ဂြိုဟ်

ကြယ်သို့မဟုတ်ကြယ်၏အကြွင်းအကျန်ကိုလှည့်ပတ်သောနက္ခတ္တဗေဒဝတ္ထု
(ဂြိုလ် မှ ပြန်ညွှန်းထားသည်)

နက္ခတ္တဗေဒသုံး ဝေါဟာရတခု ဖြစ်သည့် ဂြိုဟ် (အင်္ဂလိပ်: planet) ဆိုသည်မှာ - အကြမ်းဖျင်းအားဖြင့် - လောက(Universe)အာကာသ (နေရာရပ်ဝန်း)အတွင်း၌ မိမိထက် ဒြပ်ထု သိသာစွာပိုကြီးသည့် ကြယ်တခုခု၊ သို့မဟုတ်လျှင်လည်း ကြယ်ကြွင်းတခုခု၊ သို့မဟုတ်တုံ ကြယ်မဖြစ်တဖြစ် ဒြပ်ညိုလုံး (brown dwarf) တခုခုကို ဗဟိုပြု လှည့်ပတ်နေတတ်သည့် အထိုက်မလျောက် (ဒြပ်မပါဏ)ကြီးမားစ် လုံးဝန်းသော ခြေချဖွယ် ဒြပ်ထု (astronomical body; celestial body) များကို ညွှန်းဆိုလိုရင်း ဖြစ်၏။[] ဤ လူသားတို့ (အလုံးမျက်နှာပြင် မြေပြင်တို့ပေါ်တွင်) နေထိုင်ရာ ကမ္ဘာလုံးကြီးမှာလည်း ဂြိုဟ်များအနက် တစ်လုံး ဖြစ်၍ နေပတ် ဂြိုဟ်စု (Solar System) ဟု လူတို့အမည်ပေးထားသည့် ကြယ်ပတ်ဂြိုဟ်စုအတွင်း နေလုံးကို လှည့်ပတ်လျက် ပါဝင်ပေ၏။ ဤ နေပတ်ဂြိုဟ်စုအတွင်း ကမ္ဘာဂြိုဟ် အပါအဝင် ဂြိုဟ်ကြီး ၈ လုံး ရှိလေသည်၊ အကြီးဆုံးသော ကြာသပေးဂြိုဟ် (ဂျူပီတာ)ဒြပ်ထုမှာ ကမ္ဘာဂြိုဟ်ဒြပ်ပမာဏ၏ ၃၁၈ ဆခန့် ရှိပြီး၊ အသေးဆုံးသော မာကျူရီ မှာမူ ကမ္ဘာဂြိုဟ်ဒြပ်ပမာဏ၏ ၀.၀၅၅ ဆ (၁,၀၀၀ ပုံလျှင် ၅၅ပုံခန့်) ဖြစ်၏[]

မာကျူရီဂြိုဟ်သောကြာဂြိုဟ်
ကမ္ဘာဂြိုဟ်အင်္ဂါဂြိုဟ်
ကြာသပတေးဂြိုဟ်စနေဂြိုဟ်
ယူရေးနပ်စ်ဂြိုဟ်နက်ပကျွန်းဂြိုဟ်
နေအဖွဲ့အစည်း၏ ဂြိုဟ်ကြီး ၈ လုံး
  • အတွင်းဂြိုဟ်များ
မာကျူရီဂြိုဟ် သောကြာဂြိုဟ် ကမ္ဘာဂြိုဟ် နှင့် အင်္ဂါဂြိုဟ်
  • ကြီးမားစ်သောဂြိုဟ်များ
ကြာသပတေးဂြိုဟ် နှင့် စနေဂြိုဟ် (ဓာတ်ငွေ့ဂြိုဟ်များ)
ယူရေးနပ်စ်ဂြိုဟ် နှင့် နက်ပကျွန်းဂြိုဟ် (ရေခဲဂြိုဟ်များ)

