စုန္ဒ (ရွှေပန်းထိမ်သည်၏သား)

စုန္ဒ သည် မြတ်စွာဘုရားအား ပရိနိဗ္ဗာန်မပြုမီ 'သူကရမဒ္ဒဝ'[၁] ဆွမ်းကို လှူဒါန်းခဲ့သည့် ဥပါသကာတစ်ဦး ဖြစ်သည်။[၁]

စုန္ဒ
ဆွမ်းဟင်းပြင်ဆင်နေသည့် စုန္ဒ၊ Wat Kasatrathiraj, အယုဒ္ဓယ
ဘာသာဗုဒ္ဓဘာသာ
ရာထူး တာဝန်
ဌာနပါဝါ, မဂဒတိုင်းပြည်
ဘာသာရေးရာ
ဆရာ(များ)ဂေါတမဗုဒ္ဓ
ပညာရပ်နယ်ပယ်ရွှေပန်းထိမ်သည်, ဥပါသကာ

သမိုင်းကြောင်း ပြင်ဆင်ရန်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်း၌ များစွာသော ရဟန်းသံဃာနှင့်အတူ ဒေသစာရီ ကြွချီလှည့်လည်တော်မူ၍ ပါဝါမြို့သို့ ဆိုက်ရောက်၏။ ထို့နောက်တွင် ရွှေပန်းထိန်သည်၏သား စုန္ဒ၏ သရက်ဥယျာဉ်တွင် သီတင်းသုံးတော်မူ၏။

ထို့နောက်တွင် စုန္ဒသည် မြတ်စွဘုရားအား ရှိခိုးလေ၏။ ထိုအခါ မြတ်စွာဘုရားသည် စုန္ဒအား တရားစကား ဟောကြားလေ၏။ ထို့နောက် စုန္ဒသည် မြတ်စွာဘုရားအား ရဟန်းသံဃာနှင့်အတူ မနက်ဖြန်ဆွမ်းကို လက်ခံရန် လျှောက်ထားရာ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေကာ လက်ခံခဲ့သည်။

ထိုညဉ့်လွန်မြောက်၍ နံနက်အချိန်ရောက်သည့်အခါတွင် စုန္ဒသည် မြတ်စွာဘုရားအတွက် စီရင်ထားသည့် နူးညံသောဝက်သားဖြင့် လုပ်ကျွေး၏။ ရဟန်းသံဃာအားလည်း ခဲဖွယ်ဘောဇဉ်တို့ဖြင့် လုပ်ကျွေး၏။ ထို့နောက် မြတ်စွာဘုရားသည် စုန္ဒအား ကြွင်းကျန်သော ဝက်သားကို မြေတွင်မြှုပ်ပစ်ရန် မိန့်ကြား၏။ ထို့နောက်တွင် စုန္ဒအား တရားစကား ဟောကြားတော်မူ၏။ ထိုဝက်သားဆွမ်းကို ဘုဉ်းပေးပြီးနောက်တွင် မြတ်စွာဘုရားသည် ကြမ်းတမ်းသော အနာရောဂါကပ်ရောက်လျက် သေလောက်အောင် ပြင်းထန်သော ဝမ်းသွေးသွန်ရောဂါဝေဒနာကို ခံစားရ၏။ ထို့နောက်တွင် မြတ်စွာဘုရားသည် ရောဂါကို သည်းခံ၍ ကုသိနာရုံပြည်သို့ ကြွတော်မူ၏။[၁]

စုန္ဒ၏ ဆွမ်းအကျိုး ပြင်ဆင်ရန်

ကူသိနာရုံပြည်သို့အသွား လမ်းခုလပ် သရက်တော၌ အသျှင်အာနန္ဒာအား "ပန်းထိန်သည်၏သား စုန္ဒသည် သူ၏ဆွမ်းကို ဘုဉ်းပေးပြီးနောက်တွင် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုသည်ဟု စိတ်နှလုံးမသာမယာ ဖြစ်ပေလိမ့်မည်"။ နှလုံးမသာမယာဖြစ်ခြင်းကို ဖြေဖျောက်ရမည်ဟု အသျှင်အနန္ဒအား မိန့်တော်မူ၏။

