ကြည်ကြည်၊ ဒေါ်၊ ကင်းထောက်

ကင်းထောက် ဒေါ်ကြည်ကြည် (၁၉၀၆–၁၉၇၀)သည် ပါလီမန်ခေတ်တွင် ကင်းထောက် အမျိုးသမီး တဦး အဖြစ် သာမက လူထုပညာရေးမှူး အဖြစ်ပါ ထင်ရှားသည်။ ဒေါ်ကြည်ကြည်ကို စစ်ကိုင်းမြို့၊ ရွာသစ်ကြီး၌ ကျောင်းဆရာကြီး ဦးငွေစံ၊ ဒေါ်နှစ်တို့က ဖွားမြင်ပြီး၊ မိခင်သည် သီပေါမင်းလက်ထက် ရွှေတိုက်အတွင်းဝန် ပေါက်မြိုင်မြို့စား ဦးလှဘူး၏ သမီး ဖြစ်သည်။[၁]

ပညာရေး ပြင်ဆင်ရန်

ငယ်စဉ်က စစ်ကိုင်းမြို့တွင် ပညာဆည်းပူးသည်။ ဆရာဖြစ်သင်တန်း အောင်မြင်ပြီးနောက် ၁၉၂၅ တွင် ကျောင်းဆရာမ လုပ်သည်။ နတ်တလင်းမြို့တွင် စတင်အမှုထမ်းပြီး၊ နောက် ၁၉၃၂-၄၂ များအတွင်း အင်းစိန်၊ ဟိုက်စကူးကျောင်းသို့ ပြောင်းရွှေ့ အမှုထမ်းခဲ့သည်။ ၁၉၄၉ တွင် အိန္ဒိယကာလကတ္တားမြို့သို့ သွားကာ ကင်းထောက်နည်းပြသင်တန်း တက်ရောက်သည်။ ၁၉၅၀ ပြည့်တွင် ယာယီအမျိုးသား ယူနက်စကို ကော်မရှင်လူကြီး အဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၁ တွင် ဧရာဝတီတိုင်းပညာအုပ် အဖြစ် ခန့်အပ်ခံရသည်။ ချစ်ကြွေးမပြေ လုံးချင်းဝတ္ထု ရေးပြီးချိန် ဖူးလ်ဘရိုက် စမစ်တန် စကောလားရှစ် ထောက်ပံ့ကြေး ရရှိကာ ကျောင်းဆရာများ အရည်အချင်း တိုးတက်ရေး ဘာသာရပ်ကို လေ့လာရန်အတွက် အမေရိကန်သို့ သွားရသည်။ ထို၌ အင်ဒီယားနား ယူနီဘာစီတီတွင် လေ့လာဆည်းပူးသည်။ ၁၉၅၃ တွင် ဗြိတိသျှဧည့်‌သည်တော်အဖြစ် ဘရစ်စတောနှင့် လန်ဒန်တို့တွင် အိမ်တွင်းမှုသိပ္ပံပညာရပ်ကို လေ့လာသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသော်၊ လူထုပညာရေးကောင်စီ ဒု-သင်တန်းမှူးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၅၆ တွင် မြန်မာမှုကထိက ဖြစ်လာသည်။ ၁၉၅၈ တွင် လူမှုဝန်ထမ်းကျောင်း ဒုကျောင်းအုပ် ဖြစ်လာပြီး၊ ၁၉၆၀ ပြည့်တွင် အိန္ဒိယ၊ မိုက်ဆိုးပြည်နယ်၊ ဘန်ဂလိုမြို့တွင် ကမ္ဘာ့စာရိတ္တ အစည်းအဝေး သွားတက်သည်။ ၁၉၆၀-၆၄ အတွင်း လူမှုဝန်ထမ်းအရာရှိအဖြစ် အမှုထမ်းပြီး၊ ၆၄ တွင် အနားယူသည်။ ၁၉၆၅ တွင် အမျိုးသားစာပေ အိမ်တွင်းမှုသိပ္ပံ ဝေါဟာရမူ အဖွဲ့ငယ်တွင် ပါဝင်သည်။[၁]

မိသားစု ပြင်ဆင်ရန်

ကျောင်းဆရာမအဖြစ် အမှုထမ်းစဉ်ကပင် နောင် ပြန်ကြားရေး အရာရှိအဖြစ် ထင်ရှားလာမည့် ဦးကျော်တင့်(ဘီအေ အယ်လ်)နှင့် လက်ထပ်သည်။ သမီး ခင်မျိုးတင့်၊ သား သန်းဌေးကို ဖွားသည်။[၁]

စာရေးခြင်း ပြင်ဆင်ရန်

အင်းစိန်မြို့ ဟိုက်စကူးတွင် တာဝန်ထမ်းစဉ်၊ အမျိုးသမီးလက်ရုံးစာအုပ်ကို ပြုစုသည်။ ယူနက်စကို ကော်မရှင်လူကြီး ဖြစ်စဉ်၊ ကင်းထောက်မယ်စာအုပ်ကို ရေးသားသည်။ မြတ်လေးဖြူ ကလောင်အမည်ဖြင့် ဝတ္ထုဆောင်းပါး အများအပြား ရေးသည်။ မြန်မာမှု ကထိက ဖြစ်လာစဉ်အတွင်း ၁၉၅၇ တွင် အိမ်သာယာ ကို ရေးသားသည်။ ၁၉၆၅ ပတ်ဝန်းကျင်၌ ခရီးသွားမှတ်တမ်းအပြင် ကလေးများ သရုပ်ပြစာမူ၊ မြန်မာအစားအစာ စာအုပ်များ ရေးသားပြုစုသည်။ ၁၉၆၆ တွင် မေ‌ ရောက်လိုသော ကမ္ဘာ၊ အိမ်တွင်းစီးပွားရေးနည်းပြ၊ ကမ္ဘာ့အစားအစာ ချက်ပြုတ်နည်း စာအုပ်များ၊ ၁၉၆၉ တွင် ကလေးပညာပေး သရုပ်ဖော်(၁)နှင့် (၂) စာအုပ်များ ပြုစုခဲ့သည်။

၃ ဇူလိုင် ၁၉၇၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ တင်နိုင်တိုး။ ပါလီမန်ခေတ် ‌ထင်ပေါ်ကျော်ကြား အမျိုးသမီးများ။ မဇ္ဈိမစာပေ။ p. ၁၁။