၂၀၁၁ တူရကီနိုင်ငံ ဗန်းငလျင်

၂၀၁၁ ခုနှစ် တူရကီနိုင်ငံ အရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်များ
ဗန်းငလျင်လှုပ်ခတ်ရာပြမြေပုံ


ဗန်းပြည်နယ်ဒေသရှိ ငလျင်ကြောများပြမြေပုံ


ဗန်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးနေမှုမြင်ကွင်း


ဗန်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးနေမှုမြင်ကွင်း


ငလျင်ဆိုင်ရာအချက်အလက်များ ပြင်ဆင်ရန်

ငလျင်ဆိုင်ရာ အချက်အလက်များမှာ အောက်ပါဇယားအတိုင်း ဖြစ်သည်။ (၁.၁၁.၂၀၁၁) ရက်နေ့အထိ စာရင်း ဖြစ်သည်။

စဉ် အကြောင်းအရာ ပမာဏ၊ အရေအတွက်
ငလျင်ပြင်းအား ၇.၁ - ၇.၂ မဂ္ဂနီကျု။
ငလျင်လှုပ်သောအချိန် ၂၀၀၁ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်၊ ဒေသစံတော်ချိန် (၁၃:၄၁)နာရီ။
ငလျင်ဗဟိုချက်မ၏အနက် ၂၀ ကီလိုမီတာ (၁၂.၄ မိုင်)။
ငလျင်သက်ရောက်သောဒေသ တူရကီနိုင်ငံ အရှေ့ပိုင်း၊ ကော့ကေးဆပ်တောင်ပိုင်း နှင့် လီးဗန့်ဒေသ
သေဆုံး၊ ဒဏ်ရာရမှု သေဆုံးသူ (၆၀၁)ဦး၊ ဒဏ်ရာရသူ (၄၁၅၂)ဦး။
အဆောက်အဦပျက်စီးမှု ၁၁၂၃၂ လုံး။
ပြင်ဆင်၍မရတော့သောပျက်စီးမှု ၆၀၁၇ လုံး။
ပြုပြင်နေထိုင်နိုင်သောအဆောက်အဦ ၅၂၁၅ လုံး။
အိုးအိမ်မဲ့အိမ်ထောင်စုပေါင်း ၈၃၂၁ စု။
၁၀ အိုးအိမ်မဲ့လူဦးရေ ၆၀,၀၀၀ ဦးခန့်။

ကနဦးသတင်း ပြင်ဆင်ရန်

တူရကီနိုင်ငံအရှေ့ပိုင်း၊ ဗန်းမြို့အနီးတွင် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့က ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ အဆောက်အဦဆောက် လုပ်မှုစံနှုန်းနိမ့်ကျမှု၊ ငလျင်ပြင်းထန်မှုကြောင့် လူ ၁၀၀၀ ကျော်မှာ သေဆုံးပြီး ဖြစ်ဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းခဲ့သည်။ အီရန်နိုင်ငံနယ်စပ်နှင့်ထိစပ်နေသော တောင်ထူထပ်သည့် ဗန်းပြည်နယ်ရှိ လူဦးရေ ၇၅၀,၀၀၀ ခန့်နေထိုင်သော အာဆစ်မြို့မှာ ငလျင်ဒဏ်အပြင်း ထန်ဆုံးခံခဲ့ရသည်။ တူရကီနိုင်ငံ၏ ငလျင်လှုပ်ခတ်မှုအများဆုံး ငလျင်ကြော တစ်ခုဖြစ်သော အာဆစ်ငလျင်ကြောပေါ်တွင် ယင်းမြို့တည်ရှိနေခြင်း ဖြစ်သည်။ အာဆစ်မြို့တွင် ကျောင်းဆောင်တစ်ခု၊ ၁၀ ထပ် အဆောက်အဦတစ်ခု အပါအဝင် အဆောက်အဦ ၃၀ ခန့် ပြိုကျပျက်စီးခဲ့သည်ဟု တူရကီ ဒုတိယဝန်ကြီးချုပ် ဘီဆာ အက်တာလေက ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်ခဲ့ပြီး သုံးနာရီအတွင်း ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်နှစ်ကြိမ်အပါအဝင် နောက်ဆက်တွဲငလျင်ရှစ်ကြိမ် လှုပ်ခတ်ခဲ့သည်ဟု အမေရိကန်သိပ္ပံပညာရှင်များက မှတ်တမ်းတင်နိုင်ခဲ့သည်။ ငလျင်ကြောင့် အိမ်နီးချင်း အာမေးနီးယားနိုင်ငံတွင် အဆောက်အဦများ တုန်ခါခဲ့ပြီး တူရကီနယ်စပ်နှင့်နီးသော အီရန်နိုင်ငံရှိ မြို့များတွင်လည်း ခံစားခဲ့ရသည်။ [၁]

