ဉာဏ်ပညာ
ဉာဏ-ပုဒ်သည် အသိဉာဏ်ဟူသောအနက် သာမညကို ဟောလင့်ကစား ထိုထိုအရာဋ္ဌာန အားလျော်စွာ သဗ္ဗညုတဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ ဝိပဿနာဉာဏ် စသည်တို့ကို အသီးသီး ကောက်ယူရသည်။[၁]
ဉာန, ဉာဏ ဏကြီး နငယ်ရေးထုံး
ပြင်ဆင်ရန်ဉာဏ, ဝိညာဏ-ပုဒ်တို့ကား သက္ကတဥပဒေမရှိသော်လည်း မာဂဓ၌ တွင်ကျယ်ထင်ရှား၍ (နျာသ ရူပသိဒ္ဓိ)ဆရာကြီး ၂-ပါးပင် မိန့်ဆိုလျက်ရှိချေပြီ၊ ဉာဏ ဝိညာဏ ဟု ရေးမှ အမှန်ဖြစ်၍ နေတော့သည်၊ သက္ကတ ဥပဒေကိုလိုက်သော ဆရာကြီးတို့ကား ဉာသ် ရူပသိဒ္ဓိအာဏာကို မလွန်ဆန်ဝံ့၍ ထို၂-ပုဒ်မှ ကြွင်းသော သညာန, ပညာန-စသည်တို့မှာ နငယ်နှင့်သင့်သည်ဟု ဆုံး ဖြတ်ကြကုန်၏။ ဝိသုဒ္ဓါရုံ ကစ္စည်း သုတ်နက်၊ ရဟာဒိတောဏသုတ်အဖွင့်။ သက္ကတ၌ ဏကြီးပြန်ကြောင်းမရှိ၊ ဉာသ်, ရူပသိဒ္ဓိတို့က ဉာဓာတ်နောင် နငယ်၏ ဏကြီးပြန် ဥပဒေပြုကြ၏၊ ဏကြီးပြန် စည်းမျဉ်းစာရင်းမဝင်သော်လည်း ကျမ်းပြုဆရာတော်ကြီးများကို လေးစား ရိုသေသောအားဖြင့် သုဒ္ဓ၌ ဉာဏဟု မုဒ္ဓဇနှင့် သုံးကြ၍ သာဓု ပညာနဝါ နရော၊ သညာန, အဘိညာန စသော ပါဠိမိဿက၌ကား ဒန္တဇနှင့်ပင် သုံးစွဲတော်မူကြ၏။ အမှန်မှာ သုဒ္ဓဖြစ်စေ မိဿကဖြစ်စေ ဒန္တဇနှင့်သာ သင့်ပေသည်။ (ဝိ၊ပိ၊ဓာန်။) [၁]
ဉာဏ်၏ အနက်များ
ပြင်ဆင်ရန်(၁) ဉာဏ်၊ ဝေဖန်-ပိုင်းခြား စဉ်းစား ဆင်ခြင်-သိမြင်-တတ်သော သဘောတရား၊ သိခြင်း၊ သိမှု၊ အသိ၊ အလိမ်မာ၊ ပညာ၊ ပညိန္ဒြေ စေတသိက်။ (တိ)
(၂) ဝေဖန်-ပိုင်းခြား-စဉ်းစား ဆင်ခြင်-သိမြင်-တတ်သော၊ အသိ-အလိမ်မာ-ဉာဏ်-ပညာ-ရှိသော၊ သူ။[၁]
ဉာဏ်၏ အဓိပ္ပာယ်များ
ပြင်ဆင်ရန်ဉာဏ်သည် အကျိုးမှန်သမျှကို အကျိုးအနေဖြင့်၎င်း အကြောင်းမှန်သမျှကို အကြောင်း အနေဖြင့်၎င်းဟုတ်မှန်သော သဘောအတိုင်း ဖောက်ထွင်း သိမြင်နိုင်သည့် ပြင် ခက်ခဲနက်နဲလှသည့် သစ္စာ၄-ပါး မြတ်တရားကိုပင် ပိုင်းခြားထင်ထင် သိမြင်နိုင်စွမ်းပင် ဖြစ်သည်။ [၂] ဉာဏ်နှင့်ပညာသည် အတူတူပင်ဖြစ်၍ စေတသိက် ၅၂-ပါးတွင် ပညိန္ဒြေ စေတသိက်ဖြစ်သည်။ သဗ္ဗညုဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်မှတပါး အခြားပုဂ္ဂိုလ်တို့၏ဉာဏ်သည် အကြွင်းမဲ့ အကုန်အစင် မသိမြင်နိုင်၊ သိသင့်သိထိုက်သည့် အနိစ္စ, ဒုက္ခ, အနတ္တစသော သဘောတရားကိုသာ သိမြင်နိုင်၍ မသင်ယူဖူးသော အတတ်ပညာ, မရောက်ဘူးသော အရပ်ဒေသ မကြားဖူးသောပုဂ္ဂိုလ်၏ အမည်ပညတ်စသည်တို့ကိုကား မသိနိုင်ပေ၊ သဗ္ဗညုတဉာဏ်တော်ကား ထိုအလုံးစုံကို အကုန်အစင် သိမြင်နိုင်သည် [၃] [၁]
ဉာဏ်၏ တည်နေရာ
ပြင်ဆင်ရန်ဉာဏ်သည် (လူသား) သတ္တဝါတို့၏ သားမြတ် ၂-ခုအလယ် နှလုံးအိမ်၏ အတွင်း ပုန်းညက်စေ ခန့်နက်သော တွင်း၌ရှိသည့် တလက်ဖက် (တလက်ဆွမ်း)၏ ထက်ဝက်မျှသော နှလုံးသွေးကိုမှီ၍ ဖြစ်သည်။ [၁]
ဉာဏ်၏ လက္ခဏ, ရသစသည်
ပြင်ဆင်ရန်ဆီမီးသည် အမိုက်မှောင်အတွင်းဝယ် ကွယ်ကာဖုံး လွှမ်းနေသည့် အာရုံဝတ္ထုအစုစုကို တစ်ခုမကျန် ဖော်လှန်ပြသကဲ့သို့ ဉာဏ်သည် အဝိဇ္ဇာ အမှောင်က ကွယ်ကာထားသည့် သမ္မုတိ, ပရမတ္ထ, အဝဝသောအာရုံတို့ကို စေ့စုံသေချာ ထွန်းလင်း ပြသခြင်း ဟူသော အမှတ် လက္ခဏာ ရှိသည်၊