"အကြင်ဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ် ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏။ (ဤဆွမ်းလည်း တစ်မျိုး၊) အကြင်ဆွမ်းကို ဘုဉ်းပေး တော်မူ၍ မြတ်စွာဘုရားသည် ခန္ဓာအကြွင်း မရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူ၏။ (ဤဆွမ်းလည်း တစ်မျိုး၊) အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်သောအချင်းချင်းတူမျှ၍အကျိုးဝိပါက်တူမျှကုန်၏" ဟု မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအား မိန့်ကြားတော်မူ၏။[၁]

ထို့နောက်တွင် မြတ်စွာဘုရားသည် ဤသို့ဥဒါန်းကျူရင့်တော်မူ၏ - [၁]

ပေးလှူသောသူအား ကုသိုလ်ကောင်းမှုသည် တိုးပွား၏။ စောင့်စည်းသောသူအား ရန်မပွားနိုင်၊ ဉာဏ်ရှိသူသည် မကောင်းမှုကို ပယ်စွန့်၏။ ထိုသို့ (ပယ်စွန့်) သူသည် ရာဂ ဒေါသ မောဟတို့ကုန်၍ (ကိလေသာမီး) ငြိမ်းအေးလေတော့ သတည်း

- စုန္ဒသုတ်၊ ဥဒါန်းပါဠိတော်[၁]

မှတ်စု ပြင်ဆင်ရန်

၁.^ "သူကရမဒ္ဒဝ" သည် ဝက်သားခြောက်၊ ထမင်းနှင့် ဝက်ပျိုသား၊ နူးညံ့သော ဝက်သား၊ အရသာရှိသော ဝက်သား၊ မျှစ်၊ မှို[၂][၃] စသည်ဖြင့် အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ မြန်မာပိဋကတ်ဘာသာပြန် သုတ္တန်တစ်ခုဖြစ်သည့် ဥဒါန်းပါဠိတော်၊ စုန္ဒသုတ်တွင် "နူးညံ့သော ဝက်သား" ဟု ဆိုသည်။[၁]သူကရမဒ္ဒဝ ဆောင်းပါးတွင် အကျယ်ကြည့်ပါ။

ကိုကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ https://suttacentral.net/ud8.5/my/pmt ဥဒါန်းပါဠိတော်၊ စုန္ဒသုတ်
  2. ဘဒ္ဒန္တ ဝိစာရာဘိဝံသ (သာသနာ - ၂၅၃၀၊ ကောဇာ - ၁၃၄၀၊ ခရစ် - ၁၉၈၆ မေလ)။ မန္တလေးမြို့ မဟာဓမ္မိကာရာမတိုက်၊ သာသနဓဇသိရိပဝရဓမ္မာစရိယ၊ နိုင်ငံတော် သံဃမဟာနာယက ဘဒ္ဒန္တ ဝိစာရာဘိဝံသ၏ မြန်မာ့ပါရဂူ ခေါ် မဟာဝဂ္ဂါဒိနီတိကျမ်း |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  3. Prof. Lalit Mohan Kar, Kavyatirtha, M.A., B.L (1956)။ THE MAHAPARINIBBANA AND THE BUDDHA'S LAST MEAL မဟာပရိနိဗ္ဗာန်နှင့် ဗုဒ္ဓမြတ်စွာဘုရားနောက်ဆုံးဘုဉ်းပေးသော ဆွမ်းဟင်း။ No. 102, 49 Street, Rangoon: BURMA HUMANITARIAN LEAGUE။CS1 maint: multiple names: authors list (link) CS1 maint: location (link)