အမှု—တရားစွဲမှု။

အမှုသည်—ထုလ္လနန္ဒာ။


ဘဏ္ဍာတိုက်နှင့် စပ်၍ ငြင်းခုံခြင်း ပြင်ဆင်ရန်

ဥပါသကာ တစ်ယောက်သည် ဘိက္ခုနီ သံဃာအား ဘဏ္ဍာတိုက်တစ်ခုကို လူပြီးနောက် မကြာမီကွယ်လွန်သွား၏၊ ကျန်ရစ်သော သား ၂-ယောက်တို့တွင် တစ်ယောက်သည် သဒ္ဓါတရားကောင်း၍ တစ်ယောက်ကား သဒ္ဓါတရားမရှိ၊ ညီအစ်ကို ၂-ယောက် အမွေခွဲကြသောအခါ သဒ္ဓါတရားမရှိသူက “ဘဏ္ဍာတိုက်ကိုလဲ အမွေခွဲကြစို့”ဟုပြော၏၊ သဒ္ဓါရှိသူက “ဒီလိုမပြောပါနှင့်, ဘိက္ခုနီသံဃာအား လှူခဲ့ပြီးဖြစ်တယ်” ဟု ပြော၏၊ သဒ္ဓါမရှိသူသည် နောက်တစ်ကြိမ် ပြောပြန်၏၊ သဒ္ဓါကောင်းသူကလည်း ရှေးနည်းအတိုင်း တားမြစ်၏။

ထို့နောက်တစ်ကြိမ်ထပ်၍(၃-ကြိမ်တိုင်တိုင်)ပြောသောအခါ သဒ္ဓါကောင်း သူက “ငါရလျှင်လဲ ငါကဘဲ ပြန်လှူမည်”ဟု ကြံ၍ “ခွဲဝေတာပါ”ဟု ပြောလိုက်၏၊ အမွေဝေသောအခါ ထိုဘဏ္ဍာတိုက်သည် သဒ္ဓါမရှိသူဘက်မှာ မဲကျလေ၏၊ ထိုအခါ သဒ္ဓါမရှိသူက လာ၍ နေထိုင်ကြသော ဘိက္ခုနီတို့ကို နှင်လေတော့၏၊ ထုလ္လနန္ဒာသည် “အမောင်, ဒီလိုမနှင်ပါနှင့်၊ သင်၏အဘက ဘိက္ခုနီသံဃာအား လှူခဲ့ပြီးဖြစ်ပါတယ်” ဟုပြော၍ “လှူတယ်, မလှူဘူး” အငြင်းအခုန်ဖြစ်ကာ တရားသူကြီးများထံ (မည်သူ့ဟာ ဖြစ်သင့်သလဲဟု) မေးမြန်းကြလေသည်။ [၁]

တရားသူကြီး။ ။ ဒီဘဏ္ဍာတိုက်ကို ဘိက္ခုနီသံဃာအား လှူကြောင်း အသိသက်သေဘယ်သူရှိပါသလဲ။

ထုလ္လနန္ဒာ။ ။ တစုံတစ်ခု လှူတွဲအခါ အသိသက်သေထား၍ လူတယ်လို့ အသင်တရားသူကြီးများ မြင်ဘူးကြားဘူးပါသလား။

တရားသူကြီး။ ။ အရှင်မပြောတာ ဟုတ်တယ် (အသိသက်သေထား၍ လှူတယ်လို့ မရှိခဲ့ဘူး) ဟု သဘောပေါက်၍ ထိုဘဏ္ဍာတိုက်ကို ဘိက္ခုနီသံဃာပိုင်ဟု ဆုံးဖြတ်လိုက်ကြလေသည်။ [၁]

ဒဏ်တပ်ခံရပုံ ပြင်ဆင်ရန်

ထိုအခါ တရားရှုံးသော ထိုယောက်ျားသည် (နဂိုကပင် သဒ္ဓါတရား မရှိတဲ့အပေါ်မှာသာ၍ မကြည်ညိုသောကြောင့်)–ဒီကတုံးမတွေဟာ သမဏီ = ရဟန်းမ အကောင်းတွေ မဟုတ်ကြဘူး၊ ယောက်ျားတွေကို နှောင်ဖွဲ့တတ်သော (ဗန္ဓကီ = လင်ငယ်နေသော) အကောင်မတွေ” ဟုဆဲရေးရှုတ်ချသောကြောင့် ထုလ္လနန္ဒာသည် တရားသူကြီးများကို တိုင်လေရာ တရားသူကြီးတို့က ထိုသူ့ကို ဒဏ်တပ်ကြလေသည်။ [၁]