ထို့ပြင် ထူးထွေ ခြားနား အစားစားအားဖြင့် သိမြင်ခြင်းလက္ခဏာ မဖောက်မပြန် အမှန်အတိုင်း ထိုးထွင်းသိမြင် ခြင်းလက္ခဏာ ချွတ်ယွင်းမရှိ အတိအကျ ဂနသေချာ ဖောက်ထွင်းနိုင်ခြင်း လက္ခဏာလည်း ရှိသည်၊ အာရုံဝတ္ထု အစုစုကို ဖုံးလှမ်းကွယ်ကာတတ်သည့် အဝိဇ္ဇာ မောဟကိုတော်လှန်ပယ်ရှား၍ အာရုံ၏ သဘောမှန်ကို ထွန်းလင်းပြသခြင်းဟူသော ကိစ္စရသရှိသည်၊
အာရုံကို မတွေမဝေ သိတဘ်သောတရား၏အဖြစ်ဖြင့် ရှေးရှူထင်လာမှု အခြင်းအရာ အာကာရပစ္စုပဋ္ဌာန် ရှိသည်၊
ထို့ပြင် တွေဝေမှု၏ ကင်းပျောက်ခြင်း ဟူသော အကျိုး ဖလပစ္စုပဋ္ဌာန်လည်း ရှိသည်၊ စိတ်တည်ကြည်မှု သမာဓိဟူသော နီးစွာသောအကြောင်း ပဒဋ္ဌာန်ရှိသည် [၄] [၁]
သညာသိ ဝိညာဉ်သိ ပညာသိ သုံးခုအထူး
ပြင်ဆင်ရန်သညာ, ဝိညာဉ်, ပညာတို့သည် သိခြင်း သဘောတရားချည်း ဖြစ်ကြသော်လည်း ယင်းတို့၏ သိပုံအခြင်းအရာကား တပါးနှင့် တပါး မတူညီကြပေ။
သညာသည် အာရုံကို အညိုအရွှေစသည်ဖြင့် အမှတ်ပြုကာ သိသည်။ ယင်းအာရုံ၏ အနိစ္စ, ဒုက္ခ, အနတ္တဟူသော သဘောမှန်ကိုကား ဝေဖန်ဖောက်ထွင်းနိုင်ခြင်း မရှိချေ။
ဝိညာဉ်သည် အာရုံကို အညို အရွှေစသည်ဖြင့် အမှတ်ပြုကာသိနိုင်သည့်ပြင် အနိစ္စ, ဒုက္ခ, အနတ္တဟူသောသဘောမှန်ကိုပါ ဝေဖန်ဖောက်ထွင်းနိုင်သည်၊ သို့သော် မဂ်ပေါက် ဖိုလ်ဝင်ဖြစ်စေခြင်းငှာ မစွမ်းနိုင်။
ပညာသည် ဖော်ပြပြီး ကိစ္စ ၃-မျိုးပြီးအောင် သိမြင် နိုင်စွမ်းသည်။
ဥပမာဆိုသော် ရွှေအသပြာတစ်ခုကို အသိဉာဏ် မဝင်သေးသည့် ကလေးသူငယ်, ပန်းထိမ်ပညာမတတ်သည့် ရွာနေလူကြီးနှင့် ကျွမ်းကျင်လိမ်မာသော ပန်းထိမ်ဆရာ ဤ ၃-ဦးသားတို့ ကြည့်ရှုကြရာ အသိအမြင်ချင်း မတူကြပေ၊ ကလေးသူငယ်သည် ရွှေအသပြာ၏ အညို အရွှေ စသော အရောင် အဝိုင်း လေးထောင့် စသော သဏ္ဌာန်နှင့် ရှုချင်စဖွယ် ဆန်းကြယ်မှု စသည်ကိုသာ သိမြင်သည်။ လူတို့၏ အတွင်း အပ ဌာနအလိုက် သုံးဆောင်ထိုက်သော ရတနာ ဖြစ်ကြောင်းကိုကား မသိပေ၊
ရွာနေသူ လူကြီးသည် ဆိုခဲ့ပြီး ၂-မျိုးလုံးကို သိမြင်သည်။ သို့သော် ရွှေအသပြာ၏ အစစ်အမှန်ဟုတ်, မဟုတ်နှင့် မည်သည့်မြို့ရွာ နိုင်ငံ၌ ပြုလုပ်ကြောင်း မည်မျှ အဖိုးထိုက်တန်ကြောင်းကိုကား မသိပေ၊
ပန်းထိမ်ဆရာကား ၃-မျိုး လုံးကိုပင် သိမြင်လေသည်။ ဤဥပမာ၌ သူငယ်၏ အသပြာသိမှုနှင့် သညာ၏ အာရုံကို သိမှု၊ လူကြီး၏ အသပြာသိမှုနှင့် ဝိညာဏ်၏ အာရုံကို သိမှုတို့ တူကြ၍ ပန်းထိမ်ဆရာ၏ အသပြာသိမှုနှင့် ပညာ၏အာရုံကို သိမှုတို့ တူညီကြသည် [၅]။ [၁]
ပညာသည် အလင်းရောင်
ပြင်ဆင်ရန်ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြသည့် ဘုရားရှင်တို့၏ အဆုံးအမ သာသနာတော်ကို သီလ, သမာဓိ, ပညာဟူသော သိက္ခာ ၃-ပါး အကျင့်တရားဖြင့် သိမ်ကျုံးယူငင်သော် အလုံးစုံပါဝင်ပြီး ဖြစ်သည် [၆]။
ထိုဘုရားရှင်တို့၏ သာသနာတော်ဝယ် သီလသည်အစ သမာဓိသည် အလယ်ဖြစ်၍ ပညာသည် အဆုံးဖြစ်သည်[၇]။
