လွိုင်ကော်မြို့

ကယား(ကရင်နီ)ပြည်နယ်၏ မြို့တော်

လွိုင်ကော်မြို့ သည် မြန်မာနိုင်ငံကယားပြည်နယ်‌၏ မြို့တော်ဖြစ်သည်။ လွိုင်ကော်မြို့သည် တောင်ငူမြို့၏ အရှေ့မြောက်ဘက်နှင့် ရှမ်းပြည်နယ်တောင်ကြီးမြို့၏ တောင်ဘက်တွင် တည်ရှိသည်။

လွိုင်ကော်မြို့
သီရိဒေါ
ဝေင်ꩻလေကောႏ
ပြည်နယ်မြို့တော်
Skyline of လွိုင်ကော်မြို့
လွိုင်ကော်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လွိုင်ကော်မြို့
လွိုင်ကော်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 19°40′N 97°12′E / 19.667°N 97.200°E / 19.667; 97.200ကိုဩဒိနိတ်: 19°40′N 97°12′E / 19.667°N 97.200°E / 19.667; 97.200
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကယား
ခရိုင်လွိုင်ကော်
မြို့နယ်လွိုင်ကော်မြို့နယ်
လတ္တီကျု(၁၉)ဒီဂရီ၊ (၄၀)မိနစ်
လောင်ဂျီကျု(၉၇)ဒီဂရီ၊ (၁၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့လွိုင်ကော်မြို့
ဧရိယာ
 • စုစုပေါင်း၁၀.၀၃ စတုရန်းကီလိုမီတာ (၃.၈၇ စတုရန်းမိုင်)
လူဦးရေ (၂၀၂၀)၆၀,၃၅၀[][]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

သမိုင်း​ကြောင်း

ပြင်ဆင်ရန်

အမည်ရင်းမြစ်

ပြင်ဆင်ရန်

လွိုင်ကော်မြို့၏ မြို့တည်စ မူလအမည်ရင်းမှာ 'ဆီရိဒေါ'ဖြစ်၏။ မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်တွင် ဦးသီရိဆိုသူသည် ဆီအိုးလေးလုံးတွင် ဆီအပြည့်ထည့်၍ သတ်မှတ်ထားသော မြို့လေးထောင့်၌ မြှုပ်နှံခြင်း၊ မြို့ဦးမြို့ထိပ်တွင် မြို့နံသင့် စေတီတည်ထားကိုးကွယ်ခြင်း၊ မြို့တွင်း၌ ဗုဒ္ဓအယူဝါဒီ ဘုန်းကြီးကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ မြို့ပတ်လည်တွင် ကျုံး၊ မြောင်း၊ ခံကတုတ်များ ဆောက်လုပ်ခြင်း၊ အတွင်းဘက်ခံကတုတ်တွင် ကြခတ်ဝါးများ စိုက်ထူကာရံခြင်း၊ မြို့၏အနောက်တောင်ထောင့်နေရာတွင် သင်္ချိုင်းနေရာသတ်မှတ်ခြင်း စသည်ဖြင့် မွမ်းမံတည်ထောင်ခဲ့သည်။ ထိုကြောင့် မြို့တည်သူ ဦးသီရိ၏အမည်ကိုအစွဲပြု၍ မြို့အမည်ကို ဆီရိဒေါဟုခေါ်တွင်ခဲ့ခြင်းဖြစ်၏။ ကယားဘာသာစကားဖြင့် သီရိကို ဆီရိဟူ၍လည်းကောင်း၊ မြို့ကို ဒေါဟူ၍လည်းကောင်း ခေါ်ဆိုရာ ဆီရိဒေါဟူသည် သီရိမြို့၊ သို့မဟုတ် ဦးသီရိတည်ထောင်သောမြို့ဟု အဓိပ္ပာယ် ရသည်။ ရှမ်းအမျိုးသားများ ဝင်ရောက်နေထိုင်ကြသောအခါတွင် ဘီလူးချောင်းဘေး၌ တစ်သီးတစ်ခြားတည်ရှိသော ရွှေတောင်ကိုအစွဲပြု၍ 'လွိုင်ခေါ်' ဟုခေါ်ပြန်သည်။ ရှမ်းဘာသာစကားဖြင့် 'လွိုင်'မှာ တောင်ဖြစ်၍ 'ခေါ်'မှာ သီးခြားတည်ရှိခြင်းဆိုလိုသည်။ ကာလရွေ့လျား၍ 'လွိုင်ကော်' ဟု ဖြစ်လာသော်လည်း ကယားအမျိုးသားတို့ကမူ 'ဆီရိဒေါ' ဟု ယနေ့တိုင် ပြောဆိုသုံးစွဲလျက်ရှိသည်။ လွိုင်ကော်မြို့၏ မြို့တည်စအနေအထားမှာ အရှေ့သို့လားသော် မင်းကျောင်း၊ အနောက်သို့လားသော် ဘီလူးချောင်း၊ တောင်သို့လားသော် ရွှေကျောင်း၊ မြောက်သို့လားသော် မြို့နာမ်စေတီတို့ဖြစ်သည်။

