ကြီး၊ ဦး
မိုးစရိုက်ပေမို့-ချီ ပျိုးကြဲ ပျိုးစိုက်ဖွဲ့ လွမ်းချင်းရေးသူ ဦးကြီးမှာ ရွှေဘိုမြောက်ဘက် သာဝတ္ထိရွာ ဇာတိမြေတိုင်း မြင်းစီး သူကြီးရိုးဖြစ်၍ မင်းတုန်းမင်းတရားကြီး နှင့် သီပေါမင်းလက်ထက်တွင် လွမ်းချင်းစာဆိုတော်အဖြစ် ကျော်ကြားသူတစ်ဦး ဖြစ်သည်။ တောဓလေ့ဖွဲ့ လွမ်းချင်းများနှင့် တကွ သံချို၊ လေးချိုးပေါင်းများစွာ သီကုံးခဲ့သူဖြစ်၍ လွမ်းချင်းဦးကြီး ဟူ၍လည်းကောင်း၊ ရွှေဘိုမြောက်လက် ငါးရဲနဲရွာတွင် သိမ်ဆောက်လုပ်လှူဒါန်းသောကြောင့် သိမ်ဒါယကာ ဦးကြီးဟူ၍လည်းကောင်း ခေါ်တွင်သူဖြစ်သည်။[၁]
ဦးကြီးကို သာဝတ္ထိရွာ၌ မြန်မာသက္ကရာဇ် (၁၁၈၀)ခန့်တွင်ဖွားမြင်၏။ ဦးကြီး၏ဘေးဘိုးတို့မှာ မြန်မာမင်းများလက်ထက်က မင်းမှုထမ်းများဖြစ်ကြသည်။ ဦးကြီး၏ဖခင်မှာဦးဖိုးနီ၊ မိခင်မှာဒေါ်ဒွန်းတို့ ဖြစ်သည်။ ဖခင်ဦးဖိုးနီမှာ မြင်းစီးသူကြီးဖြစ်၏။ မိခင်ဒေါ်ဒွန်းမှာသာဝတ္ထိရွာသူကြီး ဦးလှေး၏သမီးဖြစ်၏။ ရှေးမြန်မာမင်းများလက်ထက်က မြင်းဝန်ကို ဘုရင်ကတိုက်ရိုက်ခန့်ထား၏။ မြင်းဝန်လက်အောက်က မြင်းခေါင်းကိုလည်း ဘုရင်ကပင် တိုက်ရိုက်ခန့်ထား၏။ မြင်းခေါင်းတစ်ယောက်က မြင်းတက်ဗိုလ် (၃)ယောက် နှင့် မြင်းစာရေး(၂)ယောက်ကိုအုပ်ချုပ်ရသည်။ မြင်းခေါင်းအောက်က မြင်းစီးကိုလည်း ဘုရင်ကခန့်ထားပြီး အခါအားလျော်စွာ ကျေးရွာကိုအုပ်ချုပ်ရသော သူကြီးတာဝန်ကိုလည်းထမ်းဆောင်ကြရသည်။ မြင်းစီးမင်း တစ်ယောက်၏လက်အောက်၌အမှုထမ်း(၁၀)ဦးထားရှိသည်။ အမှုထမ်း(၁၀)ဦးကိုမူ ရပ်ရွာလူကြီးများနှင့် ညှိနှိုင်းပြီး (၁၀)အိမ်လျှင်တစ်ယောက်နှုန်း ရွေးပေးကြရသည်။
မြင်းစီးမြင်းသူကြီးသို့
၁။ မြို့ပြရပ်ရွာအုပ်ချုပ်ရေးအာဏာ
၂။ ရာဇဝတ်မှုခင်းဖြေရှင်းရေးအာဏာ
၃။ ဘဏ္ဍာအခွန်ကောက်မှုအာဏာများရှိသည်။
ဦးကြီးသည် ဘုရင်ကိုယ်တိုင်ခန့်ထားခြင်းခံရသော (မင်းနေမျိုးသူရိန်ဘွဲ့ရ) မြင်းစီးသူကြီးဖြစ်သည်။ ထိုသို့ခန့်ထားနိုင်ရန် ရပ်ရွာလူထုက သဘောထားကြိုက်ညီသူ ဂိုဏ်းအုပ်ဂိုဏ်းထောက် ဆရာတော်ကြီးများက ထောက်ခံသူဖြစ်ရ၏။ ထိုသူကြီးကွယ်လွန်လျှင် သားဖြစ်သူကဆက်လက် မေတ္တာရပ်ခံလျှင် ရိုးရာမပျက် ဆက်ခံခွင့်ရှိကြောင်း (၁၉၃၁)ခုကထုတ်ဝေသော ပုဂံဝန်ထောက်မင်း ဦးတင်၏ ]]မြန်မာမင်းများအုပ်ချုပ်ပုံ စာတမ်း}}၌ဖော်ပြထား၏။ ထို့ကြောင့် သားစဉ်မြေးဆက်မပြတ်ဆက်ခံလေ့ရှိသည်။