လောက၌ လရောင် နေရောင် မီးရောင်, ဉာဏ်ပညာ အရောင်ဟူ၍ အရောင်၄-မျိုးရှိရာ ဉာဏ်ပညာအရောင်သည် အကောင်းဆုံး အမြတ်ဆုံးသော အရောင်ဖြစ်သည်[၈]။
ဉာဏ်ပညာနှင့် တူသောအရောင် အလင်းမည်သည် မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဉာဏ်ပညာနှင့် ပြည့်စုံသူ ပုဂ္ဂိုလ်တစ်ဦး၏ တစ်ခုတည်းသော ထက်ဝယ်(တင်ပျဉ်ခွေ)ဖြင့် ထိုင်နေစဉ်အတွင်း တသောင်းသော လောကဓာတ်သည်အခြားသော နေရောင် လရောင် စသည်မထင် ထိုပုဂ္ဂိုလ်၏ တစ်ခုတည်းသော အရောင်ဖြင့် ထွန်းလင်းနိုင်သောကြောင့်ဖြစ်သည်[၉]။
ဝိပဿနာ ဉာဏ်စဉ် ၁၀-ပါးတွင် သမ္မသနဉာဏ်ဖြင့် နာမ်, ရုပ်တရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟု သုံးသပ် ဆင်ခြင်ပြီးနောက် ဥဒယဗ္ဗယဉာဏ်သို့ အရောက်တွင် ယင်းဉာဏ်၏ အစွမ်းကြောင့် ယောဂီပုဂ္ဂိုလ်၏ ခန္ဓာကိုယ်မှ ကိုယ်ရောင် ကိုယ်ဝါတို့ ထွန်းလင်း ထွက်လာကြသည်။ အချို့ ယောဂီအား တင်ပျဉ်ခွေအတွင်း အချို့အချိုယောဂီအား တိုက်ခန်းတွင်း တိုက်ခန်းပြင်မှစ၍ ဗြဟ္မာပြည် တိုင်အောင် ဉာဏ်စွမ်းအားလျော်စွာ ထွန်းလင်း တောက်ပသည်၊ ဘုရားအလောင်းတော်တို့ကိုယ်ရောင်ကား စကြဝဠာ ကမ္ဘာ တသောင်းတိုင်အောင် ထွန်းလင်းတောက်ပနိုင်သည်[၁၀]။
ဂေါတမ ဘုရားရှင်သည် ယင်းသို့ ဥဒယဗ္ဗယဉာဏ်ခဏ၌ ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်းခဲ့သော်လည်း ဘုရားဖြစ်ပြီးနောက် ပလ္လင်္ကသတ္တာဟအနိမိသသတ္တာဟ စင်္ကမသတ္တာဟဟူသော ရက်သတ္တ ၃-ပတ်တိုင်အောင် ကိုယ်တော်မှ ရောင်ခြည်တော်များ ထွက်ပေါ် ကွန်မြူခြင်းမရှိသေးပေ၊ ရတနာဃရသတ္တာဟဟူသော စတုတ္ထသတ္တာဟ၌ အဘိဓမ္မာ ၇ ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူရာ အနန္တနယသမန္တပဋ္ဌာန်းကျမ်းသို့ အရောက်တွင် သဗ္ဗညုတဉာဏ်တော်၏ အစွမ်းကုန် ကျက်စားခွင့်ကိုရသဖြင့် ရောင်ခြည်တော် ၆-ပါးတို့ ထူးခြားစွာ ကွန့်မြူး ထွက်ပေါ်လာကြသည်။ ယင်းရောင်ခြည်တော်တို့ကား အဆုံး မရှိသော စကြဝဠာ ကမ္ဘာလောကဓာတ်တို့ကို ရိုက်ခတ်ပြေးသွားကြလေသည်၊ ထိုအတွင်းရှိ လ, နေ့ နက္ခတ် နတ်ဘုံဗိမာန်-စသည်တို့သည် ထွန်းလင်းတောက်ပခြင်းငှါ မစွမ်းနိုင်ကြပေ။ စကြဝဠကုဋေတသိန်း ထွန်းလင်း တောက်ပစေနိုင်သော ဗြဟ္မာကြီးသည်ပင် နေထွက်စဉ်အခါ ပိုးစုန်းကြူပမာ ဖြစ်ရရှာလေသည်[၁၁]။ [၁]
ပညာရတနာ
ပြင်ဆင်ရန်ဉာဏ်အမြင်ရှိသူသည် အခြားဉာဏ်အမြင် ရှိသူကိုလည်းကောင်း, ဉာဏ်အမြင်မရှိသူကို၎င်း ခွဲခြား သိမြင်နိုင်သည်၊ ဉာဏ်အမြင်မရှိသူကား ခွဲခြား သိမြင်နိုင်ခြင်းမရှိချေ[၁၂]။
ထို့ကြောင့် ဉာဏ်အမြင်မရှိသူသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပေသည်[၁၃]။
ဉာဏ်ပညာသည် မွေ့လျော် ပျော်ရွှင်မှုကို ပြုတတ် ပေးတတ် ဖြစ်စေ တတ်သောကြောင့်လည်းကောင်း, အလေးအမြတ်ပြု အပ်သောကြောင့်၎င်း ခဲယဉ်းစွာ ရယူအပ်သောကြောင့်လည်းကောင်း, အတုမရှိသောကြောင့်၎င်းမြင့်မြတ်သော ပုဂ္ဂိုလ်တို့၏ အသုံး အဆောင်ဖြစ်သောကြောင့်၎င်း သူခပ်သိမ်းတို့ မြတ်နိုးဖွယ်ရာ ရတနာဖြစ်သည်[၁၄]။ [၁]
ပညာသည် ရွှေအိုး
