ရခိုင် ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (ရကလစ) ရဲ့ (၁၈) နှစ်မြောက် ခိုင့် ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင့်ရိုးရာ ထုံးထမ်း စဉ်လာများကို ဖော်ထုတ်ခဲ့သော ဖခင်ကြီး ဦးဦးသာထွန်း၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (နာယက) ကျဆုံးခြင်း ဝမ်းနည်း အောက်မေ့ဖွယ် အထိမ်းအမှတ်၊ ၂ဝဝ၈ ဩဂုတ်လ ၁၄ ရက် လက်ကမ်း စာစောင်ကနေ “ဦးဦးသာထွန်း အတ္ထုပ္ပတ္တိ အကျဉ်း” ကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

ဦးဦးသာထွန်း

ဦးဦးသာထွန်း အတ္ထုပ္ပတ္တိ အကျဉ်းပြင်ဆင်

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာ အနီး အဖ ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ွ့ွကဇံတို့မှ ၁၉၁၇ ခု၊ နိုဝင်ဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တဦးတည်းသောသား ဖြစ်သည်။ ငယ်စဉ်မှ စ၍ အဘိုးဖြစ်သူ ရာဇဝင် ဆရာကြီး ဦးသာထွန်းအောင်က ရခိုင် ရာဇဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများအား နုတ်တိုက်အာဂုံ သင်ကြား ပေးခဲ့သည်။ နဝမတန်းတွင် ပညာသင် ကြားနေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းထွက်လိုက်ရပြီး ရဟန်း ပုဂ္ဂိုလ်တို့ထံတွင် သက္ကဋ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။

၁၉၅ဝ ခုနှစ်မှ ၁၉၅၅ ခုနှစ်ထိ မူလတန်း ကျောင်းဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး၊ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် ရခိုင် မြန်မာ ပဏ္ဍိတ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦး ရှေးဟောင်း သုတေသန ပြတိုက်ကြီးသည် ဆရာကြီး စုဆောင်း တည်ဆောက်ခဲ့သော ပြတိုက်ကြီး ဖြစ်သည်။

၁၉၇၇ ခုနှစ် မှ ၁၉၈၃ ခုနှစ်ထိ မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် အကြံပေး ပုဂ္ဂိုလ် အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၈ဝ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ တူးဖော်ခဲ့သော ရခိုင် ဝေသာလီမြို့ဟောင်း တူးဖော်မှု လုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် တူးဖော် ဆောင်ရွက်ခဲ့သည်။

မြောက်ဦးမြို့ ဘုရားသမိုင်း (၁၃ဝ၁ ခုနှစ် ပုံနှိပ်)၊ ဦးရာဇ်တော်ဓာတ်စေတီ ဘုရား သမိုင်းကျမ်း ပြင်ဆင် ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂ - ၅၃)၊ ရက္ခိုင် အမျိုးသမီး သူရဲကောင်း အတ္ထုပတ္တိ (၁၉၅၃ - ၅၄) (ပုံနှိပ်)၊ ရက္ခိုင် ရာဇဝင် သင်္သေပကျမ်း (၁၉၅၄ - ၅၅) ပုံနှိပ်၊ ဝသဲ ဘုရားသမိုင်း (ပုံနှိပ်)၊ ရှင်သတ် ဘုရားသမိုင်း (ပုံနှိပ်) များအား ပုံနှိပ် ထုတ်ဝေခဲ့သည်။ ရက္ခိုင် ကဗျာပေါင်းချုပ်၊ ရက္ခိုင် ရာဇဝင် ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင် ဓာတ်တော်ဘုရား စေတီများနှင့် မြောက်ဦးမြို့ တန်းခိုးကြီး ဘုရားများ၊ သမိုင်း ကျမ်းစာများကို ရေးသား ပြုစုပြီး ဘဏ္ဍာရေး ဝန်ကြီး ဆာဦးထွန်းအောင်ကျော် ထံတွင် အပ်ခဲ့သည်။

