ္ဌ၊၄၊၁၇၈။) ဥပပီဠကကံက ကံတပါးကို နှိပ်စက်သည်၊ ဥပတ္ထမ္ဘကကံက ကံတပါးကို ကူညီထောက်ပံ့သည်၊ နှိပ်စက်မှုကိုခံရလျှင် မိမိရှိရင်းအစွမ်း သတ္တိဆုတ်ယုတ်၏၊ ကူညီထောက်ပံ့မှုကို ခံရလျှင် မိမိရှိရင်း အစွမ်းသတ္တိ တိုးတက်၏။ (သံခိပ်၊ဋီ၊၉၀။) [၂]

ကိုးကား ပြင်ဆင်ရန်

  1. တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း-၂
  2. တိပိဋကအဘိဓာန် အတွဲ-၅