ကပ္ပိယကာရကနှင့် ဈေးဝယ်ခြင်း ပြင်ဆင်ရန်

မြတ်စွာဘုရားရှင်သည် ရွှေငွေတို့ကို လက်ခံခြင်း၊ မိမိ ကိုယ်ထိလက်ရောက် တိုက်ရိုက် လက်ခံထားသော အလှူခံထားသော ငွေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ ကပ္ပိယကို ခိုင်း၍ဖြစ်စေ ဈေးသည် စသူတို့၏ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းများကို လဲလှယ်ခြင်း၊ ဝယ်ယူခြင်းတို့ကို တားမြစ်တော်မူသည်။ ကယဝိက္ကယသိက္ခာပုဒ်တော်ဖြင့် ပစ္စည်းမျိုးစုံ ရောင်းခြင်းဝယ်ခြင်း အရောင်းအဝယ် အလုပ်ကို တားမြစ်တော်မူသည်။ [၁]

အလိုရှိကြောင်းသာ ပြောပါ ပြင်ဆင်ရန်

ကပ္ပိယဖြင့် ဈေးဆိုင်သို့ သွားပြီး သင်္ကန်းဝယ်ပေးပါ၊ သပိတ်ဝယ်ပေးပါဟု မပြောကောင်းပေ၊ ဤသင်္ကန်း အလိုရှိသည်၊ စာအုပ်အလိုရှိသည် စသည်ဖြင့် အလိုရှိကြောင်းကိုသာ ပြောကောင်းသည်၊ ကပ္ပိယကို ဘာဝယ်ပေးပါဟု ခိုင်းလျှင် ကိုယ်တိုင်ဝယ်သည်နှင့် အတူတူပင် ဖြစ်၏။[၁]


မအပ်သောလဲနည်း ပြင်ဆင်ရန်

ဈေးသည် ... စသူတို့အထံ၌ ရှိသောပစ္စည်းကို မိမိမှာရှိသော သင်္ကန်း ဖိနပ်စသည်ဖြင့် လဲလှယ်ယူလိုလျှင် မိမိကိုယ်တိုင် “ဤသင်္ကန်းဖြင့် ထိုသပိတ်ကို ပေးပါ” ဟူ၍ လည်းကောင်း၊ “ဤသင်္ကန်းကိုယူလော့၊ ထိုသပိတ်ကို ပေးလော့”ဟူ၍လည်းကောင်း ပြောဆို၍ မလဲလှယ် ကောင်းပေ။ ဤသို့ လဲလှယ်သောစကားမျိုးကို ပြော၍ကား လူ့ပစ္စည်းမှန်လျှင် မိဘပစ္စည်းကိုပင် မလဲကောင်းပေ။[၁]

အပ်သောလဲနည်း ပြင်ဆင်ရန်

“ဈေးသည်ထံက ထိုသပိတ်ကို လိုချင်သည်၊ ဤ သင်္ကန်းဖြင့် လဲပေးစမ်း”ဟုကား ကပ္ပိယလုပ်သူကို ပြောကောင်းသည်၊ ကျောင်းသား ကပ္ပိယမရှိလျှင် မိမိကိုယ်တိုင် ဈေးဆိုင်သို့သွား၍ ဈေးသည်မှတပါး ဈေးသည်၏သားသမီး စသူကိုပင် “ငါ့မှာသင်္ကန်းရှိသည်၊ ဤသင်္ကန်းဖြင့် ထိုသပိတ်ကို လဲပေးပါ”ဟု စေခိုင်း၍ လဲကောင်း၏။ မည်သည့်နည်း နှင့်မျှ ကပ္ပိယရှာမရလျှင်သို့မဟုတ် ကပ္ပိယ မရှာလိုလျှင် ဈေးသည်ထံ သွား၍-

“ငါ့မှာ ဤသင်္ကန်းရှိသည်၊ သင်္ကန်းတော့ အသုံး မကျပါ၊ သပိတ်သာ လိုပါသည်”ဟု ပြောရာ ဈေးသည်က သင်္ကန်းကိုယူ၍ သပိတ်ကိုပေးလိုက်လျှင် ထိုသပိတ် အပ်၏၊ ဤနည်းဖြင့် ဈေးသည်များထံ အပ်သောပစ္စည်းဖြင့် လဲယူ နည်းကို သတိပြုရပေမည်။ အရောင်းအဝယ်ကိစ္စကို မြတ်စွာဘုရား လိုလားတော်မမူသဖြင့် မဖြစ်မနေ ဆောင်ရွက် ရသောအခါ ကပ္ပိယကာရကတို့နှင့် ဈေးဝယ်ခြင်းသည် အကောင်းဆုံး အပြစ်အကင်းဆုံး ဖြစ်ပေသည်။[၁]

ခိုင်းစေရာ၌ အပ် မအပ် ပြင်ဆင်ရန်

တောင်းရမ်း စားသောက်နေသော စားကြွင်း စားနှင့် လက်သမား စသူကို မြင်၍ “ဤထမင်းကို စားပြီးလျှင် ဆိုးရည်ခေါက် ခွါပေးစမ်းလော့၊ ကျောင်းကို ပြုပြင်ပေးစမ်းလော့”စသည်ဖြင့် ခိုင်းရာ၌ အာပတ်သင့်သည်။ ထိုသို့ ခိုင်းစေသည့်အတွက် ဆိုးရည်ခေါက်စသော ပစ္စည်းတစုံတရာရလျှင် ထိုပစ္စည်းပါ စွန့်ရ၏။ ကျောင်းပြင်၊ ခေါင်းရိတ်ခိုင်းခြင်းစသည်၌ ပစ္စည်းတစုံတရာမရလျှင် အာပတ်ကိုသာ ဒေသနာပြောရမည်။ “ထမင်းကိုစားပြီးလျှင် အလုပ်လုပ်”ဟု တဆက်တည်း (တစ်ခွန်းတည်း)မပြောဘဲ-

“ဤထမင်းကို စားလော့၊ ဤအလုပ်ကို လုပ်လော့”ဟု စကားနှစ်ဝါကျခွဲ၍ ပြောဆိုစေခိုင်းလျှင်မူ အပ်ပါ၏။[၁]


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၁၃၇-၁၃၈။