ပြင်ဆင်ရန်လယ်ယာမိုးမြေ, ရွှေ, ငွေစသော သက်မဲ့ အဝိညာဏ ထာဝရရွှေအိုး၊ ဆင် မြင်း ကျွဲနွား စသောသက်ရှိ သဝိညာဏက ဇင်္ဂမရွှေအိုး၊
လယ်ထွန်မှု ကုန်သွယ်မှု ပန်းချီပန်းပု အနုပညာ စာပေကျမ်းဂန်စသည်တို့၌ တတ်သိနားလည်မှုဟူသော အင်္ဂါကြီးငယ်ပမာ တဘဝတွက်တာ သုံးစွဲရာသည့် အင်္ဂသမရွှေအိုး၊
ဒါန သီလ, သမာဓိ, ပညာဟူသော ဘဝသံသရာ ထပ်ချပ်ပါသည့် အနုဂါမိကရွှေအိုးဟူသော ရွှေအိုးကြီး ၄-လုံးတွင် အသိအလိမ်မာ ဉာဏ်ပညာသည် အင်္ဂသမရွှေအိုး အနုဂါမိကရွှေအိုးကြီး ၂-လုံးတွင် ပါဝင်သည်၊ ယင်း ရွှေအိုးကြီး ၂-လုံးကို ခိုးသူတို့ ခိုးယူလုယက်ခြင်းငှါ မစမ်းနိုင်[၁၅]။
အတတ်ပညာသည် ခိုးသူစသည်တို့ မခိုးယူနိုင်သောကြောင့်၎င်း အဖိုးမဖြတ်နိုင်သောကြောင့်၎င်း ပေးကမ်းခြင်းစသည်ဖြင့် မကုန်ခန်းနိုင်သောကြောင့်၎င်း အလုံးစုံသောဥစ္စာတို့တွင် အကောင်းဆုံး အမြတ်ဆုံးသော ဥစ္စာဖြစ်သည် [၁၆]။ [၁]
ပညာသည် အဆင်တန်ဆာ
ပြင်ဆင်ရန်နက္ခတ်တာရာတို့၏ တန်းဆာသည် စန်း လဖြစ်သည်၊ မိန်းမတို့၏ တန်ဆာသည် လင်ဖြစ်သည်၊ မြေကြီး၏ တန်ဆာသည် မင်း ဖြစ်သည်၊ သူခပ်သိမ်းတို့၏ တန်ဆာကား အတတ် ပညာ ဖြစ်လေသည်[၁၇]။
ပညာသည် ကြားမြင် အပ်တိုင်းသော အရာကို ဆုံးဖြတ် နိုင်ခြင်း သဘောရှိ၍ မျက်မှောက်-မျက်ကွယ် ကျော်စောသတင်း ပြန့်နှံခြင်းကို တိုးပွားစေနိုင်သည်၊ လောက၌ ပညာရှိသောသူသည် ဆင်းရဲဒုက္ခမှသော်လည်း ချမ်းသာသုခကို ထုတ်နှုတ် ရယူနိုင်သည်[၁၈]။ [၁]
ပညာသည် အင်အား
ပြင်ဆင်ရန်လောက၌ လက်ရုံးအား (ကိုယ် အား), စည်းစိမ်အား မှူးမတ်အား (အခြံအရံအား), အမျိုးဇာတ်, ပညာအား ဟူ၍ အား၅-မျိုးရှိရာ ပညာအားသည် အကြီးမြတ်ဆုံးဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် ရွှေအား ၄-မျိုးကိုလည်း ပညာအားဖြင့်သာ ရယူနိုင်သောကြောင့်တည်း[၁၉]။ [၁]
ပညာသည် အကောင်းဆုံးရောင့်ရဲမှု
ပြင်ဆင်ရန်ပညာဖြင့် ရောင့်ရဲနေသူသည် ကာမဂုဏ်တို့ကြောင့် ပူပန်ခြင်း မရှိပေ၊ ယင်းပုဂ္ဂိုလ်ကိုတဏှာသည် မိမိအလိုသို့ လိုက်ပါလာအောင် မဆွဲဆောင်နိုင်၊ ထို့ကြောင့် ပညာဖြင့် ရောင့်ရဲ နေသူသည် ကောင်းသော ရောင့်ရဲသူ ဖြစ်သည်၊ ယင်း ပညာဖြင့် ရောင့်ရဲနေမှုသည် သင့်လျော် လျောက်ပတ် ကောင်းမြတ်လှပေသည်[၂၀]။ [၁]
ပညာသည် အမြတ်ဆုံး
ပြင်ဆင်ရန်ပညာသည် လောဘ ဒေါသ မောဟစသည်ကို ဖောက်ထွင်း ဖျက်ဆီး၍ သန္တိသုခနိဗ္ဗာနဓာတ်သို့ ချင်းနင်း ဝင်ရောက်စေနိုင်သည်။ ထို့ပြင် ပဋိသန္ဓေအိုနာသေရေး ဒုက္ခဘေးနှင့် ယင်း ကိုပေးတတ်သည့် ကုသိုလ် အကုသိုလ် ကမ္မ ဘဝ၏ ကုန်ဆုံးရာ နိဗ္ဗာန်ကို ကောင်းစွာ သိမြင်နိုင်သည်။ ထို့ကြောင့် ပညာသည် လောက၌ အမြတ်ဆုံးဖြစ်သည်[၂၁]။
ပညာမရှိ သမာဓိမတည်ပဲ အနှစ်တရာပတ်လုံး အသက်ရှည်နေခြင်းထက် ပညာရှိ၍ သမာဓိတည်ကာဝိပဿနာရှုနေသော ပုဂ္ဂိုလ်၏ တနေ့တရက်မျှအသက်ရှင် နေရခြင်းသည် မြင့်မြတ်လှပေသည်[၂၂]။ [၁]
ပညာသည် အကောင်းဆုံးရနံ့
ပြင်ဆင်ရန်အတတ်ပညာမရှိသူသည် ပြန့်ပြော ကြီးမား အထက်တန်းစားအမျိုး၌ဖြစ်၍ ရုပ် ဆင်းအင်္ဂါနှင့် ပြည့်စုံသော်လည်း အနံ့မရှိသော ပေါက်ပန်းသဖွယ် ပရိသတ်အလယ်၌ မတင့်တယ်နိုင်[၂၃]။ [၁]