နေမှ အစဉ်လိုက် ပကတိအရောင်ဖြင့် ပြသထားပုံ

ခြုံငုံဖော်ပြချက်

ပြင်ဆင်ရန်

ဂြိုဟ်မှထွက်သော အလင်းရောင်သည် နေမှရသော အလင်းရောင်သာ ဖြစ်သည်။ ဂြိုဟ်တို့သည် နေကို အမြန်နှုန်းအမျိုးမျိုးဖြင့် လှည့်ပတ်နေကြသည်။ နေကို လှည့်ပတ်နေကြသော ယင်းတို့၏ လမ်းကြောင်းများသည်တစ်လမ်းစီ ဖြစ်ကြသည်။ ထိုလမ်းကြောင်းများ၏ ပုံသဏ္ဌာန်မှာဘဲဥပုံသဏ္ဌာန် ဖြစ်သည်။ သိပ္ပံပညာအရ ယနေ့အထိ သိရသလောက်မှာ နေကို လှည့်ပတ်နေသော ဂြိုဟ်ကြီးပေါင်း၈လုံးသာရှိသည်။ နေနှင့်အနီးဆုံးမှ အစပြု၍ အစဉ်အတိုင်း ဖော်ပြရသော် မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်)၊ ဗီးနပ်စ် (သောကြာဂြိုဟ်)၊ ကမ္ဘာဂြိုဟ်၊ မားစ်၊ (အင်္ဂါ ဂြိုဟ်)၊ ဂျူပီတာ ( ကြာသပတေးဂြိုဟ်)၊ ဆက်တာန် (စနေဂြိုဟ်)၊ယူရေးနပ်၊ နက်ပကျွန်းတို့ ဖြစ်ကြ၏။(ပလူတိုဂြိုဟ်သည်ကွိုင်ပါခါးပတ်အတွင်းမှဂြိုဟ်သိမ်တစ်လုံးဖြစ်ပြီအဲရစ်(eris)အမည်ရှိဂြိုဟ်သိမ်နှင့်အချင်းချင်းလှည့်ပတ်‌ေနကြသည်)ဂြိုဟ်အားလုံးပင် အနောက်ဘက်မှ အရှေ့ဘက်သို့ လည်ကြသည်။ မာကျူရီနှင့် ဗီးနပ်စ်ဂြိုဟ်သည် နေနှင့်ကမ္ဘာကြားတွင် ရှိ၍ ကျန်ဂြိုဟ်များ များမှာမူ ကမ္ဘာလမ်းကြောင်း အပြင်ဘက်တွင် ရှိကြသည်။ နေကို လှည့်ပတ်ရာတွင် မာကျူရီနှင့် ဗီးနပ်စ်တို့သည် ကမ္ဘာထက် မြန်၍ ကျန်ဂြိုဟ်များသည် ကမ္ဘာထက် နှေးသည်။ မားစ်နှင့် ဂျူပီတာအကြားတွင် နေကို လှည့်ပတ်သွား နေကြသော ဂြိုဟ်ကလေးပေါင်း မြောက်မြားစွာ ရှိသေးသည်။ အဆိုပါ ဂြိုဟ်အားလုံးတို့သည် နေစကြဝဠာ မိသားစုထဲ တွင် ပါဝင်ကြသော်လည်း တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားခြား နားကြကုန်သည်။ ဂြိုဟ်အချို့သည် ကမ္ဘာထက်ငယ်ကြ၍ အချို့မှာမူ ကမ္ဘာထက် အဆပေါင်းများစွာ ကြီးမားစ်ကြသည်။ အချို့မှာ အလွန်ပူ၍ အချို့မှာ အလွန်အေးသည်။ ဂြိုဟ်အချို့ တွင် လေမရှိ။ ဂြိုဟ်အချို့တွင် ရေမရှိပေ။မာကျူရီသည် နေနှင့် အနီးဆုံးဂြိုဟ်ဟု ဆိုရသော်လည်း နေမှမိုင်ပေါင်း ၃၆ဝဝဝဝဝဝ ခန့် ဝေးကွာသည်။ အချင်းမှာ မိုင် ပေါင်း ၃ဝဝဝ ကျော် ဖြစ်သဖြင့် ကမ္ဘာထက်ငယ်သည်။ ဂြိုဟ်အားလုံး အနက် နေကို