အံတော်သိမ် ဘုရားသမိုင်းကျမ်း၊ သဲထက် ဘုရားသမိုင်း၊ ထီးတော်မိုး ဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တောင် ဘုရားသမိုင်း၊ ဝေသာလီ ဘုရားကြီးသမိုင်း၊ သိမ်တော်ကြီး ဘုရားသမိုင်း၊ မဟာထီး ဘုရားသမိုင်း၊ ပါးတော် ဘုရားသမိုင်း၊ ဘုရားပေါ် ဘုရားသမိုင်း၊ သျှစ်သောင်း ဘုရားသမိုင်း၊ မင်္ဂလာ ဓာတ်ရွှေကူ ဘုရားသမိုင်းများကို လင်္ကာ စကားပြေ မော်ကွန်း စသည့်တို့ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။

ဓညဝတီ မဂ္ဂင်း စာတည်း၊ အယ်ဒီတာ အဖြစ် တာဝန်ယူ ထုတ်ဝေခဲ့သည်။ ဓညဝတီ စာစောင်၊ ဓညဝတီ မဂ္ဂဇင်း၊ ရခိုင်တန်ဆောင် မဂ္ဂဇင်း၊ မန္ဈလေး ပြည်သူ့ဂျာနယ်၊ ရန်ကုန် မဂ္ဂဇင်း၊ စုံထောက် မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊ ရခိုင် မဂ္ဂဇင်း၊ စစ်တွေ ကောလိပ် မဂ္ဂဇင်း၊ ရခိုင် ပြည်နယ် စာစောင်၊ ဝရာဇ်မြေ မဂ္ဂဇင်းများတွင် ဦးဦးသာထွန်း၊ ဦးသူရိယ အစရှိသော ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။

မြို့စောင့်နတ် ဒေဝတာဗလီ ပူဇော်ကျမ်း၊ အဉ္ဇန နိဒါန်း ဆေးကျမ်း၊ ရခိုင်စည် ပြုလုပ်ပုံနှင့် တီးကွက်၊ တီးလုံးများ၊ ကဗျာများ စုပေါင်း စာတမ်း၊ ရခိုင် ထိမ်းမြားမင်္ဂလာ ပန်းတျား တီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ ရခိုင် သတ်ပုံ သတ်ညွှန်းခွဲထားခြင်း အဓိပ္ပာယ်ထွက်ပုံ စာတမ်း၊ ရခိုင်ပလွီ (ပြီ့) အမျိုးမျိုး ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ သျှိုင်ဒိုင်၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓ ပူဇနိယ ဆီမီးခွက် အက၊ တေးခြင်းကဗျာ စသည်တို့ကို ရေးသား ပြုစုခဲ့သည်။

ဆင်ယင် ထုံးဖွဲ့မှုကျမ်း (မူကြမ်း)၊ ရခိုင် ရာဇဝင် (မူကြမ်း)၊ ရခိုင်အက္ခ ဆင်းသက်လာပုံကျမ်း (မူကြမ်း)၊ ရခိုင် ကျောက်စာ ပေါင်းချုပ်ကျမ်း (မူကြမ်း)၊ ရခိုင်ဘုရင် သမိုင်းကျမ်း (မူကြမ်း)၊ ရခိုင်သား ဒေါင်းမာတင် (မူကြမ်း)၊ သျှင်ဦးမြဝါကျမ်း (မူကြမ်း)၊ ရခိုင်မင်းသမီး ဧခြင်း ရှင်းလင်းချက် (မူကြမ်း)၊ ဗျာလစာတမ်း (မူကြမ်း)၊ ကျောက်တော်မြို့ သေလာဂီရီ မောပဗ္ဗတ တောင်ခြေရင်းမှ တွေ့ခဲ့ရသော ကျောက်ဆစ်လက်ရာများ သုတေသနပြုချက် (မူကြမ်း) စသည်တို့ကို ရေးသား ပြုစုခဲ့သည်။

