ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပါရိစရိယလေးမျိုးကို လက်မခံပဲ ဗြာဟ္မဏ (ပုဏ္ဏား)တို့ ပညတ်ထားသော အမျိုးလေးပါးတို့၏ (၁)ပြုစုလုပ်ကျွေးမှု၊ (၂)ကိုယ်ပိုင်ဥစ္စာတို့နှင့် ဆက်စပ်၍ ဟောတော်မူသည့်သုတ်။

(၁)ပြုစုလုပ်ကျွေးမှုနှင့် ဆက်စပ်၍ ဗြာဟ္မဏတို့ ပညတ်အပ်သော အမျိုးလေး ပါးတို့၏ ပြုစုလုပ်ကျွေးခြင်းတို့သည် ဆင်းရဲသားကို နိုင်ထက်စီးနင်းပြု၍ အသားဝေစုကို ယူစေသကဲ့သို့ ဖြစ်ပုံ၊ အမျိုးလေးပါးတို့ အမှန်အတိုင်း လက်ခံသော ပြုစုလုပ်ကျွေး ခြင်းသည် “ပြုစုလုပ်ကျွေးခြင်းကြောင့် ယုတ်ညံ့သော အပြစ်မဖြစ်ပဲ မြင့်မြတ်သော အကျိုးကျေးဇူးရှိသော ပြုစုလုပ်ကျွေးခြင်းသာ”ဖြစ်ပုံ၊

(၂)သူခပ်သိမ်းတို့ လက်မခံသော ဗြာဟ္မဏတို့ ပညတ်ထားသော အမျိုးလေး ပါးတို့၏ ကိုယ်ပိုင် (လုပ်ငန်း)ဥစ္စာတို့နှင့် ဆက်စပ်၍ ဘုရားရှင်က ဧသုကာရီပုဏ္ဏားအား “မြတ်သောလောကုတ္တရာတရားသည် ယောက်ျား၏ ကိုယ်ပိုင်ဥစ္စာဖြစ်ပုံ၊ လောင်စာ ကိုစွဲ၍ ထင်းမီး, ဝါးမီး, မြက်မီး, နွားချေးမီး-ဟု ဖြစ်လာသလို ရှေး၌ဖြစ်သော မိဖ တို့မှ ဆင်းသက်လာသော ကိုယ်ခန္ဓာဖြစ်ရာ အမျိုးအနွယ်ကိုစွဲ၍ ခတ္တိယ, ဗြာဟ္မဏ, ဝေဿ, သုဒ္ဓ-ဟု အမျိုးအနွယ် ဖြစ်ပေါ်လာပုံ၊ ထိုအမျိုးလေးပါးတို့ လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ဘုရားရှင် ဟောကြားတော်မူအပ်သော ဓမ္မဝိနယကို သိခြင်းကြောင့် ဒုစရိုက် ၁၀-ပါးမှ ရှောင်ကြဉ်၍ သုစရိုက် ၁၀-ပါးကို ကျင့်သုံးပါက နည်းမှန်လမ်းမှန်ဖြင့် ကုသိုလ်တရားကို ပြည့်စုံစေသူ ဖြစ်ပုံကို မေတ္တာ ပွားများသော ဥပမာ, ဆပ်ပြာဖြင့် ရေချိုးသော ဥပမာ, ထင်းမီး ဥပမာတို့ဖြင့် အကျယ် ရှင်းလင်း၍ ဟောကြားတော်မူပါသည်။

ဒေသနာတော်အဆုံး၌ ဧသုကာရီပုဏ္ဏား ဥပါသကာအဖြစ် ခံယူသွားပုံကို ပြဆိုသည့်သုတ်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၂၊၃၈၈-၃၉၅။ မ၊မြန်၊၂၊၃၉၃-၄၀၀။ မ၊ဋ္ဌ၊၃၊၂၉၂။ မ၊ဋီ၊၂၊၁၉၅-၆။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၅-ဗြဟ္မဏဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