ချစ်ဖွယ် (ရုပ်ရှင်ဓာတ်ပုံဆရာ)

ဦးချစ်ဖွယ်သည် မြန်မာ့ရုပ်ရှင်လောကမှ ပထမဆုံး ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆုရ အတတ်ပညာရှင်တစ်ဦး ဖြစ်သည်။ ၁၉၀၅ ခုနှစ်တွင် မွေးဖွားသည်။ ဦးချစ်ဖွယ်သည် မြန်မာအဆွေကုမ္ပဏီ၏ပိုးထည်အရောင်းဌာနမှတစ်ဆင့် ရုပ်ရှင်ဓာတ်ပုံဝါသနာအရ ဓာတ်ပုံဆရာ ဦးမြတ်ကျော်ထံတွင် ရုပ်ရှင်ဓာတ်ပုံရိုက်ကူးခြင်းပညာကို သင်ကြားခဲ့သည်။ ဦးမြတ်ကျော်နှင့်အတူ မြဂနိုင် ဇာတ်ကားကို ဓာတ်ပုံပညာရှင်အဖြစ် တွဲဖက်ရိုက်ကူးခွင့်ရခဲ့သည်။ ဒါရိုက်တာဦးလွန်းဖေထံတွင် လိုအပ်သော ဓာတ်ပုံပညာများကို ဆက်လက်သင်ကြားဆည်းပူးကာ ဖူးစာရှင် သံစုံသွင်းဇာတ်ကားမှစတင်ပြီး ရုပ်ရှင်ဓာတ်ပုံဆရာအဖြစ် ရပ်တည်ခဲ့သည်။ မြန်မာအဆွေခေတ်မှ အေဝမ်းဖလင်ခေတ်အထိ စစ်ပြီးခေတ်တိုင်အောင် ရုပ်ရှင်ဓာတ်ပုံဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

ဦးချစ်ဖွယ်သည် အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာဦးအောင်မြတ်၏ ယမ်းငွေ့ဝေဝေ ဇာတ်ကားဖြင့် ၁၉၅၆ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆု ဆွတ်ခူးရရှိခဲ့သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသမိုင်းတွင် ပထမဆုံး ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆုရရှိခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် သိန်းဇော်နှင့် မေချစ်တို့ ပါဝင်သရုပ်ဆောင်ကြသည်။ သိန်းဇော်က ဆိုးပေသည့်အခန်းမှ ပါဝင်ရသည်။ နောက်ဆုံး တိုက်ပွဲခန်းတွင် ယမ်းငွေ့များအကြားမှ သိန်းဇော်၏လှုပ်ရှားမှုသည် ဓာတ်ပုံ၏အကောင်းဆုံး အရေးပါဆုံးသော အခန်းဖြစ်သည်။ အကယ်ဒမီ ဦးချစ်ဖွယ်(အေဝမ်း)သည် ၁၉၉၈ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

စင်ကြယ်၊ မောင်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု။ ရန်ကုန်၊ ရွှေလောင်း၊ ၁၉၇၈။