ဩစတြေးလျနိုင်ငံ အမျိုးသား တက္ကသိုလ် သုတေသီ PAMELA GUTMAN ၏ ANCIENT ARAKAN ကျမ်း ပြုစုစဉ်တွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ ပါမောက္ခ ရောဖတ်ဆာဗ်ရ် (BERNOT) အတွက် ရခိုင်ပုံပြင် လိပ်ကန်ဖာမ ဝတ္ထုနှင့် ကျီးဖြူရွာ စာတမ်းများကို လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါမောက္ခ ဦးလှသိန်း (ခေါ်) ဂျွန်န်အိုကဲလ်ဖို့၏ စေတီ အဆောက်အအုံနှင့် နန်း အဆောက်အအုံ စာတမ်းကို လည်းကောင်း၊ အမေရိကန်နိုင်ငံ အာရှဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေးဗစ်စတိမ်းဗာစ်၏ ဝေသာလီ ကျောက်ရုပ်တု ဆင်းတုများ၏ နှစ်ပေါင်း ကြာညောင်းမှုအား တိုင်းတာမှု စာတမ်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခ အိုနို တိုရရူနှင့် ရခိုင် စကားပြော လေယူလေသိမ်း အသံထွက်ပုံ စာတမ်းနှင့် ဘောင်းဒွတ် အရပ်တွင် ရှိသော ဒတ်ခ်ျ ကောင်ဆယ်လာ အဆောက်အအုံ ပုံစံနှင့် ကူးသန်း ရောင်းဝယ်ခဲ့ပုံ စာတမ်းကို လည်းကောင်း ရေးသား ပြုစုရာတွင် ကူညီခဲ့သည်။

နိုင်ငံတော် အစိုးရ ယဉ်ကျေးမှု ဌာနနှင့် အခြား ပုဂ္ဂိုလ်တို့ကိုလည်း ဆရာကြီးသည် ကူညီပေးခဲ့သည်။ ဦးမင်းနိုင်၏ ပြည်ထောင်စု အကပဒေသာ စာအုပ် (၁၉၅၉)၊ ရခိုင် တိုင်းရင်းသား လူမျိုး ဖြစ်စဉ်နှင့် ဓလေ့ထုံးစံများ စာအုပ်၊ တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာ ဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာ စည်တော်နှင့် တူရိယာ တီးကွက်များ စာတမ်း၊ မြန်မာ ဝေါဟာရ အဘိဓာန်ကျမ်း ပြုစုစဉ် ဝေါဟာရ စာလုံးများ ပြုစုပြီး ပေးပို့ခြင်း၊ ရခိုင် ဝေါဟာရ အဘိဓာန် ပြုစုစဉ် ဝေါဟာရ စာလုံးများနှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ကျမ်း ကိုးကားချက်များ စာအုပ် ပြုစုခြင်း၊ ၁၉၇၆ - ၇၇ ခု ရခိုင်ပြည်နယ်နေ့၊ ရခိုင်ပြည်နယ်၊ တံဆိပ်၊ ရခိုင်ရိုးရာ ကျား/မ ဝတ်စုံ စာတမ်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန် စသည်တို့ကို ပါဝင် ကူညီ ရေးသား ပြုစုခဲ့သည်။

အထက်တန်း ပညာ ဦးစီးဌာန ညွှန်ချုပ် (ငြိမ်း) ပါမောက္ခ ဦးစံသာအောင် အတွက်လည်း ၁၉၇၂ ခု အဘိဓမ္မာ ကောက်နုတ်ချက် ပုရပိုက်ကို မိုက်ခရိုဖလင် ရိုက်နှိပ်ရန် အတွက် လည်းကောင်း၊ ဂဝိကဏ္ဍ ပါသဏကျမ်း ပေမူကို မိုက်ခရိုဖလင် ရိုက်နိုင်ရန် လည်းကောင်း၊ လျှိုဝှက်ကျောက်စာ ဂဏန်းရေးနည်း ပေမူကို မိုက်ကရိုဖလင် ရိုက်ရန် လည်းကောင်း၊ အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီက ရခိုင်ပြည်နယ်သုံး အက္ခရာစာအုပ် ပြုစုရာတွင် လည်းကောင်း၊ အနန္ဒစန္ဒြား ၈ ရာစု ရခိုင် ဝေသာလီ စာအုပ် ပြုစုရာတွင် လည်းကောင်း၊ ရခိုင်ဒင်္ဂါးများ သမိုင်း ပြုစုရာတွင် လည်းကောင်း၊ ရှေးရခိုင်များ၏ ဗုဒ္ဓ အနုပညာ (Buddhist Art of Ancient Arakan) စာအုပ်ပြုစုရာတွင် လည်းကောင်း ပါဝင် ကူညီခဲ့သည်။