အာဇီဝကတွေ့နှင့် တိုက်ပေးပုံ ပြင်ဆင်ရန်

ထိုသို့ဒဏ်တပ်ခံရသောအခါ ထိုယောက်ျားသည် ဘိက္ခုနီ ကျောင်းတိုက်အနီးဝယ် အာဇီဝက (တိတ္ထိ)တို့၏ ကျောင်းကိုဆောက်၍ သူ့ ကျောင်းထိုင်သော အာဇီဝကတို့ကို “ကိုယ်တော်တို့လာကြ, ဘိက္ခုနီတွေကို ဆဲကြ”ဟု တိုက်တွန်းလေသည်၊ ထုလ္လနန္ဒာသည် ထို(အာဇီဝကတို့နှင့် ရန်တိုက်ပေးတဲ့) အကြောင်းကိုလည်း တရားသူကြီးတို့အား တိုင်ပြန်လေရာ, ထိုယောက်ျားကို ဖမ်းဆီး ချုပ်နှောင်ကြလေသည်။ [၁]

သိက္ခာပုဒ် ပညတ်ရခြင်း ပြင်ဆင်ရန်

(အကြောင်းမှန်မသိသူ) လူအများက “ဘိက္ခုနီတို့သည် ပထမအကြိမ် ဘဏ္ဍာတိုက်ကို တရားသူကြီးတို့အား အတင်းယူစေကြတယ်, ဒုတိယအကြိမ် ဒဏ်တပ်စေကြတယ်, ယခုတတိယအကြိမ် ဖမ်းဆီးချုပ်နှောင်စေကြ၊တယ်, နောက်တစ်ကြိမ်ဆိုလျှင် အသတ်ခိုင်းကြတော့မှာဘဲ”ဟု ကဲ့ရဲ့ကြသည်ကို ဘိက္ခုနီများကြားသဖြင့် ဘိက္ခုတို့အား လျှောက်ထားရာ, ဘိက္ခုတို့ကတဆင့် ဘုရားရှင်အား လျှောက်ထားသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယာ ပန ဘိက္ခုနီ ဥဿယဝါဒိကာ ဝိဟရေယျ ဂဟပတိနာ ဝါ ဂဟပတိပုတ္တေန ဝါ ဒါသေန ဝါ ကမ္မကာရေန ဝါ အန္တမသော သမဏပရိဗ္ဗာဇကေနာပိ, အယမ္ပိ ဘိက္ခုနီ ပဌမာပတ္တိကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင်ဘိက္ခုနီသည် (အိမ်ပိုင်ရာပိုင်ရှိသော) အိမ်ရှင်ယောက်ျား, အိမ်ရှင် ယောက်ျား၏သား (ညီအစ်ကို), ကျွန်, အလုပ်သမား, အောက်ထစ်ဆုံးရဟန်း ပရိဗိုဇ်, ဤသူများနှင့် အငြင်းအခုံဖြစ်ပွား၍ တရားတွေ့အံ့၊ ထိုဘိက္ခုနီသည် ပထမလွန်ကျူး ဆဲခဏ၌ သင့်ရောက်အပ်သော တရားသူကြီးတို့ ဆုံးဖြတ်ပြီးသည်နှင့် တပြိုင်နက် သင့်ရောက်အပ်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။ [၁]

မှတ်ချက် ပြင်ဆင်ရန်

[ဤအာပတ်သည် ၃-ကြိမ်တိုင်တိုင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမပြီးသည့် အခါမှ သင့်ရောက်ရသော အာပတ်မဟုတ်, ပထမလွန်ကျူးဆဲခဏ၌ပင် သင့်ရောက်အပ်သော အာပတ်ဖြစ်သည်။ ဤအာပတ်သင့်၍၊ မာနတ်ကျင့် နေရသည့်အခါ ထိုကျင့်ဝတ်များကို ကျင့်နေခိုက်၌ သံဃာမှနှင်ထုတ်ထားရာ ရောက်သောကြောင့် သံဃာမှ နှင်ထုတ်ကြောင်းအာပတ်” ဟု ဆိုသည်။][၁]