ဉာဏ်ပညာအမျိုးမျိုး
ပြင်ဆင်ရန်ဉာဏ်ကို ထိုထိုပါဠိတော်တို့၌ အမျိုးမျိုး အဖုံဖုံဝေဖန်ဟောပြတော်မူသည်။ အဘိဓမ္မာ ဝိဘင်းပါဠိတော်, ဉာဏဝိဘင်း(နှာ-၃၂၃-၃၅၈)၌ ဉာဏ်ကိုတပါးစု (ဧကက)မှစ၍ ဆယ်ပါးစု (ဒသက) တိုင်အောင် ဝေဖန် ဟောပြတော်မူသည်။
နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ပဌမဉာဏဝတ္ထုသုတ် (နှာ-၂၈၈-၂၉၀)၌ ဉာဏ် ၄၄-ပါး ဝေဖန်ဟောပြထားသည်။ ဇရာမရဏကို သိသောဉာဏ် ဇရာမရဏ၏ အကြောင်းကို သိသောဉာဏ်, ဇရာမရဏ၏ ချုပ်ငြိမ်းရာကို သိသောဉာဏ် ဇရာမရဏ၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိသောဉာဏ်ဟူ၍ ဇရာမရဏ၌ ဉာဏ် ၄-ပါး ဖြစ်သည်၊ ထိုအတူ ကျန် သင်္ခါရတိုင်အောင်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၀-ပါး၌လည်း ဉာဏ် ၄-ပါးစီဖြစ်ရာ ဉာဏ်ပေါင်း ၄၄-ပါး ပြားလေသည်။
ယင်းပါဠိတော် ဒုတိယဉာဏဝတ္ထုသုတ် (နှာ-၂၉၀-၁)၌ ဉာဏ် ၇၇-ပါး ဝေဖန်ဟောပြ ထားပြန်သည်။ ဇာတိကြောင့် ဇရာမရဏဖြစ်ရသည်၊ ဇာတိ မရှိသော် ဇရာမရဏမဖြစ်နိုင်ဤသို့ပစ္စုပ္ပန်၌ ဉာဏ် ၂-ပါး, ထို့အတူ အတိတ် အနာဂတ်၌လည်း ဉာဏ် ၂-ပါးစီအားဖြင့် ဓမ္မဋ္ဌိတိဉာဏ် ၆-ပါးဖြစ်သည်။ ယင်းဓမ္မဋ္ဌိတိဉာဏ်သည်လည်း ကုန်ခန်းပျက်စီးခြင်း သဘောရှိသောတရား မျိုးသာဖြစ်သည်ဟု ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်တပါး၊ ဤသို့အားဖြင့် ဇရာ မရဏ၌ ဉာဏ် ၇-ပါးဖြစ်သည်၊ ထို့အတူ ကျန် သင်္ခါရတိုင်အောင်သာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၀-ပါး၌လည်းဉာဏ် ၇-ပါးစီဖြစ်ရာ ဉာဏ် ပေါင်း ၇၇-ပါးပြားလေသည်။
ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ကား သုတမယဉာဏ်, သီလမယဉာဏ်, သမာဓိဘာဝနာမယဉာဏ်မှ စ၍ သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်တိုင်အောင် ဉာဏ် ပေါင်း ၇၃-ပါး အကျယ်ဝေဖန် ဟောပြထားသည်။ ယင်း ၇၃-ပါးတွင် ဣန္ဒြိယပရောပရိယတ္တဉာဏ်, အာသယာနုသယဉာဏ်, ယမကပါဋိဟီရဉာဏ်, မဟာကရုဏာသမာပတ္တိဉာဏ်, သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်ဟူသော နောက်ဆုံးဉာဏ် ၆-ပါးကား ဘုရားရှင်တို့သာ ရနိုင်၍ တပည့်သာဝကတို့နှင့် မဆက်ဆံသော အသာဓာရဏဉာဏ်တို့ဖြစ်သည်။ ကျန် ၆၇-ပါးသော ဉာဏ်တို့ကား တပည့်သာဝကတို့ပါ ရရှိနိုင်သော သာဝကသာဓာရဏဉာဏ်များ ဖြစ်သည်။ [၁]
အကျဉ်းချုပ် ဉာဏ်ပညာနှစ်မျိုး
ပြင်ဆင်ရန်ယင်းသို့ အမျိုးမျိုးအဖုံဖုံ ဝေဖန်ဟောပြထားသော ဉာဏ်တို့ကို အတိုချုံးရသော် လောကီဉာဏ်, လောကုတ္တရာဉာဏ်ဟူ၍ ၂-မျိုးသာ ဖြစ်သည်။ ထိုတွင် ဉာဏသမ္ပယုတ် ကာမကုသိုလ်, ဝိပါက်ကြိယာစိတ် ၁၂-ပါး, မဟဂ္ဂုတ်ဈာန်စိတ် ၂၇-ပါး ဟူသော လောကီဉာဏသမ္ပယုတ်စိတ် ၃၉-ပါး၌ ယှဉ်သော ဉာဏ်ကို လောကီဉာဏ်ဟု ခေါ်၍ လောကုတ္တရာ မဂ်စိတ်၄-ပါး ဖိုလ်စိတ်၄-ပါး၌ ယှဉ်သော ဉာဏ်ကို လောကုတ္တရာဉာဏ်ဟု ခေါ်ဆိုလေသည်[၂၄]။