၁၉၅၉ ခုနှစ်မှာ မြန်မာ့ အသံ ရေဒီယိုမှ ရခိုင်အသံကို အစဆုံး အသံလွှင့်ခဲ့သည်။ တိမ်မြုပ် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သော ရခိုင်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာများအား ကမ္ဘာက သိအောင် ရှာဖွေစုဆောင်း လေ့လာ ဖော်ထုတ်ခဲ့သည်။ ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ ရခိုင်သူ၊ ရခိုင်သားများကိုလည်း ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ ဖော်ထုတ် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန်လည်း အမြဲ ဆော်ဩခဲ့သည်။

ဆရာကြီး သည် ရခိုင့် ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင့်ရိုးရာ ထုံးထမ်းစဉ်လာများကို ဖော်ထုတ်ခဲ့သော ဖခင်ကြီး ဖြစ်သည်။

ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ ရရှိရေး၊ တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိရေး အတွက်လည်း စွမ်းစွမ်းတမံ ရှေ့တန်းမှ ဦးဆောင်ဦးရွက် ဆောင်ရွက်ခဲ့သည်။ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်တွင် နာယကကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး ကျောက်တော်မြို့ မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးလည်း ဖြစ်သည်။ ဆရာကြီးသည် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ် အဖြစ် အနယ်နယ် အရပ်ရပ်သို့ မဲဆွယ် တရားဟော ထွက်စဉ် မင်းပြားမြို့နယ်၊ ပြားချောင်း ကျေးရွာ မဲဆွယ် တရားဟောပွဲတွင် တရားဟော နေစဉ် ဖမ်းဆီးခံရပြီး ထောင်သွင်း အကျဉ်းချ ခံခဲ့ရသည်။

ဆရာကြီးအား အမျိုးသားရေး တရားဟောသည် စသည်ဖြင့် အမျိုးမျိုး စွဲချက်တင်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ နဝတ/ နအဖ စစ်အစိုးရ၏ တိုင်းပြည်အပေါ် မတရား စော်ကားမှုများကို ဆရာကြီး၏ အချက်ကျကျ ဝေဖန် ဟောပြောမှုများကြောင့် နဝတ/ နအဖ စစ်ဝါဒီများ၊ ဗမာ လူမျိုးကြီး ဝါဒီများအား အနာပေါ် တုတ်ကျသကဲ့သို့ ဆတ်ဆတ်ထိ မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ဆရာကြီးအား အငြိုးထားကာ မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချ ထားခဲ့သည်။ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ ဩဂုတ် ၁၄ တွင် ကွယ်လွန်ခဲ့သည်။ (ထောင်ထဲတွင် နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် (arsenic)အစ ရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့စဉ်လိုလို အနည်းငယ် ထည့်ကျွေး လုပ်ကြံခဲ့သည်ဟု ရခိုင် အမျိုးသားများက ယုံကြည်နေကြသည်။)။ သို့သော်လည်း နဝတ/ နအဖ စစ်ဝါဒီများက ဆရာကြီး သေဆုံးရခြင်းသည် ဦးဏှောက်တွင်းသွေးယိုခြင်းရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆေးရုံတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံ ဖန်တီး ရေးသားခဲ့သည်။

ဆရာကြီး၏ အလောင်းကို သူ၏ဇာတိ ချက်ကြွီ မြောက်ဦးမြို့သို့ ယူဆောင်လာခဲ့ပြီး ဆရာကြီး အလွန် တန်ဖိုးထားခဲ့သော ရန်အောင်ဇေယျ (ခေါ် ) သျှစ်သောင်း ပုထိုးတော်ကြီး ဘုရားရိပ်တွင် မြေမြှုပ် သင်္ဂြိုဟ်ခဲ့သည်။[၁]

ကိုးကားပြင်ဆင်