အာပတ်အမျိုးမျိုး ပြင်ဆင်ရန်

တရားစွဲမည်ဟုကြံ၍ သက်သေဖြစ်စေ, အဖော်ဖြစ်စေ ရှာလျှင်လည်းကောင်း, တရားရုံး-တရားသူကြီးထံ သွားလျှင်လည်းကောင်း, ခြေလှမ်းတိုင်း ဒုက္ကဋ်အာပတ်များစွာသင့်၏၊ တရားလို တရားခံ ၂-ဦးတွင် တစ်ဦးဉီး၏ (ပြောလိုသော)စကားကို တရားသူကြီးအား ပြောလျှင် ဒုက္ကဋ်အာပတ် သင့်၏၊ ထို့နောက်အခြား တစ်ဦး၏ ပြောလိုသောစကားကို တရားသူကြီးအား ပြောလျှင် ဘိက္ခုနီမှာ ထုလ္လစ္စဉ်းအာပတ်သင့်၏။ တရားသူကြီးတို့ ဆုံးဖြတ်ပြီးသောအခါ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ-ဘိက္ခုနီမှာ သံဃာဒိသေသ် အာပတ်သင့်၏။ [၁]

တရားခံဖြစ်လျှင် အာပတ်မသင့် ပြင်ဆင်ရန်

ဘိက္ခုနီက တရားမစွဲဘဲ လူဝတ်ကြောင်က ဘိက္ခုနီအား တရားစွဲရာ၌ တရားခံအဖြစ်ဖြင့် ခေါ်ယူ၍သွားရရာ၌ကား သွားခြင်းကြောင့်လည်းကောင်း, မှန်ကန်သောစကားကို ပြောခြင်းကြောင့်လည်းကောင်း, အာပတ်မသင့်၊ တရားပြီးဆုံးသောအခါ၌လည်း မိမိအနိုင်ရစေကာမူ အာပတ်မသင့်။ [၁]

အစောင့်အရှောက်တောင်းခြင်း ပြင်ဆင်ရန်

မိမိတို့ ကျောင်းအနီး၌ ရွာသားကလေးများ သေသောက်ကြူးများ ခိုးသူများက မတော်မလျော်ပြုလုပ်ကြသော်လည်းကောင်း, ကျောင်းနှင့်သက်ဆိုင်သော သစ်ပင်များကို ခုတ်ဖြတ်ကြသော်လည်းကောင်း, သစ်သီးများကို ဆွတ်ခူးကြသော်လည်းကောင်း, သပိတ်သင်္ကန်းစသည်ကို ခိုးသွားကြသော်လည်းကောင်း, ဆိုင်ရာအစိုးရအားပြောပြ၍ အစောင့်အရှောက်တောင်းခွင့်ရှိ၏၊ (တရားမစွဲကောင်းး) ထိုသို့အစောင့်အရှောက်တောင်းရာ၌ လွန်ခဲ့ပြီးသော အမှုအတွက်ဖြစ်စေ အနာဂတ်၌ မပြုကြဖို့ဖြစ်စေ ပြစ်မှုရှိသူ (သို့မဟုတ် လွန်ကျူးတတ်သူ)တို့၏ နာမည်ကို ထုတ်ဖေါ်၍ မပြောရ၊ ထုတ်ဖေါ်ပြောသည့်အတွက် ထိုသူတို့ကိုဖမ်း၍ ဒဏ်တပ်လျှင် ဘိက္ခုနီမှာ ဘဏ္ဍာစားထိုက်၏၊ (၁၀-တပ်လျှင် ထိုတစ်ဆယ်ကို ဘိက္ခုနီက ထိုအမှုသည်အား အစားပေးရမည်-ဟူလို၊) ဒဏ်တပ်တော့မှာဘဲဟု သိသော်လည်း ဘိက္ခုနီမှာ ဘဏ္ဍာစားသာထိုက်၏၊ မည်သူမည်ဝါဟာ ဘိက္ခုနီများကို အနှောင့်အရှက်ပေးနေသည်, သို့မဟုတ် ပေးလိမ့်မည့် သူတို့ကို ဒဏ်တပ်ပါဟု တိုက်ရိုက်ခိုင်းလျှင်ကား ၅-ပဲလောက် ဒဏ်တပ်လျှင်ပင် ဘိက္ခုနီမှာ ပါရာဇိက ကျတော့၏။