လောကီဉာဏ်သည် သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဟူသော သိဖွယ် ဉေယျ တရားအားလုံးကို အာရုံပြုသောအားဖြင့် ထိုက်သည်အားလျော်စွာ သိမြင် နိုင်သည်၊ လောကုတ္တရာဉာဏ်ကား နိဗ္ဗာန်ဟူသော နိရောဓသစ္စာသိဖွယ် ဉေယျ တရား တပါးကိုသာ အာရုံပြုသောအားဖြင့် သိ၍၊ ကျန်သိဖွယ် ဉေယျတရားများကိုမူ မတွေဝေသောအားဖြင့် သိမြင်လေသည်[၂၅]။ [၁]
စိန္တာမယဉာဏ်
ပြင်ဆင်ရန်တနည်း အတိုချုံးရသော် စိန္တာမယဉာဏ်, သုတမယဉာဏ်, ဘာဝနာမယဉာဏ်ဟု ၃-မျိုး ဖြစ်သည်။
ထိုတွင် အသက်မွေးကြောင်း ဖြစ်သည့် အမှုကိစ္စအမျိုးမျိုး အတတ်ပညာအမျိုးမျိုး အသိပညာအမျိုးမျိုးတို့၌ သူတပါးထံမှ နာခံမှတ်သား သင်ကြားရမှုမရှိပဲ မိမိဖာသာ ကြံစည်တွေးဆ၍ သိမြင်တတ်ကျွမ်းမှုကို စိန္တာမယဉာဏ်ဟု ခေါ်သည်။ ထို့ကြောင့် လောက လူသားတို့ အသက်ရှင်နေရေး၌ အကျိုးပြုသည့် လက်သမား ပန်းရန်သမားအမှု လယ်ထွန်မှု့ ကုန်သွယ်မှု ပန်းချီပန်းပု အနုပညာ စာပေကျမ်းဂန်အတတ် စသည်တို့၌ သူတပါးထံမှ သီးခြား သင်ယူရမှုမရှိပဲ ကိုယ်တိုင် ကြံစည်သိမြင်မှုကို စိန္တာမယဉာဏ်ဟု ခေါ်သည်။
ထို့ပြင် အပြစ်ကင်း၍သန့်ရှင်းသော ကုသိုလ်ကောင်းမှုအစုစုသည် သတ္တဝါတို့၏ ကိုယ်ပိုင်ဥစ္စာရတနာဖြစ်သည်။ အပြစ်မကင်း၍ မသန့်ရှင်းသော အကုသိုလ်မှု အစုစုကား သတ္တဝါတို့၏ ကိုယ်ပိုင်ဥစ္စာမဟုတ်ချေ၊ ဤသို့ ကံနှင့် ကံ၏ အကျိုးကို ဝေဖန်ပိုင်းခြားနိုင်သော ကမ္မသကတာဉာဏ်သည်၎င်း ရုပ်-နာမ် ဓမ္မသင်္ခါရတို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟုရှုမြင်တတ်သော သစ္စာနုလောမိကဉာဏ် သည်၎င်း, သူတပါးထံမှ နာခံမှတ်သားရမှုမရှိပဲ မိမိဖာသာ ကြံစည်တွေးဆမှုဖြင့် ဖြစ်ပေါ်လာလျှင် စိန္တာမယဉာဏ်ပင် ဖြစ်သည်။ ဖော်ပြပြီး စိန္တာမယဉာဏ်တို့တွင် သစ္စာနုလောမိက စိန္တာမယဉာဏ်သည် သမ္မာသမ္ဗောဓိ ပစ္စေကဗောဓိ အလောင်းအလျာ အာဇာနည် ပုဂ္ဂိုလ်ကြီး ၂-ပါးတို့သန္တာန်၌သာ ဖြစ်ခွင့်ရှိသည်။ ကြွင်းစိန္တာမယဉာဏ်တို့ကား ပါရမီရင့်ပြီး ပညာရှိကြီး များစွာတို့ သန္တာန်ဝယ် ဖြစ်နိုင်ခွင့် ရှိကြပေသည်။ [၁]
သုတမယဉာဏ်
ပြင်ဆင်ရန်သူတပါးထံမှ နာခံမှတ်သားသင်ကြားမှုကြောင့် ဖြစ်ပေါ်လာသော အတတ်ပညာအမျိုးမျိုး၌ လိမ္မာ တတ်ကျွမ်းသော ဉာဏ်နှင့် ကမ္မသကတာဉာဏ် သစ္စာနုလောမိကဉာဏ်ကို သုတမယဉာဏ် ဟုခေါ်သည်။ ဤသုတမယဉာဏ်နှင့် ပြဆိုခဲ့ပြီး စိန္တာမယဉာဏ်တို့သည် ပရမတ္ထသဘာဝတရား အထည်ကိုယ်အားဖြင့် ကာမကုသိုလ်ကြိယာ ဉာဏသမ္ပယုတ်စိတ်၌ယှဉ်သော ပညိန္ဒြေစေတသိက်သာ ဖြစ်သည်။ [၁]
ဘာဝနာမယဉာဏ်
ပြင်ဆင်ရန်မဟဂ္ဂုတ်ကုသိုလ် ကြိယာ ဈာန်စိတ် ၁၈-ပါးနှင့် မဂ်စိတ် ၄-ပါး, ဖိုလ်စိတ် ၄-ပါး၌ ယှဉ်သောဉာဏ်ကို ဘာဝနာပွားများမှုကြောင့် ဖြစ်ပေါ်လာသော ဉာဏ်ဖြစ်၍ ဘာဝနာမယဉာဏ်ဟု ခေါ်ဆိုလေသည်[၂၆]။ [၁]
ပညာနှင့်ဗောဓိပက္ခိယတရားများ
ပြင်ဆင်ရန်လောကီဂုဏ်ကျေးဇူးတရား (သူတော်ကောင်းတရား) အများတွင် သဒ္ဓါသည် အကြီးအမှူးဦးစီးပဓာနဖြစ်၍ လောကုတ္တရာဂုဏ်ကျေးဇူးတရားအများတွင် ပညာသည် အကြီးအမှူးဦးစီးပဓာနဖြစ်သည်[၂၇]။
