ဦးဖြေသည် ပါဠိဘာသာပညာရှင်တစ်ဦးဖြစ်၍ ထေရဝါဒဗုဒ္ဓဘာသာ၊ ပါဠိစာပေ၊ ပုံနှိပ်လောက စသည်တို့ တိုးတက်အောင်ဆောင်ရွက်ခဲ့သောသူတစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ၏ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ဆိုင်ရာ မှတ်တမ်းမှတ်ရာများ၌ လူပုဂ္ဂိုလ်များထဲတွင် ပထမဦးစွာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရရှိခဲ့သူဖြစ်သည်။[၁]

ယနေ့မြန်မာနိုင်ငံရှိ ရဟန်းသံဃာများ သင်ကြားပို့ချကြသည့် ပိဋကတ်တော်အားလုံးကို ကျောက်စာမူမှ ကူးယူပြီး စက်တင်ပုံနှိပ်ရာတွင် တစ်ဦးတည်း ကြီးကြပ် သုတ်သင်ပြင်ဆင်ပြီး စက်တင်ရိုက်နှိပ်ခဲ့သည့်သူလည်းဖြစ်သည်။

ဘဝအကျဉ်း ပြင်ဆင်ရန်

ဆရာကြီးဦးဖြေကို သက္ကရာဇ် ၁၂၁၂-ခုနှစ်တွင် သရက်ခရိုင် သီးကုန်းရွာတွင် ဦးတလုပ်ဖြူနှင့် ဒေါ်ဆွဲမိတို့က ဖွားမြင်ပြီး[၁] အရွယ်ရောက်သော် ရှင်သာမဏေပြု၍ ဘွဲ့အမည်မှာ ရှင်ပညာရံသီ ဖြစ်သည်။ အုတ်တွင်းဆရာတော်ထံ ရှေးဦးပညာသင်ယူခဲ့ပြီး၊ မန္တလေးမြို့ မဏ္ဍလာရာမကျောင်းတိုက်၌ နေထိုင်ကာ ပရိယတ်စာပေလေ့လာခဲ့သည်။ သီပေါမင်း ပါတော်မမူမီတွင် လူဝတ်လဲကာ ရန်ကုန်မြို့သို့ဆင်း၍ အစိုးရဟိုက်စကူးကျောင်း၌ ပါဠိပါမောက္ခဂျိမ်းဂရေး၏ လက်အောက်၌ ပါဠိနည်းပြဆရာ လုပ်ကိုင်ခဲ့သည်။

ဆရာကြီးသည် ရန်ကုန်မြို့၌ ပိဋကတ်ပုံနှိပ်တိုက်များတွင် ၁၂၈၀-ပြည့်နှစ်အထိ ပါဠိစာပြင်ဆရာကြီးအဖြစ် တာဝန်ထမ်းခဲ့ပြီး စဉ့်အိုးတန်းလမ်းရှိ မိမိကိုယ်ပိုင်နေအိမ်တွင် ကိုယ်ပိုင်ပိဋကတ်ပုံနှိပ်တိုက်ကို တည်ထောင်ခဲ့သည်။ ကိုယ်ပိုင်ပုံနှိပ်တိုက်က ဝတ်ရွတ်စဉ်၊ သတ်ပုံဥပဒေနှင့် ဝိနည်းငယ်လေးစောင်စသော အများအသုံးပြုနိုင်သည့် စာအုပ်ငယ်များကို ပုံနှိပ်ခဲ့သည်။[၁] ပါဠိစာပေနှင့် ပိဋကတ်ပုံနှိပ်လောကကို စွမ်းစွမ်းတမံ အကျိုးပြုခဲ့သော အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ဆရာကြီးဦးဖြေသည် ၁၂၉၂-ခုနှစ်၊ အသက်(၈၁)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ဆောင်ရွက်မှုများနှင့် ဂုဏ်ပြုခံရမှုများ ပြင်ဆင်ရန်

ထိုခေတ်က ထင်ရှားသော ပိဋကတ် ပုံနှိပ်တိုက်ကြီး (၆)တိုက်ရှိရာတွင် ဆရာကြီးဦးဖြေက ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက်ကို ပိဋကတ်သုံးပုံပါဠိတော်၊ သုဓမ္မဝတီပိဋကတ်ပုံနှိပ်တိုက်ကို ပါဠိတော်နိဿယကျမ်းစာများ၊ ပြည်ကြီးမဏ္ဍိုင်ပုံနှိပ်တိုက်ကို အဋ္ဌကထာ, ဋီကာနှင့် ကျမ်းဂန်စာပေများ၊ လေးကျွန်းသီရိန်ပုံနှိပ်တိုက်ကို မူလဋီကာစသော ဋီကာနိသျများ၊ ကဝိမျက်မှန်ပုံနှိပ်တိုက်ကို စာသင်သားကိုင် ပါဠိကျမ်းစာများ၊ သာသနာ့ဇောတိကပုံနှိပ်တိုက်ကို ပရမတ္ထသရူပဘေဒနီ စသော ဂန္ထန္တရကျမ်းစာများ စသည်ဖြင့် ခွဲဝေပေး၍ ရိုက်နှိပ်စေခဲ့သည်။[၁]

အမေရိကန်ပြည်ထောင်စု ဟားဗဒ်တက္ကသိုလ်မှ ဗုဒ္ဓကျမ်းစာပညာရှင်ကြီး ဝါရင်း(Warren) ပြုစုခဲ့သော နာမည်ကျော် ဗုဒ္ဓပါဠိစာပေ ဘာသာပြန်ကျမ်းကြီး (Buddhism in Translations)တွင် ထည့်သွင်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပေမူကို ပြင်ဆင်ပြီး ပေးပို့ခဲ့ဖူးပြီး ။ ဆရာကြီးဦးဖြေ၏ ပါဠိစာပေထွန်းကားရေး စွမ်းဆောင်မှုများအကြောင်းကို အရှင်အာနန္ဒမေတ္တေယျ၏ ဗုဒ္ဓစ်ဇင်း(Buddhism) စာစောင်၊ (၁၉၀၈-ခု၊မတ်လထုတ်)တွင် ဆရာကြီးဦးဖြေ၏ အတ္ထုပ္ပတ္တိကို ဓာတ်ပုံနှင့်တကွ ဖော်ပြခြင်းခံရသည်။။

အင်္ဂလိပ်အစိုးရက မြန်မာ သက္ကရာဇ် ၁၂၇၆-ခုနှစ်တွင် လယ်တီဆရာတော်နှင့်အတူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆပ် ဆပ်ကပ်ခဲ့သည်။

ထင်ရှားသောလက်ရာများ ပြင်ဆင်ရန်

ဆရာဖြေ၏ ထင်ရှားသော လက်ရာအချို့မှာ:[၁]

  • အက္ခရဝိသောဓနီကျမ်း
  • ပိဋကတ်သုံးပုံအကျဉ်းချုပ်
  • မြန်မာရာဇဝင်အကျဉ်းချုပ်
  • ကမ္မဝါစာ
  • ဝတ်ရွတ်စဉ်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ မြန်မာစွယ်စုံကျမ်း၊ အတွဲ(၇)၊ စာ-၃၂၃-၃၂၄