သရေစည်သူသတိုးမဟာသရေစည်သူနှင့် နိုင်ငံဂုဏ် ရည်ဘွဲ့ (ပထမဆင့်)ရ ဦးချန်ထွန်းအောင်ကို မြင်းခြံမြို့၊ ပုသိမ် ကြီးရပ်ကွက်၌ အဖ အရေးပိုင်ကြီး ဦးဧချိုနှင့် အမိဒေါ်ဧချိုတို့က ၁၉ဝဝ ပြည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် မွေးဖွားသည်။ ငယ်စဉ်က ရွှေကျင်မြို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် မြူနီစီပယ် အလယ်တန်း ကျောင်းတွင် ပညာသင်ကြားခဲ့ သည်။ ၁၉၁၂ ခုနှစ်မှစ၍ ရန်ကုန် စိန်ပေါ အင်္ဂလိပ် အထက် တန်းကျောင်းတွင် ၁ဝ တန်းအောင် သည်အထိ ပညာဆက်သင် ကြားခဲ့ပြီး ၁၉၂၁-၂၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် ၁၉၂၅ ခုနှစ်တွင် ဘီအယ်လ် စာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် အင်္ဂလန်နိုင်ငံ၌ ဆက်လက် ပညာ ဆည်းပူးခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ ဝတ်လုံတော်ရ ဘွဲ့ကို ရရှိခဲ့သည်။

နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင့်ရ သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင်

အင်္ဂလန်နိုင်ငံမှ ပြန်ရောက်ပြီး ဝတ်လုံတော်ရ အလုပ်ကို လုပ်ကိုင်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ဟံသာဝတီခရိုင် အစိုးရရှေ့ နေအဖြစ်အမှုထမ်းခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ၌ ဥပဒေကထိကအဖြစ် တာဝန်ထမ်းဆောင်သည်။ ဦးချန်ထွန်း အောင်သည် ဂျပန်ခေတ်တွင် မြို့တော်တရားမရုံး တရားသူကြီး ချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

လွတ်လပ်ရေး ရပြီးနောက် နိုင်ငံတော် လက်ထောက် ရှေ့နေချုပ် အဖြစ် တာဝန်ထမ်းဆောင်သည်။၁၉၅၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ သရေစည်သူဘွဲ့ကို ချီးမြှင့်ခံရသည်။၁၉၅၃ ခုနှစ်တွင် တရားလွှတ်တော် တရားသူကြီး၊ ၁၉၅၅ ခုနှစ် တွင် နိုင်ငံတော် တရားလွှတ်တော် တရားသူကြီးချုပ် စသည်ဖြင့် နိုင်ငံ တော် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ သတိုးမဟာသရေစည်သူ ဘွဲ့ကိုချီးမြှင့်ခံခဲ့ ရပြန်သည်။

ဦးချန်ထွန်းအောင်သည် အမှုထမ်းနေစဉ် အတွင်း ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (ဝိုင်အမ်ဘီအေ) တွင်အသင်းဝင်အဖြစ် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး၏ အမှုဆောင် အဖွဲ့ဝင်လူကြီးအဖြစ် လည်းကောင်းပါဝင်ဆောင်ရွက် ခဲ့သည်။

အိမ်စောင့်အစိုးရ လက်ထက်တွင် တရားရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ ပြီး ၁၉၅၉ ခုနှစ်တွင် ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာ ခံသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အဖြစ်တက်ရောက် ခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ်ချူအင်လိုင်း၏ ဖိတ်ကြားချက်အရ ၁၉၆ဝ ပြည့်နှစ်တွင် ပြည်ထောင်စု မြန်မာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ရာ ဦးချန်ထွန်းအောင် လိုက်ပါသွားခဲ့ရသည်။

ထို့ပြင် နယ်သာလန်၊ ပြင်သစ်၊ အနောက်ဂျာမနီ၊ ဩစတြေးလျ နှင့် အမေရိကန်ပြည်ထောင်စုများသို့ ထိုနိုင်ငံများတွင်လုပ်ဆောင် နေသော ဝန်ထမ်းရေးရာ လုပ်ငန်းများ လေ့လာရန်သွားရောက် ခဲ့သည်။

ဦးချန်ထွန်းအောင်သည် ရန်ကုန်တက္ကသိုလ် ဥပဒေဌာန အချိန်းပိုင်းကထိက၊ ရှေ့နေများ စာမေးပွဲကြီးကြပ်မှု ကော်မတီဝင် ရွှေတိဂုံဘုရားကြီး နာယကအဖွဲ့ဝင်၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ စသည့် ပညာရေး၊ လူမှုရေး၊ ဘာ သာရေး တာဝန်များကိုလည်း ကွယ်လွန်ချိန်အထိ ထမ်းဆောင် ခဲ့သည်။ ဦးချန်ထွန်းအောင်အား ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် ကောင်စီက ၁၉၈ဝ ပြည့် နှစ်တွင် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ချီးမြှင့်ခဲ့သည်။

နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ရ သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင်သည် ၁၉၈၇ ခုနှစ် ဇွန်လ ၁၁ ရက် နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်မမကြီးနှင့် သားတစ်ယောက် ကျန်ရစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)