ပင်မမီနူးကို ဖွင့်ရန်

ပျဉ်းမနားမြို့သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သော ပျဉ်းမနားမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ပျဉ်းမနားနယ်တွင် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ် တို့ ပါဝင်သည်။ ပျဉ်းမနားမြို့သည် ငလိုက်ချောင်း၏ တောင်ဘက်ကမ်း၊ ပဲခူးရိုးမ၏ မြောက်ဘက် တောင်စွယ်ပေါ်တွင် တည်ရှိသည်။ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းသည်လည်း ပျဉ်းမနားမြို့ကို ဖြတ်သန်းသွားသည်။ မီးရထားလမ်းအားဖြင့် ပျဉ်းမနားမြို့သည် ရန်ကုန်မြို့မှ ၂၂၆မိုင် ကွာဝေး၍ မန္တလေးမြို့မှ ၁၆၁ မိုင်ကွာဝေးသည်။ ရမည်းသင်းခရိုင်ရုံးစိုက်ရာ ရမည်းသင်းမြို့နှင့်မူ ၄၉ မိုင်ကွာဝေးသည်။

Pyinmana
ပျဉ်းမနားမြို့
Town
Pyinmana သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
Pyinmana
Pyinmana
ပျဉ်းမနားမြို့၏ တည်နေရာ
ကိုဩဒိနိတ်: 19°45′N 96°12′E / 19.750°N 96.200°E / 19.750; 96.200
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးနေပြည်တော် ပြည်ထောင်စုနယ်မြေ
လူဦးရေ (2006 est.)
 • စုစုပေါင်း၁၀၀၀၀၀
 • Ethnicitiesဗမာလူမျိုးဗမာ အိန္ဒိယကရင်လူမျိုး
 • Religionsထေရဝါဒ ဗုဒ္ဓဘာသာအစ္စလမ်ဘာသာ
အချိန်ဇုန်MST (UTC+6.30)

သမိုင်းကြောင်းပြင်ဆင်

အခေါ်အဝေါ်ပြင်ဆင်

တောင်ငူနေပြည်တော်ကို ကရင်ဘဆိုသူ ထီးနန်းစံခဲ့ရာ သားသမီးမပေါ်ပေါက်သဖြင့် (မဗျဉ်းမ)မည်သော ကရင်မလေးတစ်ဦး မွေးစားပြီး မင်းသမီးအဆောင်အယောင်ဖြင့် ထားခဲ့သည်။ တောင်ယာလုပ်ကိုင်သော လယ်သမားလေးတစ်ဦးနောက်သို့ ချစ်ကြိုက်လိုက်ပြေးခဲ့ရာ ကရင်ဘ၏ ဘုရင့်တပ်မတော်သားများက လိုက်လံဖမ်းဆီးသဖြင့် ယခုပျဉ်းမနား ဟောင်းဟူ၍ခေါ်တွင်သော အရပ်တွင် နားနေစဉ် ဖမ်းမိလေသည်။ (ဗျဉ်းမ)နားနေသောအရပ်ဖြစ်၍(ဗျဉ်းမနား)ဟူ၍ခေါ်တွင်လေသည်။ ကာလရှည်ကြာသော် ပျဉ်းမနားဟူ၍ခေါ်ဆိုသည်။

ပျဉ်းမနားဟူသည် ရှမ်းဘာသာစကားဖြင့် (ပင်မုံန) ဟူသော ဘာသာစကားမှ ဆင်းသက်ဟန် ရှိသည်။ ပင် - စခန်း၊ မုံ - အသီး၊ န - ဖန်ခါး၊ ထို့ကြောင့် (ပင်မုံန)သည် ဖန်ခါးသီး စခန်းဟု မှည့်ခေါ်ဟန်ရှိသည်။ ဖန်ခါးပင်များ ပေါများသည့်နေရာကို ရှမ်းဘာသာစကားအရ ပင်မုံနဟု ခေါ်ရာမှ ကာလရွေ့လျားပြီး ပင်မုံနမှ ပျင်မံန-ပျဉ်းမနားဟု ခေါ်ဝေါ်ဟန် ရှိသည်။

ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟု ခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာကောက်သူနှင့် အိမ်ထောင်ကျနေထိုင်သည်။ ထိုအချိန်နှင့် မရှေးမနှောင်းတွင် တောင်တွင်းကြီးမှ ရောက်လာသော (သိုက်ဆရာ)ဦးကြာဥသို့ ဦးရွှေတုတ်နှင့် အပေါင်းအပါ ကိုးဦးတို့က မြို့တည်ရန် အခါပေးစာတမ်းတစ်ခုရေးပေးရန် တောင်းခံသည်။ တစ်ညအတွင်း မြို့တည်ရန် အခါပေးစာတမ်းတစ်ခုပြုစုပေးသည်။ ယင်းအခါပေးစာတမ်းအရ မြို့မတည်မီ ခုနစ်ရက်စောပြီးလျှင် ရှမ်းကန်တောင်ဘက် ဘုရားကိုးဆူတည်ရာ ဉာဏ်တော် ကိုးမိုက်စီရှိသည်။ ဘုရားတစ်ဆူလျှင် ဒါယကာကိုးယောက်စီတာဝန်ယူလျက် မြန်မာသက္ကရာဇ် ၆၆၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ဝ ရက်နေ့ နံနက် ၄ ချက်တီးအချိန်(နင်းကြမ်း)မြို့ကိုတည်ရန် ပန္နက်ရိုက်သည်။

ထိုသို့ ပန္နက်ရိုက်ပြီးလျှင် ဦးရွှေတုတ်က ရွာကိုးရွာမှ တစ်ရွာလျှင် တစ်ဦးကျစီခေါ်ယူ၍ အိုးသစ်အိမ်သစ်များ တည်ဆောက်စေသည်။၎င်းကိုးရွာမှ အိမ်သစ်ဆောက်သူများမှာ (၁) တောင်ဝင်ရွာသားကိုရွှေသား၊ (၂) ဆိပ်နန်တုံးရွာသား ဦးပသီ၊ (၃) သပြေတန်းရွာသား ဦးရွှေပေါက်၊ (၄) ကြက်ပြေးရွာသား ဦးစံမြ၊ (၅) မီးလောင်ကုန်းရွာသား ဦးမြတ်သူ၊ (၆) ရွာကောက်ကြီးသား ဦးရန်လုံ၊ (၇)သစ်တပ်ရွာသား ဦးသာချော၊ (၈) ရွှေပေးရွာသား ဦးရန်အောင်၊ (၉) ရေပြာရွာသား ဦးရန်ကင်းတို့ဖြစ်သည်။

နယ်ကျန်ပြင်ဆင်

မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သိမ်းယူခဲ့သည်။ ကေတုမတီ ၅၅ မြို့နှင့် အောက်မြန်မာပြည်မှာ အင်္ဂလိပ်တို့ လက်အောက်ကျရောက်ခဲ့ရသည်။ အင်္ဂလိပ်မြန်မာနယ်ခြား ကျောက်တိုင်ကို ယခုရေနီဘူတာမြောက်ဘက်အနီး အင်ပင်တွင် ကျောက်တိုင် စိုက်ထူသည်။ တောင်ငူ ၅၅ မြို့အနက် ၁၂ မြို့ကို ချန်ထားပြီး ပေးအပ်သဖြင့် နယ်ကျန် ၁၂ မြို့ဟူ၍ခေါ်တွင်သည်။ ၎င်းနယ်ကျန်မြို့များမှာ တောင်ညို၊ ဝါးနွယ်ကုန်း(ယခု လယ်ဝေး)၊ မင်းပြင်၊ ရန်အောင်မြင်၊ ဝက်ကမူ၊ သစ်တပ် တောင်ဝင်၊ ဇေယျသိမ် (ယခုအေလာ)၊ ရွှေမြို့၊ နင်းကြမ်း(ပျဉ်းမနား)၊ ပျဉ်းမနား (ယခုပျဉ်းမနားဟောင်း)၊ ပြကောင်း(ယခုကျည်တောင်ကန်)နှင့် ကျည်တောင့်ခေါမတို့ဖြစ်သည်။