 
မြို့နာမ်စေတီ

လွိုင်ကော်မြို့သည် ရှမ်းပြည်နှင့် ကုန်းလမ်းရေလမ်းအားဖြင့်အဆက်အသွယ်ရှိ၍ ကူးသန်းရောင်းဝယ်ရေး ဗဟိုစခန်းမြို့အဖြစ် ထင်ရှားခဲ့သည်။ ဗြိတိသျှတို့မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်နောက်ပိုင်းတွင် လွိုင်ကော်မြို့သည် ဗြိတိသျှအစိုးရတို့၏ နိုင်ငံရေးဝန်ထောက်များရုံးစိုက်ရာ မြို့ဖြစ်လာသည်။

၁၈၈၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကန္ဒရဝတီစော်ဘွား စဝ်လဝီက လွိုင်ကော်မြို့ ဟော်နန်းကို စိုက်ထူခဲ့သည်။ ကန္ဒရဝတီ စောဖျာစဝ်ခွန်လီ၏ လက်ထက် ခရစ် ၁၉၁ဝပြည့်နှစ်တွင် စဝ်လုံမြို့မှ လွိုင်ကော်မြို့သို့ ပြောင်းရွှေ့စိုးစံသဖြင့် လွိုင်ကော်မြို့သည် ကန္ဒရဝတီနယ်၏ မြို့တော်ဖြစ်လာသည်။

 
​စော်ဘွားများ၏ ​ဟော်နန်း (ယခုဘုန်းကြီး​ကျောင်း)

မြန်မာ သက္ကရာဇ် ၁၂၆၇ ခုနှစ်ခန့်တွင် အမတ်ကြီး ဦးနီသည်လွိုင်ကော်မြို့၏ လူနေအိမ်ခြေများကို ချဲ့ထွင်ပြုပြင်ခြင်း၊ ဘီလူးချောင်း အနောက်ဘက်ကမ်းတွင် ဈေးတည်ဆောက်ခြင်း စသည်ဖြင့် လွိုင်ကော်မြို့ကို ဒုတိယအကြိမ် တိုးချဲ့ခဲ့သည်။

မြန်မာသက္ကရာဇ် ၁၂၇ဝ ပြည့်နှစ်တွင် စောဖျာစဝ်ခွန်လီသည် လွိုင်ကော်မြို့၏ အရှေ့အနောက် တောင်မြောက် လေးဖက်လေးမျက်နှာတို့သို့ လူနေအိမ်ခြေတိုးတက်ဆောက်လုပ်စေခြင်းဖြင့် လွိုင်ကော်မြို့ ကို တိုးချဲ့ပြုပြင်ခဲ့လေသည်။

၁၉၄၇ ခုနှစ်အထိ ကရင်နီပြည်နယ်အဖြစ် တည်ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၌ ကယားပြည်နယ်အစိုးရ စတင်ဖွဲ့စည်းသည့်အချိန်တွင် လွိုင်ကော်မြို့ကို ကန္ဒရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးနယ်များ အပါအဝင် ကယားပြည်နယ်၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။[]

 
သီရိမင်္ဂလာ​ဈေး

မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်တွင် လွိုင်ကော်မြို့ကို ကယားပြည်နယ်၏ မြို့တော်ဂုဏ်အင်္ဂါနှင့် ညီညွတ်စေရန် ထပ်မံပြုပြင်တိုးချဲ့ တည်ဆောက်ရာတွင် မြို့သစ်ပုံစံများထုတ်လုပ်ခြင်း၊ အစိုးရနှင့် လူထုအတွက်နေရာများ သတ်မှတ်၍ ရုံး၊ ဈေး၊ ဥယျာဉ်၊ ကစားကွင်း၊ လူနေအိမ်ခြေများ၊ လေယာဉ်ကွင်းနှင့် လမ်းများကိုစနစ်တကျအကွက်ချကာ တည်ဆောက်ခဲ့လေသည်။