ပညာသည် အကြီးအမှူးတရား အဓိပတိ ၄-ပါးတွင် ဝီမံသာဓိပတိအဖြစ်ဖြင့် ပါဝင်သည်[၂၈]။
ထို့ပြင် မဂ် ဉာဏ်၏ အသင်းအပင်း၌ဖြစ်သည့် ဗောဓိပက္ခိယတရား ၃၇-ပါးတွင်လည်း ပဓာန အခန်းမှ ပါဝင်ပြန်သည်၊
ပြီးစီးပြည့်စုံသောတရား ဣဒ္ဓိပါဒ် ၄-ပါးတွင် ဝီမံသိဒ္ဓိပါဒ် အဖြစ်ဖြင့်၎င်း
ကိုယ့်ဆိုင်ရာဝယ် စိုးပိုင်နိုင်နင်းသောတရား ဣန္ဒြေ ၅-ပါးတွင် ပညိန္ဒြေ အဖြစ်ဖြင့်၎င်း
ဆန့်ကျင်ဖက်တရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ ရဲဝံ့သည့် ဗိုလ်တရား ၅-ပါးတွင် ပညာဗိုလ်အဖြစ်ဖြင့်၎င်း၊
နာမ်ရုပ်မြင်သိ ပညာရှိ ဖြစ်ကြောင်းတရား ဗောဇ္ဈင် ၇-ပါးတွင် ဓမ္မဝိစယသမ္ဗောဇ္ဈင်အဖြစ်ဖြင့်၎င်း
နိဗ္ဗာန်လမ်းစဉ် မဂ္ဂင် ၈-ပါးတွင် သမ္မာဒိဋ္ဌိမဂ္ဂင်အဖြစ်ဖြင့်၎င်း ပါဝင်လေသည်[၂၉]။
ပညာတိုးပွားကြောင်း
ပြင်ဆင်ရန်ဉာဏ်ပညာတိုးပွားကြောင်း တရားများကို ကျမ်းဂန်တို့၌ အမျိုးမျိုးမိန့်ဆိုကြသည်။ [၃၀]တို့၌
(၁) ဉာဏ်ပညာတိုးပွားစေတတ်သည့် ကောင်းမှုကံရှိခြင်း,
(၂) ဒေါသ ဗျာပါဒ မရှိသည့် ဗြဟ္မာပြည်၌ဖြစ်ခြင်း,
(၃) ပညိန္ဒြေရင့်ကျက်လာခြင်း (= လူသားများအတွက် ပညာဒသကအရွယ် ၄၀-ကျော် ၅၀-တွင်း ချင်းနင်း ဝင်ရောက်လာခြင်း),
(၄) ကိလေသာတရား ခေါင်းပါးဝေးကွာခြင်းဟု အကြောင်း ၄-ပါး မိန့်ဆိုသည်။ [၁]
ပရမတ္ထဒီပနီဋီကာ (နှာ-၅၀-၁)၌
ပြင်ဆင်ရန်(၁) ဉာဏသမ္ပယုတ်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း (ယင်းကို ပဋိသန္ဓေဉာဏ် ပင်ကိုဉာဏ်ဟု ခေါ်သည်),
(၂) အမောဟ အဇ္ဈာသယရှိခြင်း,
(၃) ပညာရှိပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း,
(၄) ကြားနာသင်အံ ကြံစည်လေ့ လာခြင်းဟူ၍ အကြောင်း ၄-ပါး၊ [၁]
တနည်းအားဖြင့် မိန့်ဆိုသည်မှာ
ပြင်ဆင်ရန်[၃၁]တို့၌
(၁) ပညာရှိများထံ အဖန်ဖန်မေးမြန်းခြင်း,
(၂) ကိုယ်တွင်း ကိုယ်ပ ၂-ဌာနလုံး သန့်ရှင်းစင်ကြယ်အောင် ရှင်းလင်းသုတ်သင်ခြင်း,
(၃) သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဟူသော ဣန္ဒြေ ၅-ပါး အစိုးရတရားတို့ အလွန် အကဲမရှိ အချင်းချင်းညီမျှနေခြင်း,
(၄) ပညာမဲ့သော ပုဂ္ဂိုလ်တို့ကို ဝေးစွာရှောင်ကြဉ်ခြင်း,
(၅) ပညာရှိသောပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း,
(၆) ဉာဏ်၏ ကျက်စားရာ နက်နဲသော တရားသဘောတို့ကို သုံးသပ်ဆင်ခြင်ခြင်း,
(၇) လျောင်း ထိုင် ရပ် သွား ဣရိယာပုတ် ၄-ပါးတို့၌ တရားတော်တို့ကို စိစစ်သုံးသပ်မှု ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာစေရန် ရှေးညွှတ်ကိုင်းခြင်းဟု အကြောင်း ၇-ပါး မိန့်ဆိုသည်။ [၁]
ဉာဏ်ပညာတိုးပွားကြောင်းတရား ၈-ပါး
ပြင်ဆင်ရန်မိလိန္ဒပဉှာပါဠိတော် (နှာ-၁၀၀)၌
- (၁) အသက်အရွယ်ကြီးရင့်လာခြင်း,
- (၂) အခြံအရံပေါများခြင်း,
- (၃) စုံစမ်းမေးမြန်းခြင်း,
- (၄) ဆရာ့ထံပါး ခစားဆည်းကပ် မပြတ်မှီဝဲခြင်း,
- (၅) အသင့်အတင့်နှလုံးသွင်းဆင်ခြင်ခြင်း,
- (၆) ဆွေးနွေးတိုင်ပင်ခြင်း,
- (၇) ချစ်ခင်သူနှင့် ပေါင်းသင်းရခြင်း,