နယ်ကျန် ၁၂ မြို့တွင် ယခုပျဉ်းမနားမြို့ဖြစ်သော (နင်းကြမ်း)မြို့သည် လူနေအိမ်ခြေအထူထပ်ဆုံး၊ လမ်းပန်းအဆက်အသွယ်အကောင်းဆုံးဖြစ် ခြင်းကြောင့် (နယ်ကျန်)မြို့ဟူ၍ ခေါ်တွင်သည်။ မြန်မာနိုင်ငံသမိုင်းတွင် မင်းတုန်းမင်းတရားလက်ထက် သမန်ဘန်းကြီးအား နယ်ကျန်မြို့ဝန်ခန့်လျက် ဦးအယ်မောင်အား မြို့သူကြီးခန့်ထားသည်ကို အထောက်အထားခိုင်လုံစွာ တွေ့ရှိရသည်။


ပျဉ်းမနားမြို့ကို မြန်မာဘုရင်များလက်ထက်ကပင် တည်ထောင်ခဲ့သည်။ ထိုစဉ်က နယ်ကျန် ၊ နယ်ချန် သို့မဟုတ် နင်းကြမ်း ဟု ခေါ်ဝေါ်ခဲ့သည်။ မြန်မာမင်းများလက်ထက် စစ်ချီတက်ရာတွင်လည်းကောင်း၊ ဆိုင်ရာနယ်စားများ အခွန်ဘဏ္ဍာတော် ကောက်ခံရာတွင်လည်းကောင်း ယခုလက်ရှိ ပျဉ်းမနားမြို့သည် တောတောင်စိမ့်စမ်း အလွန်ထူထပ်သောကြောင့် ချန်၍ ထားခဲ့သဖြင့် နယ်ကျန်၊ သို့မဟုတ် နယ်ချန် ဟု ခေါ်ဆိုခဲ့သည်ဟု ဆိုသည်။ နင်းကြမ်း ဟု ခေါ်တွင်ခဲ့ခြင်းမှာ ထိုစဉ်က လူအများရောင်းဝယ်ဖောက်ကားရာဈေးသည် ပျဉ်းမနားမြို့မြောက်ဘက် ငလိုက်ချောင်း (ရှေးအခေါ်လက်လိုက်ချောင်း) တစ်ဘက်ကမ်းရှိ ရွာကောက်ရပ် ဖြစ်သဖြင့် ဈေးသွားသူတို့ ချောင်းဖြတ်ကူးရာတွင် လွယ်ကူစေရန် ဝါးကြမ်းခင်း၍ နင်းသွားရသောကြောင့် နင်းကြမ်းဟု အမည်တွင်ရကြောင်း ဆိုကြသည်။

ယင်းသို့ နယ်ချန်၊ နင်းကြမ်းမှ ပျဉ်းမနားဟု ဖြစ်လာရခြင်းမှာ အင်္ဂလိပ် အစိုးရ အုပ်စိုးစဉ်အခါက အစိုးရကိစ္စ စာပေးစာယူပြုရာတွင် နင်းကြမ်းနှင့် မြင်းခြံမြို့ နှစ်မြို့ကို အင်္ဂလိပ်စာလုံးပေါင်းဖြင့် မကြာခဏ မှားသောကြောင့် အလုပ်များ ဖင့်နွှဲနှောင့်နှေးခြင်း မရှိစေရန် နင်းကြမ်းအမည်မှ မြို့နှင့်အနီးဆုံး ယခုလက်ရှိ ပျဉ်းမနားမြို့မှ ၅မိုင်ခန့် ကွာဝေးသော လမ်းပျဉ်းမနားရွာ၊ သို့မဟုတ် ပျဉ်းမနားရွာဟောင်းအမည်ကို အစားထိုး၍ အမည်ပြောင်းလိုက်သည် ဟု ဆိုသည်။