အမြန်ဆုံးလှည့်ပတ်သောဂြိုဟ် ဖြစ်၏။ မာကျူရီသည် ၈၈ ရက်နှင့် နေကို တစ်ပတ်ပြည့်အောင် လှည့်သဖြင့် ထိုဂြိုဟ်၌ တစ်နှစ်တွင် ရက်ပေါင်း ၈၈ ရက်သာရှိသည်။ နေနှင့်မည်သည့်အခါမျှ မဝေးကွာသောကြောင့် ထိုဂြိုဟ်သည် နေရောင်တွင် ပျောက်နေလေ့ရှိသည်။ တစ်ခါတစ်ရံ နေဝင်ပြီး နောက် တစ်နာရီလောက်ကြာအောင်အထိ အနောက်ယွန်းယွန်း ကောင်းယံ၌ဖြစ်စေ၊ တစ်ခါတစ်ရံ နံနက် နေမထွက်မီ အရုဏ် တက်အချိန်တွင် အရှေ့ယွန်းယွန်း ကောင်းကင်ယံ၌ဖြစ်စေ၊ ယင်းကို တွေ့မြင်ရတတ်ပေသည်။ ယင်းဂြိုဟ်၌ လေ၊ သို့မဟုတ် လေထု မရှိချေ။ ထိုဂြိုဟ်သည် ဝင်ရိုးပေါ်၌ တစ်ပတ်လည်ရန် မည်မျှကြာသည်ကို အငြင်းပွားလျက် ရှိကြသည်။ သို့ရာတွင် နေကို လှည့်ပတ်စဉ် မိမိဝင်ရိုးပေါ်၌ တစ်ပတ်လည်သည်ကိုမူ တွေ့ရ၏။ နေဖက်သို့ လှည့်နေသောအပိုင်း၏ မျက်နှာပြင် အပူချိန်သည် ၆၅ဝ ဒီဂရီ ဖာရင်ဟိုက်ခန့် ဖြစ်သည်။ အခြား ဖက်အပိုင်းမှာမူ အလွန်အေးသည်။ ဗီးနပ်စ်သည် အလွန်တစ်ရာ တောက်ပသောကြောင့် ယင်းကို ကောင်းကင်တွင် အခြားဂြိုဟ်များထက် လွယ်ကူစွာမြင်ရသည်။ နေနှင့် လတို့ကလွဲလျှင် ဗီးနပ်စ်သည် အထွန်းလင်းဆုံး ဖြစ်၏။ လကဲ့သို့ပင် ပုံသဏ္ဌာန် ပြောင်းသည်။ ပြည့်ဝန်းနေချိန်တွင် ဗီးနပ်စ်သည် ကမ္ဘာနှင့် အလွန်ဝေးသောကြောင့် အလွန်သေး ငယ်စွာ မြင်ရသည်။ လခြမ်းပုံဖြစ်နေချိန်တွင်မူ၊ ဗီးနပ်စ်သည် အထွန်းလင်းဆုံး ဖြစ်၏။ ဗီးနပ်စ်ဂြိုဟ်လုံး၏ အချင်းမှာ ၇၅၇၅ မိုင်ခန့် ရှိသောကြောင့် အရွယ်အားဖြင့် ကျွန်ုပ်တို့ ကမ္ဘာနီးပါး မျှ ရှိသည်။ ထိုဂြိုဟ်၏ ပတ်ဝန်းကျင်၌ အလွန်ထူထပ်သော လေထုရှိသည့်အတွက် မှန်ပြောင်းဖြင့် ကြည့်သောအခါ ဂြိုဟ်၏ မျက်နှာပြင်ကို မမြင်ရချေ။ ဗီးနပ်စ်ဂြိုဟ်ကို တိမ်တောင်တိမ်လိပ်များ အမြဲဖုံးအုပ်နေသောကြောင့် ထိုဂြိုဟ်၌ လေရှိမည်မျာ သေချာသည်။ နေမှရရှိသော အပူချိန်သည်လည်း သက်ရှိသတ္တဝါ တစ်မျိုးမျိုးတို့ နေနိုင်ရန် အတွက် လုံလောက်သည်ဟု ယူဆနိုင်စရာ အကြောင်းရှိသည်။ သို့သော် လူတို့နေနိုင်ရန်အတွက် အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ရေခိုးရေငွေ့တို့ လုံလောက်စွာရှိ မရှိကိုကား မည်သူမျှ သေချာ စွာ မပြောနိုင်ချေ။ မားစ်သည် အရွယ်အားဖြင့် ကမ္ဘာ၏ တစ်ဝက်မျှသာရှိသည်။ ထိုဂြိုဟ်သည် အချို့အချက်များတွင် ကမ္ဘာနှင့် ဆင်တူသည်။ မားစ်ဂြိုဟ်သည် ဝင်ရိုးပေါ်၌ တစ်ပတ်လည်ရာတွင် ကမ္ဘာက ဝင်ရိုးပေါ်၌ တစ်ပတ်လည်သလောက်ပင် ကြာမြင့်သည်။ ထိုအချိန်မှာ ၂၄ နာရီ ၃၇ မိနစ် ဖြစ်၏။ ကမ္ဘာ၏ ဝင်ရိုးစောင်းသလောက် မားစ်၏ ဝင်ရိုးလည်း စောင်းသည်။ ကမ္ဘာဂြိုဟ်၌ ဖြစ်ပေါ်သော ရာသီဥတုမျိုး မားစ်၌လည်း ဖြစ် ပေါ်သည်။ သို့ရာတွင် မားစ်၌ဖြစ်သော ရာသီဥတုတို့သည် ကမ္ဘာ၌ ဖြစ်သော ရာသီဥတုတို့ထက် အချိန်ကာလအားဖြင့် ၂ဆပို၍ ကြာသည်။ မားစ်ဂြိုဟ်၏ မျက်နှာပြင်သည် ကမ္ဘာ၏ မျက်နှာပြင် ထက် ပို၍ပြေပြစ်သည်။ ကမ္ဘာပေါ်၌ရှိသော ကုန်းမြင့်မားစ်၊ တောင်တန်းကြီးများ မားစ်ပေါ်၌ မရှိချေ။ မားစ်၏ ဝင်ရိုးစွန်း အရပ်များ၌ ဖြူနေခြင်းမှာ နှင်းများ ဖုံးအုပ်ထားသောကြောင့်ဟု ယူဆရသည်။ မားစ်ပေါ်တွင် ချောင်းများ၊ မြောင်းများ ရှိသည်။ သက်ရှိ သတ္တဝါများ ဧကန်ရှိသည်ဟူ၍မူ မည်သူမျှ မဆိုနိုင် သေးချေ။ မားစ်ပေါ်တွင် လေထုရှိသည်ဟု ဆိုရသော်လည်း ကမ္ဘာ၏ လေထုလောက် ထူထပ်သိပ်သည်းခြင်း မရှိချေ။ မားစ်၏ ဆွဲအားသည်လည်း ကမ္ဘာ၏ဆွဲအားလောက် မကြီးချေ။ ကမ္ဘာပေါ်တွင် ၆ ပေခုန်နိုင်သူသည် မားစ်ပေါ်၌ ၁၆ ပေမျှ ခုန်နိုင်ပေမည်။ ပျမ်းမျှအပူချိန်သည် ရေခဲသည့် အပူချိန်ထက် နည်းမည်ဟု ခန့်မှန်းရသော်လည်း ရှည်လျားသော နွေရာသီတွင် မူ ထိုထက်ပူလိမ့်မည်ဟု ယူဆရသည်။ ဂျူပီတာသည် ဂြိုဟ်များတွင် အကြီးဆုံးဖြစ်သော ကြာသပတေးဂြိုဟ်ကို ခေါ်သည့် အမည်ပင် ဖြစ်၏။ ထိုဂြိုဟ်ကြီး သည် ကျွန်ုပ်တို့ ကမ္ဘာမှ မိုင်ပေါင်း ၆ဝဝဝဝဝဝဝဝ ကွာဝေး၍ ပမာဏအားဖြင့် ကျွန်ုပ်တို့၏ ကမ္ဘာထက် အဆပေါင်း ၁၃ဝဝ ရှိ၏။ သို့ရာတွင် အလေးချိန်အားဖြင့် ၃၁၇ ဆသာ ရှိသည်။ ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ အချင်းမိုင်ပေါင်း ၈၂၉ဝဝ၊ အီကွေတာ (အလယ်ရစ်)၌ အချင်းမိုင်ပေါင်း ၈၈၇ဝဝ ရှိသည်ဟု ဆို လေသည်။ ဂျူပီတာသည် ဗီးနပ်စ်ခေါ် သောကြာဂြိုဟ်မှတစ်ပါး၊ အထွန်းလင်းဆုံးဂြိုဟ်ကြီးဖြစ်၍ တောက်ပသော အရံဂြိုဟ် ၁၁ လုံး ခြံရံလျက်ရှိသည်။ နေမှ အကွာအဝေးအလိုက် ဆိုရလျှင် ဂျူပီတာသည် ပဉ္စမမြောက် ဂြိုဟ်ကြီးဖြစ်၍ နေကို ၁၂ နှစ်ခန့် တွင်မှ တစ်ပတ်ပတ်မိအောင် လှည့်လည်ရသည်။ မိမိဝင်ရိုးစွန်းပေါ်တွင် တစ်ပတ်လည်ရန်မှာ ၉ နာရီ ၅၅ မိနစ် ကြာသည်။ ဂျူပီတာကို မှန်ပြောင်းဖြင့် ကြည့်သောအခါတွင် မည်း၍တောက်ပြောင်သော အစင်းကြောင်းများကို တွေ့ရသည်။ အမည်းစက်များလည်း တစ်ခါတစ်ရံ ပေါ်ပေါက်လာတတ်၏။ ထိုအမည်းစက်များသည် တဖြည်းဖြည်း မှိန်သွားကြပြီးလျှင် ကွယ်ပျောက်သွားတတ်ကြ၏။ ထိုအမည်းစက်များသည် ဂြိုဟ်အတွင်းမှထွက်လာသော ဓာတ်ခိုးဓာတ်ငွေ့များ ဖြစ်တန်ရာသည် ဟု နက္ခတ္တဗေဒပညာရှင်တို့က ယူဆကြလေသည်။ နေမှ ဂျူပီတာ အကွာအဝေးသည် နေမှ ကမ္ဘာ အကွာအဝေးထက် ၅ ဆမျှ ရှိသည်။ ထိုကြောင့် အပူချိန်သည် ဖာရင်ဟိုက် ဒီဂရီ သုညအောက်များစွာ ကျရောက်ပေမည်။ ဖာရင်ဟိုက် ဒီဂရီ -၂ဝဝ (သုညအောက် ဒီဂရီ ၂ဝဝ)လောက် အပူချိန်ရှိသည်ဟူ၍ ခန့်မှန်းချက်ရှိသည်။ များမကြာမီကပင် နက္ခတ္တဗေဒပညာရှင် တို့သည် ဂျူပီတာဂြိုဟ်ပေါ်၌ အမိုးနီးယားဓာတ်ငွေ့နှင့် မက်သိန်းဓာတ်ငွေ့တို့ ရှိကြောင်း သိရှိခဲ့ကြလေသည်။ ဆက်တန်ဂြိုဟ်သည် ဒုတိယအကြီးဆုံးဂြိုဟ် ဖြစ်သည်။ ထိုဂြိုဟ်တွင် ကွင်းများပါရှိသဖြင့် အလွန်ထူးဆန်းသည်။ ယခုအခါ ထိုကွင်းများကို ဒြဗ်ဖြင့် တစ်သားတည်း ပြီးနေသည်ဟု မယူဆတော့ဘဲ ထိုဂြိုဟ်ကို အလွန်များပြားသော ဥက္ကာများက ဝန်းရံလှည့်ပတ်နေသောကြောင့် အဖြူရောင်ကွင်းများသဏ္ဌာန် ဖြစ်ပေါ်နေသည်ဟု ဆိုလေသည်။ ဆက်တန်ဂြိုဟ်၌ ကွင်း ၃ ကွင်း ရှိသည်။ ထိုကွင်းတို့၏အဝန်းသည် အလွန်ကျယ်ဝန်းကြီးမားစ်၍ အတွင်းအကျဆုံးသော ကွင်း၏ အနားမှာ အပြင်ဘက် အကျဆုံး အနားသို့ မိုင်ပေါင်း ၃၅ဝဝ မျှ ကျယ်၏။ ထိုကွင်းတို့၏ အထူမှာ ၁ဝ မိုင်ခန့်ရှိမည်။ ဆက်တန်ဂြိုဟ် သည် ဝင်ရိုးပေါ်၌ တပတ်လည်ရန် ၁ဝ နာရီ ၁၄ မိနစ်ခန့် ကြာသည်။ ဆက်တန်ဂြိုဟ်၏ ကွင်းများသည် ၁၅ နှစ်ခန့်တွင် တစ်ကြိမ် ကမ္ဘာဖက်သို့ ထောင်လိုက်တည့်တည့်ကျသဖြင့် ကမ္ဘာမှ ထိုကွင်းများကို အလွန်အားကောင်းသော တယ်လီစကုပ်ဖြင့် ကြည့်သော်ငြားလည်း မမြင်ရသလောက်ရှိသည်။ ယူရေးနပ်၊ နက်ပကျွန်းနှင့် ပလူတိုဂြိုဟ်တို့၏ အကြောင်း ကိုမူ အနည်းအကျဉ်းမျှသာ သိရှိရသေးသည်။ ကမ္ဘာမှ အလွန် တရာ ဝေးကွာလှသောကြောင့် အလွန် အားကောင်းသော တယ်လီစကုပ်ဖြင့် ကြည့်လင့်ကစား ထွန်းလင်းနေသော ကောင်းကင်တန်ဆာကလေးများအဖြစ်မှလွဲ၍ အခြားမည်သည့် အကြောင်းအချက်များကိုမျှ မတွေ့မြင်ရပေ။ ဂျူပီတာ၊ ဆက်တန် တို့နှင့် နှိုင်းစာလျှင် ယူရေးနပ်နှင့် နက်ပကျွန်းတို့သည် သေး ငယ်သော်လည်း ကမ္ဘာနှင့်နှိုင်းစာလျှင်ကား အလွန်ပင် ကြီးမားစ် ပေသည်ဟု နက္ခတ္တဗေဒပညာရှင်တို့က ယူဆကြသည်။ မာကျူရီ၊ ဗီးနပ်စ်၊ ပလူတိုတို့မှလွဲ၍ အခြားဂြိုဟ်များ၌ အရံ ဂြိုဟ်များ ရှိသည်။ ပလူတို၌ အရံဂြိုဟ် မရှိတန်ရာဟု ယူဆထားသည်။ ကျွန်ုပ်တို့ ကမ္ဘာကို လှည့်ပတ်နေသောလသည် ကမ္ဘာ၏ အရံဂြိုဟ်ဖြစ်၏။ မားစ်၌ အလွန်ငယ်သော အရံဂြိုဟ် ၂ လုံးရှိသည်။ ဂျူပီတာ၌ အရံဂြိုဟ် ၁၁ လုံး၊ ဆက်တန်၌ ၉ လုံး၊ ယူရေးနပ်၌ ၅ လုံး၊ နက်ပကျွန်း၌ ၁ လုံး အသီးသီး ရှိကြသည်။ အာကာသလောကတွင် ပလူတိုကိုလွန်၍ အခြားဂြိုဟ်များကို ရှိကောင်းရှိပေဦးမည်။ ဂြိုဟ်သစ်များကို ရှာဖွေသော လုပ်ငန်းမှာ စတင်ခဲ့ပြီဖြစ်ရာ နောင်အခါ မည်သို့သော ဂြိုဟ်များကို ထပ်မံ တွေ့ဦးမည်ကို စောင့်ကြည့်ရန်သာ ရှိပေသည်။ မြန်မာအခေါ်၌ ဂြိုဟ်ဟူသည်မှာ အိမ်၊ သို့မဟုတ် ဗိမာန် ဟု အဓိပ္ပာယ်ရ၏။ နေကို တနင်္ဂ‌နွေဂြိုဟ်မင်း လကို တနင်္လာ ဂြိုဟ်မင်းဟူ၍ သတ်မှတ်သည်။ အထက်က ပြဆိုခဲ့သော အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေဂြိုဟ်တို့အပြင် ရာဟု ဂြိုဟ်နှင့် ကိတ်ဂြိုဟ်ဟုလည်း ရှိသေးသည်။ အောက်ပါဇယား၌ ဂြိုဟ်များကို သိပ္ပံပညာအရ၎င်း၊ သက္ကဋ ပါဠိ၊ ဟင်ဒီ၊ မြန်မာ အခေါ်များအရ၎င်း၊ အစဉ်အတိုင်း နှိုင်း ယှဉ်၍ ပြလိုက်သည်။ သိပ္ပံပညာ သက္ကဋ /ပါဠိ ဟင်ဒီ မြန်မာ မာကျူရီ ဗုဓ ဗုဒ္ဓ ဗုဒ္ဓဟူးဂြိုဟ် ဗီးနပ်စ် ဂုကြ ဂုကြ သောကြာ ကမ္ဘာ -- ပထွီ Ó ပထဝီ -- မားစ် မံဂလ / အင်္ဂါရ မံဂလ အင်္ဂါ ဂျူပီတာ ဗဟသ္မတိ / ဂုရု ဗဟသ္မတိ /ဂုရု ကြာသပတေး ဆက်တန် ဂနိ ဂနိ စနေ ယူရေးနပ် -- ဝါရုဏ -- နက်ပကျွန်း -- ဟရိဂြဟ(ဂြိုဟ်စိမ်း) -- ပလူတို -- ပီတဂြဟ -- -- ရာဟု -- ရာဟု -- ကေတု -- ကိတ် -- နေ -- တနင်္ဂနွေ -- လ -- တနင်္လာ

