အမှားမြင်ခြင်း မိစ္ဆာဒိဋ္ဌိတရားသည် မဖြစ်သေးသော အကုသိုလ်ဖြစ်ကြောင်း၊ ဖြစ်ပြီး အကုသိုလ်တိုးပွားကြောင်း၊ မဖြစ်သေးသောကုသိုလ် မဖြစ်ကြောင်း၊ ဖြစ်ပြီးကုသိုလ် ဆုတ်ယုတ်ကြောင်းဖြစ်သည်၊ မိစ္ဆာဒိဋ္ဌိနှင့်တူသော အခြားတခုသော တရားကိုမှလည်း ငါမမြင်ဟု ဟောတော်မူ၍ မိစ္ဆာဒိဋ္ဌိအယူရှိသူအတွက်လည်း နည်းတူဟောတော်မူသည်။ အမှန်မြင်ခြင်း သမ္မာဒိဋ္ဌိတရား၊ သမ္မာဒိဋ္ဌိအယူရှိသူအတွက် အပြန်အားဖြင့် ဟောတော်မူသည်၊ (မဖြစ်သေးသော ကုသိုလ်ဖြစ်ကြောင်း စသည် ၄-ချက်)။

အကြောင်းမသင့် နှလုံးသွင်းခြင်း

ပြင်ဆင်ရန်

အယောနိသော မနသိကာရတရားသည် မဖြစ်သေးသော မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း၊ ဖြစ်ပြီးမိစ္ဆာဒိဋ္ဌိ တိုးပွားကြောင်းဖြစ်သည်၊ အယောနိသော မနသိကာရနှင့်တူသော အခြားတခုသော တရားကိုမျှလည်း ငါမမြင်ဟု ဟောတော်မူ၍ အကြောင်းမသင့် နှလုံးသွင်းသူအတွက်လည်း နည်းတူ ဟောတော်မူသည်။ အကြောင်းသင့် နှလုံးသွင်းခြင်း ယောနိသော မနသိကာရတရား အကြောင်းသင့် နှလုံးသွင်းသူအတွက် မဖြစ်သေးသော သမ္မာဒိဋ္ဌိဖြစ်ကြောင်း ဖြစ်ပြီး သမ္မာဒိဋ္ဌိတိုးပွားကြောင်း ဖြစ်သည်ဟု အပြန်အားဖြင့် ဟောတော်မူသည်။

မိစ္ဆာဒိဋ္ဌိတရားသည် သတ္တဝါများ သေပြီးနောက် ငရဲရောက်ကြောင်း ဖြစ်သည်၊ မိစ္ဆာဒိဋ္ဌိနှင့်တူသော အခြားတခုသော တရားကိုမျှလည်း ငါမမြင်ဟု ဟောတော်မူ၍ မိစ္ဆာ ဒိဋ္ဌိအယူရှိသူအတွက်လည်း နည်းတူဟောတော်မူသည်။

သမ္မာဒိဋ္ဌိတရား သမ္မာဒိဋ္ဌိအယူရှိသူအတွက် နတ်ပြည်ဟု အပြန်ဟောတော်မူသည်။

မိစ္ဆာဒိဋ္ဌိယူသူအား အယူအလျောက် ပြည့်စုံစွာ ဆောက်တည်အပ်သော ကာယ, ၀စီ, မနောကံ၊ စေ့ဆော်မှုစေတနာ၊ တောင့်တမှုပတ္ထနာ၊ စိတ်ဆောက်တည်မှု ပဏိဓိ၊ ပြုပြင်မှု သင်္ခါရတို့သည် အယူယုတ်ညံ့သောကြောင့် မလိုလား မနှစ်သက်ဖို့ ဆင်းရဲ ဖို့သာ ဖြစ်ကုန်၏၊ မြေစို၌ စိုက်အပ်သော တမာ ဗူးခါးမျိုးစေ့များအတွက် လောင် အပ်သော မြေဩဇာ ရေဩဇာများသည် မျိုးစေ့ ယုတ်ညံ့သောကြောင့် ခါးသက်ဖို့ရာသာ ဖြစ်သကဲ့သို့တည်း။

သမ္မာဒိဋ္ဌိယူသူအတွက် အယူကောင်းသောကြောင့် ချမ်းသာဖို့သာ ဖြစ်ကုန်သည်၊ ကြံမျိုစေ့ သပြက်မျိုးစေ့များအတွက် မျိုးစေ့ကောင်းသောကြောင့် ချိုမြိန်ဖို့ရာသာ ဖြစ်သကဲ့သို့တည်းဟု ဥပမာနှင့်တကွ အပြန်ဟောတော်မူသည်။

အမြင်မှား မိစ္ဆာဒိဋ္ဌိ ၆၂-ပါး

ပြင်ဆင်ရန်

အချုပ်အားဖြင့်ခွဲလျှင် အဟေတုက၊ အကိရိယ၊ နတ္ထိက၊ ဒိဋ္ဌိကြီး ၃-ပါးမှာ နတ်ပြည်နှင့် မဂ် ၂-ခုလုံး တားသည်၊ အန္တဂ္ဂါဟိက ဒိဋ္ဌိ ၁၀ - ပါးသည် မဂ်ကိုသာ တား၍ နတ်ပြည်မတား၊ သက္ကာယဒိဋ္ဌိ ၂၀- ကား ၂ - မျိုးလုံးကိုပင် မတားပေ။

ဤအစီအစဉ်ကိုပယ်ကာ ဤသုတ်၌ “မိစ္ဆာဒိဋ္ဌိယူသူများ သေလျှင် ငရဲ”ဟု ဟောတော်မူသောကြောင့် သက္ကာယဒိဋ္ဌိ အစထား၍ ဒိဋ္ဌိအားလုံး နတ်ပြည်မရောက်နိုင်၊ ငရဲသာတည်း၊ ပဲနောက်မျှ ကျောက်ခဲသော်လည်း ရေချလျှင် မပေါ် အောက်မြုပ်သကဲ့သို့ဟု မိန့်သည်။

အမြင်မှန်သမ္မာဒိဋ္ဌိ ၅ -ပါး

ပြင်ဆင်ရန်

ကမ္မဿကတ၊ ဈာနဝိပဿနာ၊ မဂ္ဂ၊ ဖလ သမ္မာဒိဋ္ဌိဟု ၅-ပါးရှိရာ ကမ္မဿကတာသမ္မာဒိဋ္ဌိသည် ဘဝကောင်းကိုရစေ၍ ဈာနသမ္မာ ဒိဋ္ဌိသည် ဗြဟ္မာ့ပြည်ရောက်စေသည်၊ မဂ္ဂသမ္မာဒိဋ္ဌိသည် ဝဋ်ကိုဖျက်ဆီး၍ ဖလသမ္မာဒိဋ္ဌိ သည် ဘဝကို တားမြစ်သည်။

ဝိပဿနာသမ္မာဒိဋ္ဌိသည်လည်း ပဋိသန္ဓေမယူပါ၊ “ယခုဘ၀ အရဟတ္တဖိုလ် ရလျှင်ရ၊ မရလျှင် ၇ - ဘဝမျှ အကျိုးပေးသည်”ဟု တိပိဋက စူဠာဘယထေရ် မိန့်သည်။ []

  1. တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ကောသလ္လ ပြည်။ မြတ်ဗုဒ္ဓ၏ အင်္ဂုတ္တရနိကာယ် မြန်မာ ကျမ်းစာ