ဦးကြီး၏မိဘများက (ဦးကြိုင်း၊ ဦးဖီး၊ ဦးသီး၊ ဦးကြီး၊ မမကြီး၊ မမလေး၊ မမထွေး)ဟူသော သားသမီးများထွန်းကားခဲ့သည်။ ဦးကြီးအရွယ်ရောက်သောအခါ (မူးမြစ်ကြောင်းကင်းကို ကြီးကြပ်ရသော) ကင်းမင်းကြီးဦးလှိုင်းနှင့် ရွှေကျောင်းအမဒေါ်မိ၏သမီး ]]မမ}}ဆိုသူနှင့်အိမ်ထောင်ကျ၏။ ယောက္ခမများက ြွကယ်ဝချမ်းသာသလို ဦးကြီး၏ဘေးဘိုးစဉ်ဆက်မှာ ြွကယ်ဝသော မင်းမှုထမ်းမျိုးရိုးများဖြစ်သည်။ သာဝတ္ထိရွာ ဟောင်းတောင်မြောက်သွားရာ ရွာလယ်လမ်းမကြီး၏အရှေ့ဘက် အချက်အချာကျသောနေရာတွင် အလွန် ကျယ်ဝန်းသော ဝင်းကြီးရှိ၏။ ထိုဝင်းကြီးကို ခြံစည်းရိုးမြင့်မြင့်ကာထား၏။ ထိုဝင်းကြီး၏အလယ်၌ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီးတစ်လုံးရှိသည်။ ထိုအိမ်ကြီး၌ဦးကြီးနေထိုင်သည်။
ယခုအခါဦးကြီး၏ဝင်းကြီးသည်လည်းကောင်း၊ ဦးကြီး၏ယောက္ခမများ ဆောက်လုပ်လှူဒါန်းခဲ့ သော]]ရွှေကျောင်းတည်ရာ ကျောင်းဝင်းမြေသည်လည်းကောင်း၊ မူးမြစ်တိုက်စားရာ၌ပါသွားခဲ့လေပြီ။ ဦးကြီး ဆောက်လုပ်လှူဒါန်းခဲ့သော သိမ်နေရာကားကျန်ရှိနေသေးသည်။ ဦးကြီးနှင့်မမတို့မှ (၁၂၀၈)ခုခန့်တွင် မောင်မြင့်ကိုဖွားမြင်ခဲ့၏။ ၁၂၁၂ခုနှစ်တွင်ဇနီးဒေါ်မမကွယ်လွန်သွားရာ မမ၏ညီမအရင်း ]]မလန်း}}နှင့် လက်ဆက်ပြန်သည်။ ဦးကြီးနှင့်မလမ်းတို့မှမောင်ဆင့်ကိုဖွားမြင်ပြန်သည်။
(၁၂၂၈)ခုနှစ် ပတိန်းမင်းသားပုန်ကန်ရာ၌ ဦးကြီးတို့ညီအကိုဦးဆောင်ပြီး မြင်းနယ်တစ်ခုလုံး ပတိန်းမင်းသားဘက်မှ ပါဝင်တိုက်ခိုက်ကြ၏။ ]]ဦးဖီး}}စစ်ကိုဦးစီးပြီးတိုက်သည်။ နန်မြို့ရိုးသစ်တပ်အထိ စီးမိပြီးမှ တံခါးဝ၌ တူမီးသေနတ်သမားများက အပြင်းအထန်ခုခံသဖြင့် ရှုံးနိမ့်ရလေ၏။ ပတိန်းမင်းသားနှင့် ဗိုလ်ဖီးတို့ကွက်မျက်ခြင်းခံရသည်။ ဦးကြီးလည်းသင်္ကန်းဝတ်ပြီးရှောင်တိမ်းနေရသည်။ ဦးသီးလည်း ဆွေမျိုး များရှိရာ ယင်းတိုက်ရွာမှာပုန်းအောင်းနေရ၏။ ၎င်းတို့ပိုင်သောလယ်မြေနှင့်တကွ ပစ္စည်းဥစ္စာမှန်သမျှ ဘဏ္ဍာတော်အဖြစ်အသိမ်းခံရသည်။
ဦးကြီးသည်အရေးတော်ပြီးလျှင်လူဝတ်လဲ၍ သာဝတ္ထိသို့ပြန်လာပြီး ဝင်းကြီးရပ်မှာ စာပေကဗျာများ ရေးဖွဲ့ပြီး အေးအေးဆေးဆေးနေထိုင်လေ၏။ (၁၂၃၉)ခု မင်းတုန်းမင်းကြီးစိုးစံဆဲကာလမှာ ဦးကြီးသည် သူချစ်သောသာဝတ္ထိရွာနှင့် သူချစ်သောကလောင်ကို ကျောခိုင်းပြီးကွယ်လွန်လေ၏။