နေစကြဝဠာနှင့် ဂြိုဟ်များ

ပြင်ဆင်ရန်

ကျွန်ပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည် ဂြိုဟ်အမျိုးအစားဖြစ်ပြီး၊ တစ်နှစ်တစ်ကြိမ်ကျ နေကို လှည့်ပတ်လျက်ရှိသည်။ ကျွန်ပ်တို့ မြင်နေရသော နေသည် ကိုယ်ပိုင်အရောင်ရှိသော ကြယ်အမျိုးအစားပင် ဖြစ်သည်။ ကျွန်ပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးနှင့်အတူ နေကို လှည့်ပတ်လျက်ရှိသော ဂြိုဟ်များလည်း ရှိကြသည်။ နေစကြဝဠာအတွင်းရှိ ဂြိုဟ်ကြီး ရှစ်လုံးကို ယေဘုယျအားဖြင့် အတွင်းဂြိုဟ်များနှင့် အပြင်ဂြိုဟ်များဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အတွင်းဂြိုဟ်များသည် သိပ်သည်းမူများသော ဂြိုဟ်ငယ်များဖြစ်ပြီး အပြင်ဂြိုဟ်များသည် သိပ်သည်းမူနည်းသော ဂြိုဟ်ကြီးများပင်ဖြစ်သည်။

၎င်းတို့မှာ -

[အတွင်းဂြိုဟ်များ]

  1. မာကျူရီဂြိုဟ်(ဗုဒ္ဓဟူးဂြိုဟ်)
  2. ဗီးနပ်စ်ဂြိုဟ်(သောကြာဂြိုဟ်)
  3. ကမ္ဘာဂြိုဟ်
  4. မားစ်စ်ဂြိုဟ်(အင်္ဂါဂြိုဟ်)

[အပြင်ဂြိုဟ်များ]

  1. ဂျူပီတာဂြိုဟ်(ကြာသပတေးဂြိုဟ်)
  2. စေတန်ဂြိုဟ်(စနေဂြိုဟ်)
  3. ယူရေးနပ်စ်ဂြိုဟ်
  4. နက်ပကျွန်းဂြိုဟ်
  5. ပလူတိုဂြိုဟ်

တို့ ဖြစ်ကြသည်။

မှတ်ချက်။ ပလူတိုဂြိုဟ်မှာမူ လွန်ခဲ့သော မကြာသေးသောအချိန်၌ နက္ခဗေဒပညာရှင်များက ဂြိုဟ်များ စာရင်းမှ ထုတ်ပယ်ထားကြောင်း သိရှိရသည်။ ပလူတိုဂြိုဟ်အနားသို့ နောက်ဆုံး ချဉ်းကပ်ပျံသန်းသော အာကာသယာဉ်မှာ နာဆာNew Horizons ဖြစ်သည်။

အကိုးအကား

ပြင်ဆင်ရန်
  1. Lecavelier des Etangs, A.; Lissauer, Jack J. (1 June 2022). "The IAU working definition of an exoplanet"
  2. "Planetary Physical Parameters". Solar System Dynamics. Jet Propulsion Laboratory.