ကယားပြည်နယ်နေ့
ကယားပြည်နယ်နေ့ (အင်္ဂလိပ်: Kayah Day) သည် ကရင်နီပြည်နယ်မှ ကယားပြည်နယ် အဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သော အထိမ်းအမှတ်နေ့ဖြစ်သည်။ ဒေသခံများကမူ ကယားဒေး ဟု ခေါ်ဝေါ်ကြသည်။ နှစ်စဉ် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပလေ့ရှိကာ ကယားပြည်နယ်၏ အကြီးမားဆုံးပွဲတော်ဖြစ်သည်။
(၆၈)နှစ်မြောက်ပွဲတော် မုခ်ဦး | |
နေ့ရက် | ၁၅ ဇန်နဝါရီ |
---|---|
နေရာ | ကယားဒေးကွင်း |
တည်နေရာ | လွိုင်ကော်မြို့၊ ကယားပြည်နယ် |
အခြားအမည် | ကယားဒေး |
စီစဉ်သူ | ကယားပြည်နယ် အစိုးရအဖွဲ့ |
သမိုင်းကြောင်း
ပြင်ဆင်ရန်ကန္ဒရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးတို့ ပါဝင်သည့် ကရင်နီနယ်များဟု ယခင်က ခေါ်ဝေါ်ခဲ့သော ဒေသများကို ပြည်ထောင်စု၏ အဖွဲ့ဝင်အဖြစ် "ကရင်နီပြည်နယ်" ဟုခေါ်ဝေါ်ရန် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုနယ်များ၏ အကြီးအကဲများဖြစ်သော စောဖျာများသည် လူမျိုးစုလွှတ်တော်တွင် ကရင်နီပြည်နယ်အမတ်များအဖြစ် ပါဝင်ခဲ့ကြသည်။ ပါလီမန် အမတ် ဦးစိန်က ကရင်နီဆိုသည်မှာ အခြားလူမျိုးများနှင့် ထင်ယောင်ထင်မှားဖြစ်စေသဖြင့် မူလ ကယားအမည်ကို ပြန်လည်ပြောင်းပေးရန် ၁၉၄၉ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့တွင်လည်းကောင်း၊ ၁၉၅၀ပြည့်နှစ် ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင်လည်းကောင်း ပါလီမန်သို့ တင်ပြခဲ့သည်။ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ဖွဲ့စည်းပုံအခြေခံဥပဒေအား လွယ်ကူစွာ မပြုပြင်ကြရန်နှင့် ဒေသခံတို့၏ သဘောထားဆန္ဒပါရှိမှသာ နည်းလမ်းရှာ၍ ပြင်ဆင်ကြရန် အကြံပြုခဲ့သည်။ ထို့ကြောင့် ပါလီမန်၏ အဖွဲ့ဝင် (၁၀)ဦးပါဝင်သော အဖွဲ့ဖြင့် မေးခွန်းလွှာ (၁၉,၅၀၀) ကို ဖြန့်ဝေခဲ့ပြီး အဖြေလွှာ (၇,၆၆၅) စောင်ကို ပြန်လည်ရရှိခဲ့သည်။[၁] ထိုရလဒ်များကို အခြေခံကာ ၁၉၅၂ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေအရ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။[၂][၃] ဒေသခံများနှင့် တိုင်းရင်းသားအရေးလှုပ်ရှားသူများအနက် ပြည်သူ့ဆန္ဒသဘောထားမပါဘဲ ပြောင်းလဲခဲ့သည်ဟု ပြောကြသူများလည်း ရှိကြသည်။ ထိုသို့အမည်ပြောင်းလဲခဲ့သော ဇန်နဝါရီလ (၁၅)ရက်နေ့ကို ကယားပြည်နယ်နေ့ဟု သတ်မှတ်ခဲ့သည်။[၄]ဗြိတိသျှအင်ပါယာကို ဆန့်ကျင်တော်လှန်ခဲ့သည့် ကယားလူမျိုးခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကို သတိရရန်အတွက်လည်း ကျင်းပခြင်းဖြစ်သည်။[၅]
ပွဲတော်ကျင်းပခြင်း
ပြင်ဆင်ရန်ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၂၀)ရက်နေ့ခန့်အထိ ကျင်းပလေ့ရှိကြသည်။[၅] လွိုင်ကော်လေဆိပ်၏ အရှေ့ဘက်ရှိ ကယားဒေးကွင်းတွင် ကျင်းပခြင်းဖြစ်ကာ ဌာနဆိုင်ရာ ပြခန်းများ၊ တက္ကသိုလ်ပြခန်းများ၊ ယဉ်ကျေးမှုပြခန်းများ၊ ဈေးဆိုင်တန်းများ၊ ဖျော်ဖြေပွဲများ ထည့်သွင်းကျင်းပလေ့ရှိသည်။[၆] ကယားပြည်နယ်၏ အကြီးမားဆုံးပွဲတော် ဖြစ်သည်နှင့်အညီ ပြည်နယ်တစ်ခုလုံးမှနေ၍ မြို့တော် လွိုင်ကော်မြို့သို့ လာရောက်ဆင်နွှဲကြသည်။ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် လွိုင်ကော်မြို့၌ ကျောင်းများ၊ တက္ကသိုလ်များ ပိတ်လေ့ရှိသည်။ ၂၀၁၁ခုနှစ်နောက်ပိုင်းတွင် ကယားပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင်တက်ရောက်ခြင်း၊ သဝဏ်လွှာပေးပို့ခြင်းတို့ ပြုလုပ်လေ့ရှိသည်။[၂][၃] အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်များအဖြစ် ကယားမျိုးနွယ်စု (၉)စုမှ မျိုးနွယ်စုခေါင်းဆောင်များက ဆောင်ရွက်ကြသည်။[၇]
ကိုးကား
ပြင်ဆင်ရန်- ↑ "ကရင်နီမှကယားသို့ အမည်နာမ ပြောင်းလဲခြင်"။
- ↑ ၂.၀ ၂.၁ "နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့"။
- ↑ ၃.၀ ၃.၁ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ"။
- ↑ "လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် ၆၉ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပ"။
- ↑ ၅.၀ ၅.၁ "ကယားပြည်နယ်"။
- ↑ "(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲအတွက် ဆုများပေးအပ်ချီးမြှင့်"။
- ↑ "နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အခမ်းအနားကျင်းပ"။