ဗေဒင်ဆရာသည် လူ၏ ဇာတာကို ကြည့်၍ ဗေဒင်ဟောသည်။ အင်္ဂဝိဇ္ဇာဆရာသည် လူ၏ အင်္ဂါရုပ်ကို ကြည့်၍ ဟောသည်။ လက္ခဏာဆရာသည် လူ၏ လက်ကို ကြည့်၍ ဟောသည်။ ထိုကဲ့သို့ ဟောကြားနိုင်ကြရာတွင် လူဦးခေါင်းတွင် ပေါ်ထွက်နေသော အဖုများကို ကြည့်၍ ထိုသူ၏ ဉာဏ်ပညာနှင့် အကျင့်စာရိတ္တကို ဟောသော အတတ်ကိုလည်း ထူးဆန်းစွာ ကြံဆလာကြလေသည်။ ဤအတတ်ကို ဦးခေါင်း အမှတ်ပညာဟု ခေါ်သည်။

ထိုအတတ်ပညာကို ပထမဆုံး ကြံဆတီထွင်သူမှာ ဂျာမန်ဆေးဆရာကြီး ဖရန့်ဂျိုးဇက်ဂေါ (၁၇၅၈-၁၈၂၈) ဖြစ် သည်။ ၁၈ဝ၇ ခုနှစ် ပြင်သစ်နိုင်ငံနပိုလီယန်အာဏာသိမ်း၍ အထွတ်အထိပ်သို့ ရောက်နေစဉ် ဂေါသည် သူ၏ပစ္စည်းများနှင့် ဆေးကရိယာများကိုပိုက်၍ ပဲရစ်မြို့တော်သို့ ထွက်လာလေသည်။ ထွက်လာသည့် အကြောင်းမှာ ပဲရစ်မြို့သည် ထိုအချိန်က အတတ်ပညာပေါင်းစုံတို့ ပေါ်ထွန်း၍ ထင်ရှားသော ဗဟို ဌာနချုပ် ဖြစ်ခဲ့လေရာ ဂေါသည် နှစ်ပေါင်းများစွာ ကြံဆ လေ့လာ၍ တွေ့ရှိခဲ့ရသော သူ၏ သိပ္ပံပညာသစ်တစ်ခုကို သင်ကြားပေးမည်ဟူသော ရည်ရွယ်ချက် ရှိသောကြောင့်ဖြစ်သည်။

ငယ်ရွယ်စဉ်အခါကပင် ဂေါသည် လူများ၏ ဦးခေါင်း နေပုံ သဏ္ဌာန်အမျိုးမျိုးကို လေ့လာခဲ့သည်။ သူ့မိတ်ဆွေများ၏ ဦးခေါင်းသဏ္ဌာန်ကို လေ့လာဖူးသည်။ အကျဉ်းထောင်များ၊ အရူးထောင်များသို့လည်း သွားရောက်၍ သူခိုးဓားပြ၊ သူသတ်သမား၊ အောက်တန်းစား လူအမျိုးမျိုးတို့နှင့်ပေါင်းသင်းကာ သူတို့၏ဦးခေါင်းများကို လေ့လာကြည့်ရှုသည်။ ထိုသို့ လေ့လာရာ၌ လူအမျိုးမျိုးတို့၏ ဦးခေါင်းတွင် အမျိုးမျိုး အစားစား ကွဲပြားသော အဖုအထစ်များ ရှိသည်ကို တွေ့ရလေသည်။

ဂေါသည် သူလေ့လာတွေ့ရှိရသော အချက်များကိုအခြေခံ ထားကာ စိတ်လှုပ်ရှားမှုများသည် ဦးနှောက်နှင့် နီးကပ်စွာ ဆက်စပ်နေသည်ဟူသော အယူအဆသစ်တစ်ခုကို ထုတ်ဖော်လေသည်။ ဂေါသည် ဦးနှောက်ကို ၂၆ ခန်းတိတိ ခွဲခြား၍ တစ်ခန်းတစ်ခန်းလျှင် စွမ်းရည်သတ္တိတစ်ခုခု၊ သို့မဟုတ် စိတ် သဘောထား တစ်မျိုးမျိုးရှိသည်ဟု ဆိုလေသည်။ လူ၏ ဦးခေါင်း၌ တွေ့ရှိရသော အဖုအထစ်များမှာ ထို စွမ်းရည်သတ္တိ၊ သို့မဟုတ် စိတ်သဘောထား တစ်မျိုးမျိုးကို သိုလှောင်ထားသော ဦးနှောက်ခန်းများဟု ယူဆလေသည်။ သို့ဖြစ်လေရာ ဦးခေါင်း ကို တိုင်းတာပြီးလျှင် ဦးခေါင်း၌ရှိသော အဖုအထစ်များ အပိန် အချိုင့်များကို ဇယားချ၍တွက်ကြည့်ပါက ထိုသူ၌ စွမ်းရည် သတ္တိအမျိုးမျိုး မည်မျှလောက်ရှိသည်ကို သိရှိနိုင်လေသည်။ သူ၏ အကျင့်စာရိတ္တကိုလည်း သိနိုင်သည်ဟု ဆိုလေသည်။ ထိုသို့ ဂေါထွင်ခဲ့သော သိပ္ပံပညာသစ်ကို ဦးခေါင်းအမှတ်ပညာ ဟု ခေါ်လေသည်။

ပဲရစ်မြို့တွင် ဂေါ၏ပညာကို ယုံကြည်လိုက်စားကြသူ များမှာ မနည်းပေ။ သူ၏အယူအဆများကို မယုံကြည်ဘဲ ရှုတ်ချ ပြောဆိုသူများစွာလည်း ရှိသည်။ နောက်ဆရာတို့သည် ဂေါ အခြေခံထွင်ခဲ့သော နည်းစနစ်ကို ချဲ့ထွင်လာခဲ့ရာ ဦးခေါင်းဖုများမှ စွမ်းရည်သတ္တိ ၄၃ မျိုးကို တွေ့ရှိလာကြသည်။ ဂေါ၏ နောက်လိုက်တပည့်များထဲတွင် ထင်ရှားသူများ ကား ယိုဟန်းစပါဇိုင်း နှင့် ဂျော့ကုမ်းတို့ ဖြစ်ကြ၏။ ထိုပညာ လေ့လာလိုက်စားကြသူများသည် စာအုပ်စာတမ်း မြောက်မြားစွာကို ရေးသားထားခဲ့ကြ၏။

ယခုအခါ ဦးနှောက်၏ တစိတ်တဒေသသည် စွမ်းရည် သတ္တိမျိုးအချို့နှင့် ဆက်စပ်ကြောင်းကို လက်ခံသော်လည်း လူ၏ အကျင့်စာရိတ္တနှင့် ဉာဏ်စွမ်းကို ဦးခေါင်းဖုများက ဖော်ပြသည်ဟူသည်နှင့် စပ်လျဉ်း၍ကား လုံလောက်သော သက်သေ အထောက်အထား တစ်ခုမျှ မရရှိသေးချေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)