• ဇမ္ဗူဒိပ်ကျွန်း၌ ပျော်ဖွယ်ကောင်းသော အာရာမ်တောမြေ နေရာ ရေကန် အနည်းငယ်သာရှိသော်လည်း ချိုင့်ဝှမ်း မြင့်မောက်သောမြေ၊ အသွားခက်သောမြစ်၊ ငုတ်ငြောင့် ရှိသောနေရာ မညီညာသော တောင်တို့သာ များသည်၊
  • ဤအတူပင် ကုန်းနေသော သတ္တဝါနည်း၍ ရေနေသတ္တဝါတို့သာ များသည်။
  • လူ့ပြည်၌ ဖြစ်သူနည်း၍ အပါယ်ဘုံသားတို့သာ များသည်။
  • မဇ္ဈိမဇနပုဒ်တို့၌ ဖြစ်သူနည်း၍ တိုင်းစွန်းပြည်နား ဇနပုဒ်သစ္စာ ၄-ပါး မသိကုန် လူရိုင်းများနေရာတို့၌ ဖြစ်သူ ပို၍သာ များသည်။
  • မထိုင်းမှိုင်း မဆွံ့အကုန်ပဲ ကောင်းဆိုးစကား၏ အဓိပ္ပာယ်ကိုသာ သိကုန်သော ပညာရှင်များနည်း၍ ထိုင်းမှိုင်း ဆွံ့အ ကောင်းဆိုးစကား၏ အဓိပ္ပာယ်ကို မသိ ပညာမဲ့သူတို့သာ များသည်။
  • မြတ်သော ပညာမျက်စိရှိသူများ နည်း၍ အဝိဇ္ဇာအမှောင်မိ၍ တွေဝေသူတို့သာ များသည်။
  • ဘုရားရှင်ကို ဖူးမြင်ရသူများ နည်း၍ မဖူးမြင်ရသူတို့သာ များသည်။
  • ဘုရားရှင်တရား နာကြားရသူများ နည်း၍ မကြားနာရသူတို့သာ များသည်။
  • ကြားနာပြီး တရားဆောင်ထားသူများနည်း၍ ဆောင်မထားသူတို့သာ များသည်။
  • ဆောင်ထားသော တရား၏ အနက်အဓိပ္ပာယ်ကို စုံစမ်းစိစစ်သူများ နည်း၍ မစိစစ် သူတို့သာ များသည်။
  • ပါဠိအဋ္ဌကထာကို သိကာ တရားနှင့် အလျော်ကျင့်သူများ နည်း၍ မကျင့်သူတို့သာ များသည်။
  • ထိတ်လန့်စေနိုင်သည့် ဇာတိစသော အကြောင်းတို့၌ ထိတ်လန့်သူများ နည်း၍ မထိတ်လန့်သူတို့သာ များသည်။
  • ထိတ်လန့်ကာ အကြောင်းသင့် အားထုတ်သူများ နည်း၍ အားမထုတ်သူတို့သာ များသည်။
  • နိဗ္ဗာန်ကို အာရုံပြု၍ မဂ်ဖိုလ်သမာဓိရ စိတ်တည်ကြည်မှု ရသူများ နည်း၍ မရသူတို့သာ များသည်။
  • ထမင်းကောင်း အရသာကောင်း ရသူများ နည်း၍ မရကြပဲ ခွက်လက်စွဲကာ တောင်း၍ရသော ထမင်း သစ်သီးကြီးငယ်ဖြင့် မျှတရသူတို့သာ များသည်။
  • မဂ်ဖိုလ်နိဗ္ဗာန်အရသာ ရသူများ နည်း၍ မရသူတို့သာ များသည်၊

ထိုသို့ ဖြစ်သောကြောင့် သာသနာတော်၌ ဤသို့လျှင် “မဂ်ဖိုလ်နိဗ္ဗာန် အရသာများ ရသူတို့ ဖြစ်ကုန်အံ့”ဟု ကျင့်ရမည်၊ သင်တို့ ဤအတိုင်း ကျင့်ဟု ဟောတော်မူသည်။

အပါယ်လေးဘုံ ဖြစ်သူများ

ပြင်ဆင်ရန်
  • လူ့ ပြည်မှ စုံတေ၍ လူ့ပြည်ပြန်ဖြစ်၊ နတ်ပြည်သွားသူများ နည်း၍ ငရဲဘုံတိရစ္ဆာန်မျိုး ပြိတ္တာဘုံ ဖြစ်သူတို့သာ များသည်။
  • နတ်ပြည်မှ စုတေ၍ နတ်ပြည်ပြန်ဖြစ်၊ လူ့ပြည်သွားသူများ နည်း၍ အပါယ်သွား သူတို့ (အထက် ၃-နေရာ)များသည်။
  • ငရဲမှ စုတေ၍ လူနတ်တို့၌ သွားသူများ နည်း၍ အပါယ်သွားသူတို့ များသည်။
  • တိရစ္ဆာန်မျိုးမှ စုတေ၍ လူနတ်တို့၌ သွားသူများ နည်း၍ အပါယ်သွားသူတို့ များသည်။
  • ပြိတ္တာဘုံမှ စုတေ၍ လူနတ်တို့၌ သွားသူများ နည်း၍ အပါယ်သွားသူတို့ များသည်။