- (၈) သင့်တင့်လျောက်ပတ်သော အရပ်၌ နေထိုင်ခြင်းဟူ၍ ဉာဏ်ပညာတိုးပွားကြောင်းတရား ၈-ပါး မိန့်ဆိုတော်မူသည်။
ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်ကို ရရှိတော်မူရန် ဝိဓုရပညာရှိ မဟာဂေါဝိန္ဒပညာရှိ ကုဒါလပညာရှိ အရကပညာရှိ ဗောဓိပရိဗိုင် မဟောသဓာသုခမိန်- စသော ဘဝပေါင်းများစွာတို့၌ ပညာပါရမီကို အထူးဖြည့်ကျင့်ဆည်း ပူးတော်မူခဲ့သည်[၃၂]။
ပြဆိုခဲ့ပြီးသည့်အတိုင်း ဒါန၊သီလစသော ပါရမီ ၁၀-ပါး မြတ်တရားတို့နှင့်တကွ ဉာဏ်ပညာပွားကြောင်း တရားကောင်းတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူကြပြီးလျှင် မိမိတို့ လိုလားပန်ဆင်အပ်သည့် ဗောဓိဉာဏ်ကို လျင်မြန်စောလျင်စွာ ရရှိအောင် ကြိုးစားအားထုတ်ကြကုန်ရာသည်။ [၁]
ဆက်လက်ဖတ်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ ၁.၁၆ ၁.၁၇ ၁.၁၈ ၁.၁၉ ၁.၂၀ ၁.၂၁ ၁.၂၂ ၁.၂၃ တိပိဋကအဘိဓာန် အတွဲ-၈
- ↑ (အဘိ၊ဋ္ဌ၊၂၊၁၃၂။ နေတ္တိ၊ဋ္ဌ၊၁၃၁။ မူလဋီ၊၂၊၉၃)။
- ↑ (မိလိန္ဒ၊ ၄၂)။
- ↑ (မိလိန္ဒ၊ ၃၁-၂-၈-၉။ အဘိ၊ဋ္ဌ၊၁၊၁၆၅-၆။ ပဋိသံ၊ဋ္ဌ၊၁၊၁၃။ ဝိသုဒ္ဓိ၊၂၊၆၈-၉)။
- ↑ (မ၊ဋ္ဌ၊၂၊၂၄၃-၄။ သံ၊ဋ္ဌ၊၂၊၂၇၀-၁။ ဝိသုဒ္ဓိ၊၂၊၆၆-၇။ ဝိဘာဝိနီ၊၁၁၂။ မဏိမဉ္ဇူ၊၁၊၃၄၈)
- ↑ (ကင်္ခါ၊၉၇။ မ၊ဋီ၊၃၊၁၅၈)
- ↑ (အံ၊ဋ္ဌ၊၂၊၉၇)
- ↑ (အံ၊၁၊၄၅၆-၇)
- ↑ (သံ၊၁၊၆။ နေတ္တိ၊၁၆၀။ သံ၊ဋ္ဌ၊၁၊၃၂။ အဘိ၊ဋ္ဌ၊၁၊၁၆၆၊ ၁၉၂။ နေတ္တိ၊ဋ္ဌ၊၂၆၄၊ သံ၊ဋီ၊၁၊၇၇)
- ↑ (ဝိသုဒ္ဓိ၊၂၊၂၆၉၊ ၂၇၀)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၃-၄-၅)
- ↑ (ထေရ၊ ၂၃၃။ ထေရ။ ဋ္ဌ၊၁၊၁၇၇)
- ↑ (ဝိ၊ဋ္ဌ၊၁၊၁၃၉)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၉၂။ ပဋိသံ၊ဋ္ဌ၊၁၊၃၄၄။ နေတ္တိ၊ဋ္ဌ၊၁၃၃)
- ↑ (ခုဒ္ဒက၊၉၊ ၁၀။ ခုဒ္ဒက၊ဋ္ဌ၊၁၇၃-၄-၇-၈)
- ↑ (ဟိတောပဒေသ။ ကထာရမ္ဘ၅-ဂါထာ)
- ↑ (စာဏကျနီတိ။ ၈-ဂါထာ)
- ↑ (ထေရ၊၃၀၂။ ထေရ၊ဋ္ဌ၊၂၊၁၈၇)
- ↑ (ဇာ၊၂၊၃။ ဇာ၊ဋ္ဌ၊၅၊၁၂၈)
- ↑ (ဇာ၊၁၊၂၄၆။ ဇာ၊ဋ္ဌ၊၄၊၁၇၅)
- ↑ (ဣတိဝုတ်၊၂၁၉။ နေတ္တိ၊၁၄၃။ ဣတိဝုတ်၊ဋ္ဌ၊၁၄၉)
- ↑ (ဓမ္မ၊၂၉။ ဓမ္မ၊ဋ္ဌ၊၁၊၄၃၄)
- ↑ (စာဏကျနီတိ။ ၇-ဂါထာ။ လောကနီတိ။ ၃၆-ဂါထာ)
- ↑ (အဘိ၊ဝိ၊၃၃၄။ ဥဒါန၊ဋ္ဌ၊၆၃၊ ၂၁၁)
- ↑ (ဝိသုဒ္ဓိ၊၂၊၃၃၁။ သင်္ဂဟ၊၅၁။ ဝိသုဒ္ဓိ၊ဋီ၊၂၊၅၀၄)
- ↑ (ဒီ၊၃၊၁၀၃။ အဘိ၊ ဝိ၊ ၃၇။ ဒီ၊ဋ္ဌ၊၃၊၁၈၄။ အဘိ၊ဋ္ဌ၊၂၊၃၉၂-၃၉၅။ ဒီ၊ဋီ၊၃၊၂၀၉၊ ၂၁၀)
- ↑ (သာရတ္ထ၊၁၊၄၁၂)
- ↑ (ပဋ္ဌာန၊၁၊၂)
- ↑ (သံ၊၃၊၁၇၀။ အဘိဓ။ ၁၇။ အဘိ၊ဝိ၊၂၂၈၊ ၂၃၁-၇-၉၊ ၂၄၄-၆။ ပဋိသံ၊၁၉၈)
- ↑ အဋ္ဌသာလိနီအဋ္ဌကထာ (နှာ-၁၁၇-၈) အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ(နှာ-၈၇) မဏိသာရ များသာဋီကာ(ပ၊ နှာ-၂၁၂-၃)နှင့် ပရမတ္ထဒီပနီဋီကာ(နှာ-၅၀)
- ↑ သုတ်မဟာဝါ အဋ္ဌကထာ(နှာ-၃၇၆-၇-၈) မူလပဏ္ဏာသအဋ္ဌကထာ(ပနှာ-၂၉၄-၅-၆), သံယုတ်အဋ္ဌကထာ(တ၊ နှာ-၁၉၃-၄-၅), အင်္ဂုတ္တရအဋ္ဌကထာ(ပ၊ နှာ-၃၉၀-၁-၂), အဋ္ဌသာလိနီအဋ္ဌကထာ (နှာ-၁၁၈), သမ္မောဟဝိနောဒနီ အဋ္ဌကထာ (နှာ-၂၆၃-၄-၅) နှင့် မဏိသာရမဉ္ဇူသာဋီကာ (ပ၊ နှာ-၂၁၄)
- ↑ (အဘိ၊ဋ္ဌ၊၁၊၇၃)