ပထဝီ အနေအထားပြင်ဆင်

တည်နေရာ အကျယ်အဝန်းပြင်ဆင်

ပျဉ်းမနားမြို့၏ အကျယ်အဝန်းမှာ နှစ်မိုင်ပတ်လည်ခန့် ရှိသည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းသည် မြို့ကို အရှေ့နှင့် အနောက် နှစ်ပိုင်းခွဲထားသည်။ အိမ်ခြေ ငါးထောင်ရှိ၍ ၁၉၅၃ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ နှစ်သောင်းကျော်ရှိသည်။ ဘုန်းကြီးကျောင်းပေါင်း ၆၀ ကျော်ရှိ၍ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အများဆုံး ဖြစ်သည်။ ဒုတိယအများဆုံးမှာ မွတ်ဆလင်များ ဖြစ်၍ တတိယ အများဆုံးမှာ တရုတ်လူမျိုးများ ဖြစ်ကြသည်။ မြို့နယ်လူထုသည် အစိုးရ အမှုထမ်းများ အဖြစ်လည်းကောင်း၊ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ အသက်မွေးကြသည်။ စပါးပြောင်းနှမ်းပဲအမျိုးမျိုးကြံ စသည်တို့ကို စိုက်ပျိုးကြသည်။ ကျွန်းနှင့် ပျဉ်းကတိုး သစ်ထုတ်လုပ်ငန်းနှင့် ကြံစိုက်ပျိုးရေးလုပ်ငန်း တို့သည် ယခုအခါ ကြီးကျယ်သော လုပ်ငန်းများ ဖြစ်သည်။ တောင်ငူမြို့အနီးရှိ ဇေယျဝတီသကြားစက်ဖွင့်လှစ်ပြီးနောက်တွင် ပျဉ်းမနား နယ်တစ်ဝိုက်တွင် ကြံစိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်ကြ၍ ကြံအမြောက်အမြား တင်ပို့ရောင်းချသော မြို့ ဖြစ်သည်။ ပျဉ်းမနားမြို့ အရှေ့ဘက် ၅မိုင်အကွာ ပေါင်းလောင်းမြစ်အနီးတွင် ပြည်တော်သာ စီမံကိန်းအရ ဆောက်လုပ်ထားသော နိုင်ငံတော် သကြားစက်ကြီး ရှိသည်။ တစ်နေ့လျှင် ကြံတန်ချိန် ၁၅၀၀ ကြိတ်ဝါးနိုင်သည်။

ကူးသန်းရောင်းဝယ်ရေးအတွက် မီးရထား၊ မော်တော်ကား၊ နွားလှည်း၊ မြင်းလှည်း တို့ကို အသုံးပြုသည်။ (က) ပျဉ်းမနားမြို့မှ လယ်ဝေးမြို့နှင့် တောင်တွင်းကြီးမြို့တို့ကို ဖြတ်၍ ပဲခူးရိုးမကို ဖြတ်ကျော်ပြီးလျှင် အနောက်မြောက်ဘက် ၁၃၉ မိုင်အကွာတွင် ရှိသော ကျောက်ပန်းတောင်းမြို့သို့ မီးရထားလမ်းတစ်လမ်း၊ (ခ) အနောက်ဘက် မိုင် ၅၀ ကျော် ကွာဝေးသော တောင်ညိုရွာသို့ မော်တော်ကားလမ်းတစ်လမ်း၊ (ဂ) အရှေ့ဘက် ၇ မိုင်ခန့် ကွာဝေးသော ပေါင်းလောင်းမြစ်ကမ်းသို့ မော်တော်ကားလမ်း တစ်လမ်း ရှိသည်။ ထိုမော်တော်ကားလမ်းများသည် ကျွန်းနှင့် ပျဉ်းကတိုး သစ်လုပ်ငန်းများအတွက် အသုံးဝင် အရေးပါသော လမ်းများ ဖြစ်သည်။ ပျဉ်းမနားမြို့ မြူနီစီပယ်အဖွဲ့ကို ခရစ်နှစ် ၁၈၈၈ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ စက်ရှင်ရုံး၊ နယ်ပိုင်ရုံး၊ တရားမရုံး စသော အဆောက်အအုံများသည် မြို့၏ အနောက်ဘက်ကုန်းမြင့် တောင်ပူစာလေးများပေါ်တွင် တည်ရှိကြသည်။ မြို့၏ အရှေ့ဘက် လယ်ယာ ကိုင်းခင်းများနှင့် စစ်တောင်းမြစ်တို့ကို ဖြတ်ကျော်၍ မျှော်ကြည့်လိုက်လျှင် ညို့မှိုင်းနေသော ရှမ်းရိုးမ တေင်တန်း၏ တောင်စွယ်ဖြစ်သည့် ဆင်ဖြူတောင် နှင့် ​​လှေခွင်း​​တောင် တို့ကို ကြည်နူး လွမ်းဆွတ်ဖွယ်ရာ တွေ့မြင်နိုင်သည်။ ဆင်ဖြူတောင်၌ ညီမ မမယ်ဖြူ လေထွင်းတောင် (ရှေးအခေါ် လှေခွင်းတောင်) ၌ အစ်မမယ်ညို နတ်ညီအစ်မ နှစ်ဦးအတွက် တည်ထားသော ဘုရားများ၌ နှစ်စဉ် တန်ခူးလတွင် ဘုရားပွဲတော်များ ကျင်းပကြသည်။ ဆင်ဖြူတောင်ခြေတွင် ကိုးခန်းဇရပ်ကြီးတည်ရှိသည်။