နောက်ဆုံးသတင်း ပြင်ဆင်ရန်

အင်အားပြင်း ဗန်းငလျင်ကြောင့် သေဆုံးသူအရေအတွက် ၅၃၄ ဦး ထိ မြင့်တက်လာကြောင်းနှင့် ငလျင်ဖြစ်ပွားရာနေရာတွင် မိုးရွာပြီး နှင်းကျမှုများကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည့် လူထောင်ပေါင်း များစွာအတွက် အခက်အခဲများစွာ ဖြစ်ခဲ့ရကြောင်း အစိုးရအဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ငလျင်ကြောင့် လူ ၂၃၀၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၁၈၅ ဦးကို အုတ်ကျိုးအုတ်ပဲ့များကြားမှ ကယ်တင်နိုင်ခဲ့ကြောင်း အကျပ်အတည်းနှင့် အရေးပေါ်စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ တူရကီနိုင်ငံရှိ ကန်ဒီလီ (Kandilli) မြေငလျင်ပညာဌာန၏ တိုင်းတာချက်အရ ဟက္ကာရီ (Hakkari) ပြည်နယ်အနီးတွင် ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်လှုပ်တစ်ခု အောက်တိုဘာ ၂၇ ရက်နေ့က ထပ်မံလှုပ်ခဲ့ကြောင်း သိရသည်။ ထိုငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ပြတင်းပေါက်ကိုဖြတ်ပြီး လွတ်မြောက်ရန်ကြိုးပမ်းမှုများ ပြုလုပ်စဉ်တွင် လူအချို့ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း NTV ရုပ်သံက ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ဗန်းငလျင်ကြောင့် အဆောက်အအုံ ၂၀၀၀ ထက်မနည်း ပျက်ဆီးခဲ့ရသည်။

ကယ်ဆယ်ရေး ပြင်ဆင်ရန်

နိုင်ငံခြားကူညီထောက်ပံ့မှုများကို တူရကီနိုင်ငံက လက်ခံခဲ့သည်။ တူရကီနှင့် နိုင်ငံရေး ဆက်ဆံမှုတွင် ပြဿနာရှိခဲ့သော အစ္စရေးနိုင်ငံကလည်း အရေးပေါ် အိမ်ဆောက်ပရိဘောဂများ၊ စောင်နှင့် အဝတ်အထည်များကို ပို့ပေးခဲ့သည်။ ဂျာမနီနိုင်ငံကလည်း အပူပေးရွက်ဖျင်တဲများ အပါအဝင် ထောက်ပံ့ရေးပစ္စည်းများဖြင့် အကူအညီပေးခဲ့သည်။ အလားတူ ဗြိတိန်နိုင်ငံကလည်း လူ ၅၅၀၀ ကျော်နေထိုင်နိုင်မည့် ရွက်ဖျင်တဲ ၁၀၀၀ ပို့ပေးခဲ့သည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံ တို့ကလည်း ကူညီထောက်ပံ့ပေးခဲ့ သည်။ နိုင်ငံအတွင်းရှိ ရုပ်သံဌာန တစ်ဒါဇင်ကျော်ကလည်း ကူညီ ထောက်ပံ့မှုပြုနိုင်ရန်အတွက် ရုပ်သံ အစီအစဉ်တစ်ခု အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ဒုက္ခသည်များအခြေအနေ ပြင်ဆင်ရန်

မိုးရွာသွန်းခဲ့ပြီး ရံဖန်ရံခါ နှင်းကျမှုများကြောင့် ငလျင်ကြောင့် အိမ်ခြေမဲ့ဖြစ်ခဲ့သည့်သူ ထောင်ပေါင်းများစွာအတွက် အခက်အခဲများစွာ ဖြစ်ခဲ့ရသည်။ [၂]

ကိုးကား ပြင်ဆင်ရန်