ဇမ္ဗူဒိပ်ကျွန်း ဇမ္ဗုသပြေပင်ဖြင့် ထင်ရှားသော တောင်ကျွန်းတည်း၊ ဤကျွန်း၏ အမှတ်အသား ဇမ္ဗုသပြေပင်ကား အမြင့်ယူဇနာ ၁၀၀၊ ကိုင်းခက်များ ၅၀၊ ပင်စည်လုံးပတ် ၁၅-ယူဇနာရှိကာ ဟိမဝန္တာတောင်၌ ပေါက်၍ တကမ္ဘာလုံး တည်သည်။

ထို့အတူ အနောက်ကျွန်း ထိန်ပင်၊ မြောက်ကျွန်း ပဒေသာပင်၊ အရှေ့ကျွန်း ကုက္ကိုပင်၊ အသူရာပြည် သခွတ်ပင်၊ ဂဠုန်ပြည် လက်ပံပင်၊ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်တို့လည်း တကမ္ဘာလုံး တည်ကြသည်။

ရေနေသတ္တဝါများပုံ

ပြင်ဆင်ရန်

သီဟိုဠ်ကျွန်းမှ ယူဇနာ ၇၀၀-ဝေးသော သထုံပြည်သို့ လေကောင်းလျှင် ၇-နေ့ ၇-ည နှင့် ရောက်နိုင်သည်၊ အခါတစ်ပါး ၇-ရက်ပတ်လုံး ငါး၏ ကျောပေါ်သာ သွားရခြင်းအားဖြင့် ရေနေသတ္တဝါများပုံ သိသာသည်။

ရေကန်ကြီးတစ်ခု၌ ကြာရုံတစ်ခုတွင် အရွက် ၄-ရွက်သည် ကျွန်းကြီး ၄-ကျွန်း၊ အလယ်ကြာရုံသည် မြင်းမိုရ်တောင်၊ ကြွင်းသမျှကား ရေသာဖြစ်သည့် ရေသာဖြစ်သည့် ပမာ စကြဝဠာကြီး၌လည်း ဤအတူပင် ကုန်းနည်း၍ ရေများပုံဖြင့်လည်း ရေနေသတ္တဝါများပုံ သိနိုင်သည်၊ တန်ခိုးရှင်များ ကောင်းကင်က သွားလျှင် ထင်ရှားသည်။

မဇ္ဈိမဒေသတိုက်

ပြင်ဆင်ရန်

အရှေ့အရပ်၌ ဂဇင်္ဂလနိဂုံးနှင့် အင်ကြင်းပင်ကြီး၊ အရှေ့တောင် အရပ်၌ သလ္လာဝတီမြစ်၊ တောင်အရပ်၌ သေတကဏ္ဏိက နိဂုံး၊ အနောက်အရပ်၌ ထုဏပုဏ္ဏားရွာ၊ မြောက်အရပ်၌ ဥသီရိဒ္ဓဇတောင်၊ ဤနယ်နိမိတ်သည် မဇ္ဈိမတိုက်မည်၍ အပြင်ကား အစွန်ဇနပုဒ် မည်သည်၊ မဇ္ဈိမတိုက်ကား မုရိုးစည်သဏ္ဌာန် ရှိ၍ အဖြောင့်အားဖြင့် အချို့နေရာ ယူဇနာ ၈၀၊ အချို့နေရာ ၁၀၀၊ အချို့ ၂၀၀ ရှိသည်။ အလယ် ကားယူဇနာ ၃၀၀-ရှိ၍ အဝန်းယူဇနာ ၉၀၀-ရှိသည်။

ဤအရပ်၌သာ ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါ သာဝကများ၊ အလုပ်အကျွေးများနှင့် ဘုရားမယ်တော် ခမည်းတော်၊ စကြာမင်းများ ဖြစ်နိုင်သည်၊ တနည်းအားဖြင့် ဇမ္ဗူဒိပ် တကျွန်းလုံး မဇ္ဈိမဒေသ၊ ကြွင်း ၃-ကျွန်း တိုင်း စွန်ပြည်နား ဇနပုဒ်၊ သီဟိုဠ်ကျွန်း၌ အနုရာဓမြို့သည် မဇ္ဈိမဒေသ၊ ကြွင်းအရပ်များသည် တိုင်းစွန်ပြည်နား ဇနပုဒ်ဟု အချင်းချင်း ထောက်ဆ၍လည်း ကောက်ယူနိုင်သည်။

ထမင်းကောင်း အရသာကောင်း ရသူမည်သည်

ပြင်ဆင်ရန်

ခဲဖွယ်ဘောဇဉ် လိုချင်စိတ်ရှိဆဲ၊ ခဏမရ၊ ရပြန်လျှင်လည်း အဆင်းအနံ့အရသာ မနှစ်ခြိုက်လျှင် ရသူမမည်သေးပါ၊ စိတ်ကြိုက် အဆင်းအနံ့အရသာရှိ ပစ္စည်းကိုရမှ ရသူမည်သည်၊ အမြင့်ဆုံး စကြာမင်း အနိမ့်ဆုံး ဓမ္မာသောကမင်းတို့ကား ရသူမည်ကြသည်။ အချုပ်အားဖြင့် တသိန်းတန် ထမင်းပွဲသည် ထမင်းကောင်း ရသာကောင်း ဖြစ်သည်။ လူများ မွန်မြတ်စွာ သံဃာများကျွေးသော ဆွမ်းကား ခွက်လက်စွဲကာ တောင်းရသော ထမင်းနှင့် နှိုင်းစာလျှင် ထမင်းကောင်း ရသာကောင်းဟု ဆိုနိုင်သည်။ []

  1. တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