ဦးဝေ
ဦးဝေကို သက္ကရာဇ် ၁၈၂၅ ခုတွင် အင်္ဂပူမြို့တွင် မွေးဖွားခဲ့သည်။ မျိုးရိုးမှာ မွန်အနွယ် မှူးမျိုးမတ်မျိုး ဖြစ်သည်။ ငယ်စဉ်က အမရပူရမြို့တော်တွင် ကျမ်းဂန်စာပေများ လေ့လာသင်ကြားခဲ့သည်။ ပါဠိ၊ သက္ကတ၊ မွန်၊ မြန်မာ ဘာသာစကား လေးမျိုးစလုံးကို ကောင်းစွာ တတ်ကျွမ်းသည်။ လေးဘာသာစလုံး၌လည်း ကျမ်းဂန် နှံ့စပ်သည်။ ထိုခေတ်အခါက "သိပ္ပံကျောင်းတော်ကြီး" ဟု ခေါ်တွင်သော ရန်ကုန် ဟိုက်စတူးကျောင်းကြီးတွင် ပါဠိဘာသာ ဆရာကြီးအဖြစ် နှစ်ပေါင်းများစွာ ထမ်းရွက်ခဲ့သည်။ ထိုနောက် အသက် ၇၀ အရွယ်တွင် ပင်စင် အငြိမ်းစားအဖြစ် ခံယူလိုက်ရသည်။ သို့ရာတွင် ပင်စင်ယူပြီးနောက် ၂ နှစ်မျှအကြာ သက္ကရာဇ် ၁၈၉၇ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၅၉ ခု၊ ပြာသိုလပြည့်ကျော် ၉ ရက်) တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။
ဆရာကြီးဦးဝေသည် ကျမ်းဂန်နှံ့စပ်၍ ပညာရဲရင့်သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်နှင့်အညီ ထိုခေတ်က မြန်မာဘာသာ၊ မွန်ဘာသာ စပေပရိယတ္တိကို ဆည်းပူးလေ့လာသူတို့သည် အထူး အားထား ဆည်းကပ်ကြရသည်။ ထိုခေတ်က ပုံနှိပ်ထုတ်ဝေကြသော မြန်မာကျမ်းစာကြီးများကိုလည်း များသောအားဖြင့် ဆရာကြီးဦးဝေ၏ ပြင်ဆင်တည်းဖြတ်ခြင်းကို ခံယူကြရသည်။ ထို့အပြင် လူအများ ဖတ်ရှုလေ့လာနိုင်ရန် "သာသနာလင်္ကာရ ကောက်နုတ်ချက်"၊ "သာသနာဝံသ ကောက်နုတ်ချက်"၊ "သံလျင်ရာဇဝင် ကောက်နုတ်ချက်"၊ "ပုသိမ်ရာဇဝင် ကောက်နုတ်ချက်" စသော စာတမ်းများကို ပြုစုထုတ်ဝေခဲ့လေသည်။ ထိုမှတပါး တေးထပ်ရိုးရိုး၊ ရှစ်ဆယ်ပေါ်တေးထပ်၊ လေးချိုး၊ မေတ္တာစာ၊ ရတု အများကိုလည်း ရေးသားခဲ့သေး၏။ သို့သော် ယခုမူကား (၁) သိင်္ဂုတ္တရတောင်တော်ဘွဲ့၊ (၂) ကန်တော်ကြီးဘွဲ့၊ (၃) သိင်္ဂုတ္တရတောင်အရံ အစိုးရဥယျာဉ်တော်ဘွဲ့၊ (၄) ကြာကန်ပတ်လည် ဝင်္ကပါဗဟန်းဘွဲ့၊ (၅) ရှစ်ဆယ်ပေါ်မိုးဘွဲ့၊ (၆) သိင်္ဂုတ္တရ ရှစ်ဆယ်ပေါ်မိုးဘွဲ့၊ (၇) တိဂုံစေတီတော်ကြီးဘွဲ့၊ (၈) တိဂုံစေတီတော် သုံးချက်ညီ၊ (၉) ကိုယ်ရည်သွေးဘွဲ့ ဟူ၍ စုစုေပါင်း (၉) ပုဒ်ခန့်မျှသာ ထင်ရှားရှိတော့သည်။[၁][၂]