စောထွန်းအောင်မြင့်(၁၉၄၃ဖွား) သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း တပ်မတော်က ခန့်အပ်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[၁] ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်မှ အနားယူကာ နစက ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်းခံရသည်။[၂]

စောထွန်းအောင်မြင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဝန်ကြီး
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူနိုင်သက်လွင်
ဆက်ခံသူJeng Phang နော်တောင်
ကိုယ်ရေး အချက်အလက်များ
နိုင်ငံရေးပါတီကရင်ပြည်သူ့ပါတီ

သူသည် စစ်တက္ကသိုလ်အပါတ်စဉ်(၆) ကျောင်းဆင်း စစ်တပ်အရာရှိဟောင်း( တပ်မတော်(ရေ))တစ်ဦးဖြစ်ကာ ၁၉၈၈ အရေးအခင်းအပြီးတွင် အရပ်ဘက်ပြည်သူ့ဝန်ထမ်းအဖြစ်ပြောင်းလဲခဲ့ပြီး ၁၉၉၃ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ၂၀၁၀ခုနှစ် ဧပြီလ ၁၉ ရက်တွင် စတင်တည်ထောင်ခဲ့သည့် ကရင်ပြည်သူ့ပါတီတွင် ဦးဆောင်သူအဖြစ်ပါဝင်ခဲ့ကာ ပါတီ ဥက္ကဋ္ဌ အဖြစ်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။[၃] သူသည် ပြည်တွင်း ကရင်ပါတီအသိုင်းအဝိုင်းတွင် ထင်ရှားသူတစ်ဦးဖြစ်သည်။ သူ၏ ဖခင်ဖြစ်သူသည် ၁၈၈၁ ခုနှစ်တွင် စတင်တည်‌ထောင်သည့် ‌ ဒေါကလု -ကရင်အမျိုးသားအသင်းကြီး၏ ‌ နောက်ဆုံး ဥက္ကဋ္ဌ ဝတ်လုံတော်ရ စောဘမောင်     (Barrister At Law) ဖြစ်သည်။.

ငယ်ဘဝနှင့်တာဝန်ထမ်းဆောင်ခဲ့ခြင်းများ ပြင်ဆင်ရန်

၁၀တန်းစာမေးပွဲ အောင်မြင်ပြီး တက္ကသိုလ်ပထမနှစ်တက်နေစဉ် စစ်တက္ကသိုလ်က ဝင်ခွင့်ခေါ်ယူနေသည့်အတွက် သွားရောက်လျှောက်ထားရာ အောင်မြင်သဖြင့် စစ်တက္ကသိုလ်အပါတ်စဉ်(၆) ကို ၁၉၆၀ခုနှစ် တွင် စတက်ခဲ့သည်။၁၉၆၄ခုနှစ်တွင် ကျောင်းဆင်းခဲ့ပြီး ကျောင်းဆင်းချိန် သူ၏အသက်သည် ၂၁နှစ်အရွယ်သာ ရှိသေးသည်။ စစ်တက္ကသိုလ်ကျောင်းဆင်းပြီးနောက် တပ်မတော်ရေတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်စဉ်အတွင်း ဒိန်းမတ်နိုင်ငံသို့ စစ်သ‌င်္ဘောတည် ‌ဆောက်ရန် ၄ ဦး‌ရွေးချယ်‌စေလွှတ်ရာတွင် အ‌ရွေးခံရခြင်း၊ စစ်သ‌င်္ဘောတည် ‌ဆောက် ပြီး‌နောက် ၁၉၈၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ သမုဒ္ဒရာနှင့် ပင်လယ်များကို ၅၆ရက်ကြာ ဖြတ်သန်းပြီး ပြန်‌မောင်းခဲ့ရာတွင်ပါဝင်ခဲ့ရခြင်း၊ ၁၉၈၆ခုနှစ်တွင် အ‌မေရိကန်နိုင်ငံသို့ စစ်သင်တန်းသွားတက်ရန် အ‌ရွေးခံရခြင်းစသည့် ဖြစ်ရပ်များရှိခဲ့သည်ဟု ၎င်းကိုယ်တိုင်ပြောကြားထားသည်။[၄] တပ်မတော်(ရေ)တွင်  ဒုဗိုလ်မှူးကြီးရာထူးဖြင့်  ပူးတွဲဗျူဟာစစ်ရေယာဉ်စုမှူး အဖြစ် ‌ရေတပ်တွင် နောက်ဆုံးတာဝန်ထမ်း‌ဆောင်ခဲ့သည်။ရှစ်‌လေးလုံး(၈၈၈၈)အ‌ရေး‌တော်ပုံအတွင်း တပ်မ‌တော်အာဏာသိမ်းလိုက်ပြီး အရပ်ဘက်သို့ ‌ပြောင်း‌ရွှေ့တာဝန်ထမ်း‌ဆောင်ခဲ့ပြီး ပို့‌ဆောင်‌ရေးဝန်ကြီးဌာန လက်‌အောက်ခံ သ‌င်္ဘောသားအလုပ်အကိုင်ကြီးကြပ်‌ရေးဌာန (SECD)တွင် ညွှန်ကြား‌ရေးမှူး၊ ၁၉၉ဝ ပြည့်နှစ်တွင် ‌ရေ‌ကြောင်းပို့‌ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာန ၌ ညွှန်ကြား‌ရေးမှူးချုပ်၊ ပြည်တွင်းရေ‌ကြောင်းပို့‌ဆောင်‌ရေး ဌာနတွင် ဦး‌ဆောင်ညွှန်ကြား‌ရေးမှူးရာထူးများထမ်းဆောင်ခဲ့ပြီး ၂၀၀၃ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

