ကိသာဂေါတမီထေရီမှာ ဂေါတမမြတ်စွာဘုရား လက်ထက်တော်တွင် သင်္ကန်း ခေါင်းပါးစွာ ခြိုးခြံ၍ ကျင့်ကြံနိုင်ခြင်းကြောင့် လူခစီဝရဓာရန ဧတဒဂ်အရာဖြင့် ချီးမြှောက်ခြင်းခံရသော ဘိက္ခူနီရဟန္တာမ ဖြစ်သည်။ ကိသာဂေါတမီသည် ပဒုမုတ္တရဘုရားရှင် လက်ထက်တော်ကစ၍ ပါရမီဆည်းပူးခဲ့ရာ ကဿာပဘုရားရှင် လက်ထက်တော်တွင် ကိလီမင်းကြီး၏ သမီးတော်ခုနစ်ပါးအနက် ဓမ္မာမင်းသမီး ဖြစ်လာသည်။ ဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် သာဝတ္ထိပြည် သူဌေးကြီးတစ်ဦး၏ သမီးဖြစ်လာသည်။ အမည်မှာ ကိသာဂေါတမီဟု တွင်သည်။

အရွယ်ရောက်သော် မိဘများ ဆင်းရဲသွားသဖြင့် ဆင်းရဲ ပင်ပန်းစွာ နေရသည်။ ထိုအချိန်တွင် သာဝတ္ထိပြည်ရှိ သူဌေးကြီးတစ်ဦးသည်လည်း သူ၏ ပိုင်ဆိုင်သော ရွှေ၊ ငွေများ အားလုံး မီးသွေးဖြစ်ကာ ဆင်းရဲသွားသည်။ ထိုအခါ မိတ်ဆွေတစ်ဦး၏ အကြံပေးချက်အရ ထိုက်တန်သူနှင့် တွေ့လျှင် မီးသွေးများ ရွှေငွေအဖြစ်သို့ ပြန်၍ ပြောင်းလဲလာမည်ဟု ယုံမှတ်ကာ ထိုသူဌေးကြီးသည် မီးသွေးများကို ဈေးတွင် ဆိုင်ခင်း၍ ရောင်းချသည်။

တစ်နေ့သ၌ ကိသာဂေါတမီသည် ဈေးသို့သွားရာ ထို သူဌေးဟောင်း၏ဆိုင်မှ မီးသွေးများကို ရွှေများအဖြစ်နှင့်သာ တွေ့မြင်ရသဖြင့် 'ဤရွှေများကို ကုန်အောင် ဘယ်သူ ဝယ်နိုင်ပါမည်နည်း'ဟု ဆိုင်ရှင်သူဌေးအား မေးမြန်းမိသည်။ ထိုအခါ သူဌေးဟောင်းသည် ဘုန်းကံရှိသူကို တွေ့ရပြီဟု ဝမ်းသာစွာ ကိသာဂေါတမီ၏ နေရပ်များကို မေးမြန်း၍ မိမိ သားကြီးနှင့် ထိမ်းမြားရန် စီစဉ်သည်။ ကိသာဂေါတမီ၏ လက်နှင့်ကိုင်ခဲ့သော မီးသွေးများအားလုံးသည်လည်း ရွှေစင်အတိ ပြန်၍ ဖြစ်ခဲ့သည်။ သို့ဖြင့် ကိသာဂေါတမီသည် သူဌေးသားနှင့် လက်ထပ်ရလေသည်။

သို့သော် နောက်များမကြာမီ သူဌေးကတော် ယောက္ခမကြီးမှာ ရက်စက်ငြိုငြင်တတ်သဖြင့် များစွာ စိတ်မချမ်းမသာ ဖြစ်ရလေသည်။ ထိုနောက် အချိန်ကာလကြာသော် သားတစ်ယောက်ကို ဖွားမြင်ရာ သားငယ်ကလေးမှာ သုံးလေးနှစ်အရွယ်တွင် သေဆုံးသွားသည်။ ထိုအခါ ကိသာဂေါမတမီသည် သားငယ်ကို ချစ်ခြင်း၊ ယောက္ခမတို့အိမ်တွင် စိတ်ဆင်းရဲခြင်း ပြင်းထန်မှုတို့ကြောင့် ရူးသွပ်ကာ သားငယ်အလောင်းကို ချီပိုး ပြေးလွှား၍ နေတော့သည်။

ထိုအခါ ပညာရှိတစ်ဦးက ကိသာဂေါတမီအား သင်၏ သားငယ်ကို ဂေါတမမြတ်စွာဘုရားက အသက်ရှင်အောင် ကုသပေးနိုင်လိမ့်မည်ဟု တရားရစိမ့်သောငှာ မြတ်စွာဘုရားထံသို့ ညွှန်လိုက်၏။ ကိသာဂေါတမီလည်း ဝမ်းမြောက်စွာဖြင့် သားငယ်အလောင်းကိုပိုက်၍ မြတ်စွာဘုရားထံတော်သို့ သွားလေသည်။ မြတ်စွာဘုရားသည် ကိသာဂေါတမီကို မြင်သောအခါ ကယ်တင်လို၍ ပရိယာယ်ဖြင့် လူမသေဘူးသော အမျိုးအိမ်မှ မုန်ညင်းဆီကို ရအောင်ရှာယူခဲ့လျှင် အသက်ရှင်အောင် ပြုလုပ်ပေးမည်ဟု မိန့်တော်မူသည်။

ကိသာဂေါတမီသည် လူမသေသော အမျိုးအနွယ်အိမ်မှ မုန်ညင်းဆီကို ရရှိရန် တစ်အိမ်တက်ဆင်း လှည့်လည် ရှာဖွေသည်။ ထိုသို့ ရှာဖွေရာတွင် လူမသေဘူးသော အိမ်ဟူ၍ မတွေ့ရသည့်ပြင် ကြင်နာသော လူတစ်ယောက်က လူမသေသေးဘူးသောအိမ်ကို ရှာဖွေ၍ အဘယ်အခါမျှ တွေ့နိုင်မည်မဟုတ်ကြောင်း ပြောပြလေသည်။ ထိုအခါမှ ကိသာဂေါတမီသည် သတိရကာ မသေခြင်းဟူသည်မရှိဘဲ လူအားလုံးကား သေတတ်သော သဘောတရားရှိကြောင်းကို ဆင်ခြင်စဉ်းစားမိ၍ သားငယ်အလောင်းကို စွန့်ပစ်လိုက်ပြီးလျှင် မရဏနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းသည်။

ထိုနောက် မြတ်စွာဘုရားထံသို့ ရောက်သောအခါ မြတ်စွာဘုရားက မုန်ညင်းဆီရပြီလောဟု မေးသည်။ ကိသာဂေါတမီလည်း မိမိသံဝေဂရပုံကို လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက တရားဟောပြော၍ သောတပတ္တမဂ်ကိုရကာ ရဟန်း ပြုလေသည်။

တစ်နေ့သ၌ ဆီမီးကိုအကြောင်းပြု၍ ခန္ဓာချုပ်ငြိမ်းသော သဘောတရားကို ထင်မြင်ကာ ဝိပဿနာဉာဏ်ရ သည်။ ထိုနောက် ရဟန္တာဖြစ်တော်မူရာ ကောင်းမွန်သောသင်္ကန်းကို မတပ်မက်ဘဲ ပံ့သုကူသင်္ကန်းကိုသာ ဆင်းရဲခံ၍ ဝတ်ဆင် တတ်သောကြောင့် မြတ်စွာဘုရားက လူခစီဝရဓာရနဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးခြင်း ပြုတော်မူသည်။

ထိုမှစ၍ ကိသာဂေါတမီထေရီအဖြစ် ထင်ရှားကျော်ကြားခဲ့လေသည်။ [၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)