ဦးကြီးသည် ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် ထင်ရှားသော စာဆိုတော်တစ်ဦး ဖြစ်သည်။
စသာ ဦးကြီးအကြောင်း
စသာ ဦးကြီး မှာ စစ်ကိုင်းနယ် မန်ကျည်းကန်ချောင်း၏ တောင်ဘက်စသော ဈေးတက်တောင်ကြားရွာတွင် ဖွားမြင်သည်။ အစ်ကိုဖြစ်သူ ကျောင်းဆောက်လှူဒါန်းသော ပင်းဆရာတော်ထံတွင် ငယ်စဉ်က စာပေသင်ကြားရလေသည်။
ထို့နောက် အမရပူရမြို့ ဘုံကျော်တိုက်ဆရာတော်ထံတွင် ရှင်သာမဏေအဖြစ်၊ ရဟန်းအဖြစ် ရခဲ့သည်။ ထိုကျောင်းတိုက်၌ပင် ဆက်လက်၍ စာပေသင်ကြား ပို့ချခဲ့သည်။ ထို့နောက် လူထွက်၍ ၁၂ဝ၁-ခုနှစ် သာယာဝတီမင်း လက်ထက် ရွှေပြည်တံခွန်မြင်းစုကို ဖွဲ့စည်းရာ၌ စုရေးစုကိုင် အဖြစ် ထမ်းရွက်သည်။ ရတနာသိင်္ဃ မြို့မရုံးတော်၌လည်း ထမ်းရွက်သေးသည်။ မင်းတုန်းမင်း လက်ထက်တွင် ရတနာသိင်္ဃမြို့၌ပင် ဆက်လက်ထမ်းရွက်သည်။ ထိုအခါ ဆယ်အိမ် ခေါင်းဘွဲ့လွမ်းချင်း၊ တောပြန်ဘွဲ့လွမ်းချင်း၊မောင်ဘွဲ့လွမ်းချင်း စသည်များကို ရေးသား၍ အိမ်ရှေ့စံ ကနောင်မင်းသားသို့ ဆက်သွင်းသည်။
သီပေါမင်းလက်ထက်တွင် တောင်ငူသစ်တောစာရေး၊ တောင်ငူမြို့စာရေး ရာထူးများဖြင့် ချီးမြှင့်ခြင်းခံရသည်။ လွမ်းချင်းများကိုသာမက စသာဈေးတက်တောင်ကြားသမိုင်း၊ ရတနာကြေးမုံကျမ်းနှင့် ပါဌာနုသာရီ သတ်ပုံ တို့ကိုလည်း ရေးသားခဲ့လေသည်။
ဦးကြီးသည် အလှူအတန်းဖက်တွင် စေတနာထက်သန်၍ ထာဝရကုသိုလ်ဖြစ်သော ဘုရားတည် ကျောင်းဆောင်ခြင်းများကို ပြုတတ်သည်။ သူ၏ကဗျာများသည် တောဓလေ့နှင့် အရွှမ်းအသောများ ပါဝင်သဖြင့် ဖတ်ရှုသူ ကြားနာသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက်စေနိုင်သည်။ ဦးကြီးသည် တောဓလေ့သရုပ်ကို ထင်ရှားအောင် ဖော်ပြနိုင်စွမ်းသော စာဆိုဖြစ်သဖြင့် စာပေလောကတွင် ထင်ရှားကျော်ကြားသည်။ အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် များမကြာမီ ပျဉ်းမနားမြို့တွင် ကွယ်လွန်လေသည်။ [၂]
ကိုးကား
ပြင်ဆင်ရန်၁.မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
၂.မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မှ ထုတ်ဝေသော ကဗျာ ဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း (၂၀၁၁၊ဩဂုတ်)
၃.မြန်မာမင်းများအုပ်ချုပ်ပုံ စာတမ်း