နိုင်ငံရေးလောကထဲ ဝင်ရောက်လာခြင်း ပြင်ဆင်ရန်

စောထွန်းအောင်မြင့်သည်  ၂၀၁၀ခုနှစ်တွင် ကရင်ပြည်သူ့ပါတီကို တည်ထောင်သူထဲပါကာ  ပါတီဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခြင်းဖြင့် နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ပြိုင်ရာ အနိုင်ရခဲ့၍ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ၂၀၁၆ခုနှစ် မတ်လ၃၁ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်  ကရင်တမျိုးသားလုံးပါဝင်သည့် ညီလာခံတစ်ရပ် ကျင်းပနိုင်ရေး ကြိုးပမ်းသူထဲ ပါဝင်ခဲ့သလို၊[၅] ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တောင်းဆိုထားသည့် ၆ပွင့်ဆိုင်တွေ့ဆုံမှုထက် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးစေလိုကြောင်း အရေးကြီးအဆိုအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၌၂၀၁၄ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် တင်သွင်းခဲ့သူလည်းဖြစ်သည်။[၆] ၎င်း၏ အဆိုကို ထူးထူးခြားခြား  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တွင် လျှိုဝှက်မဲပေးစနစ်ဖြင့် မဲပုံးထောင်ကာ မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမဲ ၉၉ မဲ၊ကန့်ကွက်မဲ ၉ မဲဖြင့်  အတည်ပြုပေးခဲ့သည်ကိုတွေ့ရသည်။[၇] [၈] ယင်းနောက် အထွေထွေရွေးကောက်ပွဲ ၂၀၁၅၊အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တို့တွင် ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်အဖြစ် ၎င်းထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခြင်းမခံရတော့ပေ။သို့သော် ကရင်ပြည်သူ့ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရပါတီများထဲ ပါဝင်နေသေးသဖြင့် ၎င်းသည် ပါတီကိုယ်စားပြုပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) တွင်လုံခြုံရေးကိစ္စရပ်များဆွေးနွေးမှုလုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။[၉]

၂၀၂၁ ဖေဖော်ဝါရီ၁ရက်နောက်ပိုင်းပြည်ထောင်စုဝန်ကြီးဖြစ်လာခြင်း ပြင်ဆင်ရန်

တပ်မတော်ဦးဆောင်သည့် စစ်အာဏာသိမ်းမှု အပြီး   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ယင်းနောက် တပ်မတော်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စစ်တပ်နှင့် ဆက်နွယ်နေသော လူပုဂ္ဂိုလ် ၁၆ ဦးအား အမေရိကန်ပြည်ထောင်စုက   ပိတ်ဆို့အရေးယူမှုကြောင်း ၂၀၂၁ မေလ ၁၇ ရက် ဖြည့်စွက်စာရင်းထဲ  စောထွန်းအောင်မြင့် ပါ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။ [၁၀] [၁၁]

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

စောထွန်းအောင်မြင့်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်မကြီးတစ်ဦးဖြစ်ကာ သား၊သမီးများထွန်းကားခဲ့သည်။  

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 13 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2022 တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၇ / ၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းCINCDS (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 12 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 May 2022 တွင် ပြန်စစ်ပြီး။
  4. KPP ဥက္ကဋ္ဌ၏ ဖြတ်သန်းမှု ပုံရိပ်လွှာKaren Information Center
  5. ကရင်တမျိုးသားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပရေး ရန်ကုန်မှာဆွေးနွေးRFA
  6. ဖွဲ့စည်းပုံ ပြင်ရေး ၁၂ ပွင့်ဆိုင် ဆွေးနွေးရန် ရန်ကုန်တိုင်း လွှတ်တော် အတည်ပြုဧရာဝတီ
  7. RFA နှင့် ဦးစောထွန်းအောင်မြင့် တို့တွေ့ဆုံမေးမြန်းမှုRFA
  8. ၆ပွင့်ဆိုင်မှာ ပြည်နယ်၇ခု ကိုယ်စားပြုတဦးစီ ထည့်ဖို့ အဆိုတင်BBC Burmese
  9. UPDJC လုပ်ငန်းကော်မတီများISP MyanmarPeaceDesk
  10. စစ်ကောင်စီအဖွဲ့နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးကို အမေရိကန် ပိတ်ဆို့အရေးယူRFA
  11. မြန်မာအပေါ် အမေရိကန်အရေးယူဒဏ်ခတ်စာရင်းတိုးVOA Burmese