ပျဉ်းမနားမြို့၏တောင်ဖျား၌ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး တည်ထားတော်မူခဲ့သော လောကမာရဇိန်ဘုရားကြီး(မြန်မာသက္ကရာဇ် ၁၂၃၄) ရှိသည်။ ယင်းဘုရားကြီးအနီးတွင် လက်ဝဲဝင်းတော်မှူး၊ မြင်စုကြီးဝန် နှင့် မြို့နယ်လူထုတို့က မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်၌ လောကရန်နှိမ်ဘုရားကြီးကို တည်ကြလေသည်။ ယင်းဘုရားကြီး၏ ခြေတော်ရင်းတွင် ၁၂၉၆ ခုနှစ်က ဆောက်လုပ်ခဲ့သော ကိုးခန်းဇရပ်ကြီးတစ်ဆောင်ရှိသည်။

ရှေးက ရှမ်းလူမျိုးများ နေထိုင်ခဲ့ဖူး၍ ယခု ရှမ်းကျောက်တောင် ဟုခေါ်သော တောင်ကို အမှီပြုပြီးလျှင် ချိုင့်ဝှမ်းနေရာတွင် ကန်တစ်ခု ရှိရာ ရှမ်းကန် ဟုခေါ်သည်။ မြို့၏ ကျက်သရေဆောင် တစ်ခု ဖြစ်သည်။ ပျဉ်းမနားမြို့၏ ထူးခြားချက်တစ်ခုမှာ မြို့၏ အရှေ့ဘက်ပိုင်း၌ ရေငန်သာရသည်။ သောက်ရန်ရေချိုကို မြို့၏ အနောက်ဘက်ပိုင်း ကျောက်တောင်အရပ်မှ ရသည်။ [၁]

ပျဉ်းမနားမြို့တွင် နိုင်ငံတော် အထက်တန်းကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်း နှစ်ကျောင်း၊ မူလတန်းကျောင်း ခုနစ်ကျောင်း ရှိသည်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက အမေရိကန်သာသနာပြုဆရာကြီး ဗီ၊ စီ၊ ကေ့ အုပ်ချုပ်သော စိုက်ပျိုးရေးကျောင်းကြီးကို ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော် အစိုးရက စိုက်ပျိုးရေးသိပ္ပံအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ပျဉ်းမနားမြို့၏အနောက်ဘက် နှစ်မိုင်အကွာရှိ သပြေလှ ရွာအနီးတွင် အစိုးရ ဗဟိုစိုက်ပျိုးရေးဥယျာဉ် ရှိလေသည်။ [၂]

ကိုးကားပြင်ဆင်

  1. လှေခွင်းတောင်သမိုင်း
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)၊ စာမျက်နှာ (၉၉)