 
လွိုင်​ကော်ဘူတာ

ထင်ရှားသည့်နေရာများ

ပြင်ဆင်ရန်

လွိုင်ကော်မြို့သည် ကယားပြည်နယ်၏ ရုံးစိုက်မြို့ဖြစ်သဖြင့် ပြည်နယ် အစိုးရရုံးများ၊ ဒေသဆိုင်ရာရုံးများ၊ ပြည်သူ့ဆေးရုံ၊ စာသင်ကျောင်းများ စသည့်အစိုးရအဆောက်အအုံများလည်းရှိသည်။ သီရိမင်္ဂလာ တောင်တော်စေတီ၊ ရွှေတောင်စေတီ နှင့် မြို့နာမ်စေတီတို့သည် ထင်ရှား၍ မြို့၏ကျက်သရေဆောင်စေတီများဖြစ်၏။

 
​တောင်ကွဲ​စေတီ​တော်

လွိုင်ကော်မြို့၏ တောင်ဘက် ၁၄ မိုင်ကွာနေရာတွင် သာယာတင့်ဆန်းသော တောတောင်တန်းများနှင့်တကွ သဘာဝအလျောက် ထက်အောက်နိမ့်မြင့် အဆင့်ဆင့်ညီညာစွာ စီတန်းလျက်ရှိသော ရေကန် ၇ ကန်ရှိသည်။ အလွန်ကြည်နူးဖွယ်ကောင်းသော သဘာဝရှုမျော်ခင်းများနှင့် ပြည့်စုံသည်။ ထိုရေကန်များသည် ဒွေးမယ်နော်မင်းသမီးနှင် ကိန္နရီညီအစ်မခုနစ်ဖော်တို့ ပျော်ရွှင်စွာရေကစားရာ ရေကန်များဖြစ်သည်ဟု ကယားအမျိုးသားတို့က ယုံကြည်ကြသည်။

 
လောပိတ​ရေတံခွန်

လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် ခုနစ်မိုင်ကွာနေရာတွင် မထေးခု ရေတံခွန်စခန်းရှိသည်။ ထိုစခန်းသည်လည်း ရေတံခွန်ရေကျများနှင့် အလွန်သာယာကြည်နူးဖွယ်ကောင်း၏။ ထို့အပြင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်တွင် ထီးစဲခါး ရေတံခွန်စခန်းရှိရာ မြို့နေပြည်သူများနှင့် ရပ်နီးရပ်ဝေး ခရီးသွားများအတွက် အပန်းဖြေရာ နေရာတစ်ခုလည်း ဖြစ်သည်။ လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် ၁၂ မိုင်ကွာတွင် ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းအရ ရေအားဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံကြီးတည်ရှိရာ လောပိတတောင်ပေါ် စခန်းမြို့ကလေးရှိသည်။

 
ဘီလူးချောင်းတံတား

လမ်းပန်းဆက်သွယ်ရေး

ပြင်ဆင်ရန်

ရှမ်းပြည်နယ် အင်းလေးကန်မှ စီးဆင်းလာသော ဘီလူးချောင်းသည် လွိုင်ကော်မြို့ကို မြောက်မှတောင်သို့ ဖြတ်ပြီးစီးဆင်းသွားသည်။ ထို့ကြောင့် လွိုင်ကော်မြို့သည် မိုးဗြဲနယ်၊ မိုးဗြဲမြို့ဖယ်ခုံမြို့တို့နှင့်လည်းကောင်း၊ ရှမ်းပြည်နယ် အင်းလေးနှင့်လည်းကောင်း လှေများဖြင့် ကူးသန်းသွားလာနိုင်သည်။ လွိုင်ကော်မြို့သည် ရန်ကုန်မြို့နှင့် လေကြောင်းခရီး အဆက်အသွယ်ရှိသည်။ ကုန်းလမ်းအားဖြင့်မူကား လွိုင်ကော်-တောင်ကြီး-သာစည်-ရန်ကုန်ကားလမ်း၊ လွိုင်ကော်-မိုးဗြဲ-ကလော-သာစည်-ရန်ကုန်ကားလမ်း၊ လွိုင်ကော်-ခဲမဖြူ-မော်ချီးမိုင်း-တောင်ငူ-ရန်ကုန်ကားလမ်း၊ လွိုင်ကော်-ယာဒို-လိပ်သို-တောင်ငူ-ရန်ကုန် ကားလမ်းများဖြင့် သွားလာဆက်သွယ်နိုင်သည်။

 
ဘီလူး​ချောင်းတံတား (ရှမ်းပိုင်း)
 
ဘီလူး​ချောင်းတံတား (​ဒေါနိုးကူး)
  1. လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်ကယားပြည်နယ် အစိုးရအဖွဲ့
  2. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၀။
  3. လွိုင်​ကော်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 24 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)