ကွမ်တမ်သီအိုရီ (ခေါ်) စမွှားသီအိုရီကို နားလည်ရန် ၎င်းသီအိုရီတို့အရ ဒြပ်နှင့် စွမ်းအင်တို့၏ အရင်းခံ ဖွဲ့စည်းတည်ရှိပုံကို အထောက်အလျောက်သိဖို့ ဦးစွာ လိုလေသည်။ အရာအားလုံးတွင် စမွှား(ကွမ်တမ်) ဟုခေါ်သော အလွန်သေးငယ်သည့် အမှုန်(ပါတစ်ကယ်)များ စုဖွဲ့ထားခြင်း။ သာဓကအားဖြင့် အက်တမ်၏အလယ်တွင် နျူကလီးယပ်စ် (ခေါ်) အက်တမ့်ဗဟိုဆန် ရှိသည်၊ ၎င်း နျူးကလီးယပ်စ်သည် အက်တမ်၏ အလေးချိန်စီးရာ ဖြစ်သည်။ နျူးကလီးယပ်ထဲတွင် အက်တမ်အောက် ငယ်သော ပရိုတွန်နျူထရွန်ခေါ် ပါတစ်ကယ်တို့နှင့်အတူ စွမ်းအင် ပါရှိသည်။ နျူးကလီးယပ်ပတ်လည်တွင် အီလက်ထရွန်ခေါ် ပါတစ်ကယ်များ ရှိသေးသည်။ အီလက်ထရွန်တို့သည် ကိုယ့်သဘာဝနှင့်ကိုယ် အက်တမ့်ဗဟိုဆံကို လှည့်ပတ်နေကြသည်။ အက်တမ်ဖွဲ့စည်းပုံသည် နေပတ် ဂြိုဟ်စု ဖွဲ့စည်းပုံနှင့် အကြမ်းဖျင်းသာ ဆင်တူ၏။ အက်တမ့်ဗဟိုဆံသည်က ဗဟိုတခို၌ တည်ရှိခြင်းအားဖြင့်သာ နေနှင့် တူ၍ အီလက်ထရွန်တို့ကား ဂြိုဟ်များလှည့်ပတ်သကဲ့သို့ အတိအကျ လမ်းကြောင်းတို့နှင့် သွားလာနေသည် မဆိုသာ၊ စမွှား(ကွမ်တမ်) လောက၏ သဘာဝတို့အတိုင်းသာ မရေမရာ ဝဲခိုတည်ရှိသွားနေဟန် ရှိ၏။

အပြင်မှအားတစ်ခု⁠ခုက အက်တမ်ဖွဲ့စည်းပုံကို ပြောင်းလဲစေသောအခါ အီလက်ထရွန်များသည် မိမိတို့ သွားရာလမ်းမှ အခြားလမ်းသို့ ကူးပြောင်းသွားတတ်ကြသည်။ အီလက်ထရွန်တစ်ခုသည် မိမိသွားရာလမ်းမှ အတွင်းလမ်းသို့ ကူးသွားသောအခါ စွမ်းအင်တစ်ကွမ်တမ်ကို အက်တမ်က ထုတ်လိုက်သည်။ တစ်ဖန် အီလက်ထရွန်သည် မိမိသွားရာလမ်းမှ အပြင်လမ်းသို့ ကူးသွားသောအခါ စွမ်းအင် တကွမ်တမ်ကို အက်တမ်က ရရှိလိုက်သည်။ ထိုအချက်ကို ခရစ် ၁၉ဝဝ ပြည့်နှစ်တွင် မက်စပလန့် ဆိုသူ ဂျာမန်ပါမောက္ခတစ်ဦးက သိရှိလေသည်၊ ကွမ်တမ်သီအိုရီအရ အလင်းရောင်နှင့်တကွ ဖြာထွက်မှုစွမ်းအင်ဟူသရွေ့တွင် အလွန်သေးငယ်သော စွမ်းအင်ကွမ်တမ်များ ပါရှိကြသည်။ လျှပ်စစ်စွမ်းအင်တွင် အီလက်ထရွန်သည် ဧကမူ ဖြစ်သကဲ့သို့ ဖြာထွက်မှုစွမ်းအင်ဟူသရွေ့တွင် ကွမ်တမ်ဟူသည် ဧကမူ (အရင်းခံ အစအနမွှား) ဖြစ်သည်။

စွမ်းအင်ကွမ်တမ်သီအိုရီသည် လှိုင်းသဘောဖြင့် သွားသော စွမ်းအင်မျိုးနှင့်သာ သက်ဆိုင်သည်။ ထိုစွမ်းအင်မျိုးကို ဖြာထွက်မှု စွမ်းအင်ဟု ခေါ်သည်။ ထိုစွမ်းအင်တို့တွင် အပူ၊ အလင်း၊ ရေဒီယမ်၊ အာထရာဗွိုင်အို လက်ရောင်ခြည် (ခရမ်းလွန်ရောင်ခြည်)၊ အိပ်စရေးရောင်ခြည်၊ ရေဒီယိုလှိုင်းနှင့် ကော့စမစ်ရောင်ခြည် (စကြာစဠာရောင်ခြည်)တို့ ပါဝင်ကြလေသည်။ ပစ္စည်းတစ်ခုသည် စွမ်းအင်ကို ထုတ်လွှတ်သောအခါ၌၎င်း၊ ယူသွင်းသောအခါ၌၎င်း၊ ထိုပစ္စည်းရှိ အက်တမ်ဟူသရွေ့သည် တုန်ခါလာကြသည်။ ပစ္စည်းတစ်ခုမှ စွမ်းအင်ထုတ်လွှတ်လျှင် ပစ္စည်းရှိအက်တမ်တိုင်း ၌ စွမ်းအင်အချို့ လျော့ပါးသွားသည်။ တစ်ဖန်ပစ္စည်းတစ်ခုသည် စွမ်းအင်ကို ယူသွင်းလျှင် ထိုပစ္စည်းရှိ အက်တမ်တိုင်းသည် စွမ်းအင်အချို့ကို ရရှိသည်။ အက်တမ်များ တုန်ခါစဉ် အလင်းရောင်ထွက်နေသည်။

ကွမ်တမ်(စမွှား)သီအိုရီ ပေါ်လာခြင်းကြောင့် သိပ္ပံပညာသည် များစွာ တိုးတက်လာခဲ့သည်။ အက်တမ်စွမ်းအင်နှင့် စပ်လျဉ်း၍ သုတေသန ပြုလုပ်ရာ၌ အခက်အခဲများစွာကို ကွမ်တမ်(စမွှား)သီအိုရီ အားဖြင့် ဖြေရှင်းနိုင်ခဲ့ကြလေသည်။[]


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)