ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး

ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Meningococcal vaccine)ဆိုသည်မှာ နစ်စီရီယား မန်နင်ဂျစ်တိုင်ဒစ်စ် Neisseria meningitidis (English)ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့်ဖြစ်သောကူးစက်ရောဂါကို ကာကွယ်ပေးသည့် ကာကွယ်ဆေးတိုင်းကို ဆိုလိုသည်။[၁] ကာကွယ်ဆေးအမျိုးပေါင်းများစွာရှိပြီး အေ၊ စီ၊ ဒဗလျူ ၁၃၅ နှင့် ဝိုင် စသောပိုးအမျိုးအစားများကို ကာကွယ်နိုင်သည်။ ဤကာကွယ်ဆေးများသည် (၈၅-၁၀ဝ)ရာခိုင်နှုန်းခန့်ကို အနည်းဆုံး(၂)နှစ်ကြာသည်အထိ ကာကွယ်ပေးနိုင်သည်။[၁] ဤကာကွယ်ဆေးထိုးကို ကျယ်ပြန့်စွာ ထိုးပေးခြင်းဖြင့် ဦးနှောက်အမြှေးရောင်ရောဂါနှင့် ပိုးမွှားများတကိုယ်လုံးတွင်ပျံ့နှံ့ကာ သွေးဆိပ်တက်ခြင်း(sepsis)တို့ဖြစ်ပွားမှုများ ကျဆင်းသွားကြောင်းတွေ့ရသည်။[၂][၃] ဤကာကွယ်ဆေးကို ကြွက်သား သို့မဟုတ် အရေပြားအတွင်းသို့ ထိုးနှံရသည်။[၁]

ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားမှုနှုန်း အသင့်အတင့် သို့မဟုတ် မြင့်မားသော သို့မဟုတ် ကူးစက်ရောဂါဖြစ်ပွားမှုများသောနိုင်ငံများတွင် ဤကာကွယ်ဆေးကို ပုံမှန်ထိုးပေးသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။[၁][၄] ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားလေ့မရှိသောနိုင်ငံများတွင်တော့ ရောဂါကူးစက်ခံရနိုင်ခြေရှိသူများကိုသာ ဤကာကွယ်ဆေးထိုးပေးသင့်သည်။[၁] အာဖရိကန် ဦးနှောက်အမြှေးရောင် ခါးပတ်ဒေသ(African meningitis belt)ဟုခေါ်သော အာဖရိကတိုက် ဆာဟာရတောင်ပိုင်းနိုင်ငံများတွင် ရောဂါပိုး၏ပဋိဇာတ်နှင့် သယ်ဆောင်ပေးသောပရိုတိန်းတို့ကို ပေါင်းစပ်ထားသောကွန်ဂျုဂိတ်ကာကွယ်ဆေး(conjugate vaccine)ဖြင့် အသက်(၁)နှစ်မှ (၃၀)နှစ်အတွင်း လူများအားလုံးကို ကာကွယ်ဆေးထိုးပေးလျက်ရှိသည်။[၄] ကနေဒါနှင့် အမေရိကန်နိုင်ငံ၌ မန်နင်ဂိုကောကပ် ဘက်တီးရီးယား(၄)မျိုးလုံးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးကို ဆယ်ကျော်သက်လူငယ်များနှင့် ရောဂါကူးစက်ခံရနိုင်ခြေရှိသူများအားလုံးကို ပုံမှန်ထိုးရန် အကြံပြုထားသည်။[၁] မက္ကာမြို့သို့ ဟာ့ဂ်ျခရီးစဉ်အတွက်သွားမည့် ခရီးသည်များအားလုံးသည် ဤကာကွယ်ဆေးထိုးရန် လိုအပ်သည်။[၁]

ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေးသည် ယေဘုယျအားဖြင့် စိတ်ချရသောဆေးဖြစ်ပြီး တချို့လူများ၌ ဆေးထိုးသည့်နေရာတွင် နာကျဉ်ခြင်းနှင့် နီရဲခြင်းတို့ ဖြစ်တတ်သည်။[၁] ဤကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နေစဉ်အတွင်း စိတ်ချစွာ အသုံးပြုနိုင်သည်။[၄] လူပေါင်းတစ်သန်းတွင် တစ်ယောက်ခန့်သည် ပြင်းထန်သည့် ဆေးမတည့်သည့်တုံ့ပြန်မှုဖြစ်တတ်သည်။[၁]

ပထမဆုံး ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေးကို (၁၉၇၀) နှစ်ပိုင်းတွင် စတင်ရရှိခဲ့သည်။[၅] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၆] (၂၀၁၄)ခုနှစ် လက်ကားဈေးမှာ (၃.၂၃-၁၀.၇၇)ဒေါ်လာခန့်ဖြစ်သည်။[၇] အမေရိကန်နိုင်ငံတွင် ဆေးပတ်လည်အောင်ထိုးရန် (၁၀ဝ-၂၀ဝ)ဒေါ်လာခန့်ပေးရသည်။[၈]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ "Meningococcal vaccines: WHO position paper" (Nov 2011). Weekly epidemiological record 47 (86): 521–540. PMID 22128384. 
  2. "Polysaccharide vaccines for preventing serogroup A meningococcal meningitis." (25 January 2005). The Cochrane database of systematic reviews (1): CD001093. PMID 15674874. 
  3. "Conjugate vaccines for preventing meningococcal C meningitis and septicaemia." (19 July 2006). The Cochrane database of systematic reviews (3): CD001834. PMID 16855979. 
  4. ၄.၀ ၄.၁ ၄.၂ "Meningococcal A conjugate vaccine: updated guidance, February 2015." (20 Feb 2015). Weekly epidemiological record 8 (90): 57–68. PMID 25702330. 
  5. Barrett၊ Alan D.T. (2015)။ Vaccinology : an essential guide။ p. 168။ ISBN 9780470656167
  6. WHO Model List of EssentialMedicinesWorld Health Organization (October 2013)။ 22 April 2014 တွင် ပြန်စစ်ပြီး။
  7. Vaccine, Meningococcal။ 6 December 2015 တွင် ပြန်စစ်ပြီး။
  8. Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia 2015 Deluxe Lab-Coat Edition။ Jones & Bartlett Learning။ p. 315။ ISBN 9781284057560