ဆိုင်ရာအစိုးရက “အရှင်တို့အား နှောင့်ရှက်သူဆိုတာ သူပါလဲ”ဟု မေးလျှင် “ဘယ်သူဘယ်ဝါဟု ငါတို့မပြောကောင်း, သင်တို့ဘာသာ သိကြလိမ့်မပေါ့၊ ငါတို့တော့ အစောင့်အရှောက်ကိုသာ တောင်းတာဘဲ၊ ခိုးသွားတဲ့ ပစ္စည်းကိုလဲ ပြန်ရအောင် လုပ်ပေးကြပါ”ဟု ပြောရမည်၊ ဤသို့နာမည်ကို ထုတ်ဖေါ်မပြောဘဲ အစောင့်အရှောက်ကိုသာ တောင်းကောင်း၏၊ ထိုသို့ နာမည်မပြောဘဲ အစောင့်အရှောက်ကိုသာ တောင်းရာ၌ ဆိုင်ရာအစိုးရ ဘာသာပြုလုပ်သူကို ဖွေရှာ၍ ဒဏ်တပ်လျှင် (ထိုသူ့ဥစ္စာကို အကုန်သိမ်းသော်လည်း) ဘိက္ခုနီမှာ လုံးဝအပြစ်မရှိ။

သပိတ်သင်္ကန်းခိုးနေသည်ကို မြင်၍ (သူ့ကိုဖမ်းပြီး ဒဏ်တပ်ပါစေ-ဟူသော စေတနာဖြင့်) “သူခိုး = သူခိုး” ဟူ၍ မအော်ကောင်း၊ ထိုသို့ အော်သောကြောင့် ဆိုင်ရာက လိုက်ဖမ်း၍ ဒဏ်တပ်လျှင် အော်သူမှာ ဘဏ္ဍာစားထိုက်၏၊ ဆိုင်ရာအစိုးရသည် မိမိစကားကို ဧကန်နားထောင်မည့်သူ ဖြစ်လျှင် “မည်သူဟာ ငါ၏ပရိက္ခရာကို ခိုးသွားသည်၊ ပြန်ရအောင် လုပ်ပေးပါ, ဒဏ်တော့ မတပ်ပါနှင့်”ဟု နာမည်ကို ထုတ်ဖေါ်ပြောဆိုမှုသည်လည်း ပြောကောင်း၏-ဟု အဋ္ဌကထာ၌ ခြွင်းချက်ဆို၏။ ဤပြခဲ့သော စကား အားလုံးသည် ဘိက္ခုနီများနှင့်သာမက, ဘိက္ခုများနှင့်လည်း သက်ဆိုင်၏။ [“ယောစာယံ ဘိက္ခုနီနံ ဝုတ္တော, ဘိက္ခုနီပိ ဧသေဝနယော”- အဋ္ဌကထာ။] [၁]

မှတ်ချက် ပြင်ဆင်ရန်

ဤသိက္ခာပုဒ်၌ ထုလ္လနန္ဒာ၏ တရားစွဲမှုသည် အမှန်ဘက်ကစွဲမှုဖြစ်၏၊ ထိုအမှန်တရားကိုသော်လည်း လူဝတ်ကြောင်-သာသနာပရသေ့ပရိဗိုဇ်များနှင့်မပြုရ၊ မိမိကို နှိပ်စက်သော်လည်းကောင်း, မိမိ၏, သို့မဟုတ် သံဃာ၏ ပစ္စည်းတစုံတရာကို မတရားယူထားသော်လည်းကောင်း, ကာကွယ်ပေးရန်, ပြန်ရအောင် ပြုလုပ်ပေးရန် တိုင်တန်းမှုကိုသာ ပြုရသည်၊ တရားမစွဲရ၊ ဘိက္ခုများလည်း ဤအတိုင်း လိုက်နာရမည်။ ဘိက္ခု -ဘိက္ခုနီစသော သီတင်း သုံးဖော် အချင်းချင်း အငြင်းအခုန် ဖြစ်ရာကား (အဓိကရဏ သမထ ခန္ဓက၌ လာသည့်အတိုင်း) ဝိနည်းဓိုရ်ရဟန်းတော်များထံ အဆုံးအဖြတ် ခံရမည်၊ ထိုသို့ ဆုံးဖြတ်၍ မနာခံရာ၌ကား ပစ္စည်းမှု မဟုတ်လျှင် သူ့ထိုက်နှင့် သူကံ ထားရုံသာ၊ ပစ္စည်းမှုကို မတရားယူထားရာ၌ကား အာဏာပိုင်သူများထံ တရားမစွဲဘဲ အကူအညီကို တရားသဖြင့် တောင်းနိုင်စရာ ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး