ဦးရာဇ်တော်ဓာတ်စေတီတော်သည် ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့ ကင်းချောင်းတစ်ဖက်ကမ်းရှိအမြင့် ၁၈၈ ပေမြင့်သည့် သေလာပိဋ္ဌိပဗ္ဗတောင်ထိပ်ပေါ်တွင် တည်ရှိပြီး၊ စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ၁၅၃ ပေနှင့် လုံးပတ် ၄၀၁ ပေရှိသည်။ ဦးရာဇ်တော်စေတီဟုလည်း ခေါ်ကြသည်။ စေတီတော်တွင်း ဌာပနာတိုက်ရှစ်ခန်းရှိသည်။ ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူဖြစ်သည့် ကကုသန် မြတ်စွာဘုရားကို အရှေ့ဘက်ဌာပနာတိုက်၊ ကောဏာဂုံမြတ်စွာဘုရားကို တောင်ဘက် ဌာပနာတိုက်၊ ကဿပမြတ်စွာဘုရားကို အနောက်ဘက်ဌာပနာတိုက်၊ ဂေါတမ မြတ်စွာ ဘုရားကို မြောက်ဘက်ဌာပနာတိုက်၌ ရွှေစင်သွန်းလုပ်ရည်စူး တည်ထားသည်။ ဆုတောင်းပြည့်ဗျာဒိတ်တော်ရ စေတီတော်တစ်ဆူအဖြစ်ထင်ရှား၍ နှစ်စဉ်မတ်လတွင် ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး အနယ်နယ်အရပ်ရပ်မှ ရေလမ်းဖြင့်သော်လည်းကောင်း၊ ကုန်းလမ်းဖြင့်သော်လည်းကောင်း ဖူးမြော်ရန်ရောက်ရှိလာသည့် ရဟန်း၊ ရှင်လူ၊ ပြည်သူများဖြင့် စည်ကားသည့် စေတီတော်တစ်ဆူဖြစ်သည်။ ယခုအခါ ဓာတ်လှေကားဖြင့်လဲ တက်ရောက်ဖူးမြော်နိုင်သည်။ ဤဦးရာဇ်တော်ဓာတ်စေတီတော် ဓာတ်လှေကားမှာ ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းဘုရား၊ စေတီတို့တွင် တည်ဆောက်ခဲ့သော ပထမဆုံး ဓာတ်လှေကား တစ်ခုလဲ ဖြစ်သည်။

ဖိုင်:ဦးရာဇ်တော်ဓာတ်စေတီတော်.jpg
ဦးရာဇ်တော်ဓာတ်စေတီ
ဦးရာဇ်တော်ဓာတ်စေတီ
ဦးရာဇ်တော်ဓာတ်စေတီနှင့် ဓာတ်လှေကား

သမိုင်းကြောင်း

ပြင်ဆင်ရန်

ဤစေတီတော်မြတ် တည်ထားခြင်းမှာလည်း မြတ်ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်အညီ တည်ထားခဲ့ခြင်းဖြစ်ပေသည်။ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၃ ခု၊ ဘီစီ ၅၄၄ ခုနှစ်တွင် ဓညဝတီ ရခိုင်ပြည်သို့ ကောင်းကင်ခရီးဖြင့် ကြွလာရာ ဓညဝတီမြို့၏ အနောက်ဘက် ကစ္ဆပနဒီမြစ်၏ အရှေ့ဘက် သေလာဂီရိကျောက်တော်တောင်ထိပ်၌ သက်ဆင်းရပ်နားတော်မူ၏။ ထို့နောက် မြတ်စွာ ဘုရားသခင်က နောင်အခါ ဘုရားရှင်၏ဓာတ်တော်မွေတော်များ ကိန်းဝပ်စံပယ်တော် မူမည့်နေရာဒေသများကို ဗျာဒိတ်ပေးခဲ့ရာတွင် သေလာပိဋ္ဌိပဗ္ဗတ ဦးရာဇ်တော်တောင်ထိပ်တွင် ဦးခွံတော်မှ ကြွင်းကျန်သော ဓာတ်တော်များကိန်းဝပ်ပြီး ဦးရာဇ်တော်စေတီဟု တွင်လတ္တံ့ဟူ၍ ဗျာဒိတ်တော် မြွက်ကြားခဲ့ပေသည်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သီရိဓမ္မာသောကမင်းကြီးသည် ဘုရားရှင်၏ ဓာတ်တော်များကို ရခိုင်ဘုရင် သူရိယစက္ကမင်းထံ ပင့်ဆောင်စေလေသည်။ သူရိယစက္ကမင်းနှင့် မိဖုရားရုစိတာတို့သည် သာသနာတော်နှစ် ၂၂၂ နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက် နေ့တွင် သေလာပိဋ္ဌိပဗ္ဗတတောင်ထိပ်၌ နွားလားဥသဘတစ်မော့ (ခြောက်တောင်) စေတီကို တည်ထားကိုးကွယ်လေသည်။

ကောဇာသက္ကရာဇ် ၉၃၃ ခုနှစ်၊ အေဒီ ၁၅၇၁ ခုနှစ်တွင် ထီးနန်းအုပ်ချုပ်သော မင်းဗာဘုရင်မြတ်၏သားတော် ဘုရင်မင်းဖလောင်းသည် မြောက်ဦးမြို့မှ အနောက်ဘက်သို့ စစ်ချီထွက်ရာတွင် ကင်းချောင်းဝအနီး၌ စခန်းချညအိပ်ရပ်နားတော်မူ၏။ ညဦးအချိန်တွင် သေလာပိဋ္ဌိပဗ္ဗတတောင်ထိပ်နှင့် သာလာမယတောင်တော်သို့ ရောင်ခြည်တော်များ ကူးယှက်ကွန့်မြူးနေသည်ကို ဘုရင်မင်းဖလောင်းသည် ဖူးမြော်လိုက်ရပေသည်။ ထိုအခါ မင်းဖလောင်းသည် အနောက်တစ်ခွင် စစ်ချီရာတွင် အောင်မြင်ပါက စေတီတော်ကို အသစ်တစ်ဖန်ထပ်မံပြီး ဒါယကာခံယူပါမည်ဟု အဓိဋ္ဌာန်ပြုဆုတောင်းကာ စစ်ချီခဲ့လေသည်။ မင်းဖလောင်းသည် အဓိဋ္ဌာန်ပြုခဲ့သည့်အတိုင်း စစ်အောင်မြင်လာ၍ ကောဇာသက္ကရာဇ် ၉၄၁ ခုနှစ်တွင် သေလာပိဋ္ဌိပဗ္ဗတ တောင်ထိပ်၌ ကျောက်ညိုကျောက်သားအတိဖြင့် အမြင့်သံတောင် ၁၀၀၀ (၁၅၃ ပေ)၊ လုံးပတ်တော် မင်းလံ (၄၀၁ ပေ) ရှိစေတီတော်ကြီးကို ပန်းရန်ကျော် ၁၀၀၀ ဖြင့် ၁၂ နှစ်တိုင် တည်ထားရာ သက္ကရာဇ် ၉၅၃ ခု၊ အေဒီ ၁၅၉၁ တွင်တည်ထားပြီးစီး ကိုးကွယ်ခဲ့သည်။ စေတီတော်ကြီးအတွင်း၌ ဘုရားရှင်၏ ဦးခွံတော်မှ ဓာတ်တော်ကို ထည့်တော်မူပြီး ဌာပနာလေသည်။

ထို့ပြင် ရွှေပြားတင်ထားသော ပိဋကတ်သုံးပုံ၊ အဂသာဝက၊ မဟာသဝကရဟန္တာအရှင်မြတ်တို့၏ ဓာတ်တော်များကိုလည်း ဌာပနာတိုက် သွင်းတော်မူ၏။ မိဖုရားစိုးမဲကျီ၏ သားရင်သွေးတမျှ ချစ်မြတ်နိုးလှသောပြည်တန်မျက်ရှင် ပတ္တမြားကိုလည်း စေတီတော်ကြီး အထက်ဌာပနာတိုက် တွင် ထည့်သွင်းတည်ထား ကိုးကွယ်ပူဇော်ထားသည်။

  1. ဦးရာဇ်တော်ဓာတ် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ သမိုင်း၊ မော်ကွန်း၊ ကျောက်စာ
  2. မြတ်မင်းလှိုင် ပြုစုပြီး စိုးမြင့် ဘာသာပြန်သည့် ရခိုင်ပြည်နယ်ဝတီလေးရပ်ရှိရှေးဟောင်းစေတီပုထိုးများ စာအုပ်